Keto Diet လို့ ခေါ်တဲ့ အဆီချနည်း ကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေ ကနေ ကယ်လိုရီ ပိုရယူတာ ဖြစ်ပါတယ်။
ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြား အစားလျှော့နည်းတွေ ထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ် လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေ ထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ငွေကုန်ခံပြီးသာ လုပ်ရတယ်။ ကိုယ့်အတွက် သိပ်မထိရောက်ဘူး၊ ဝိတ်လည်း ကျမလာဘူး လို့ ခံစားရရင် ကိုယ့် အခြေအနေ ကိုယ် ဒီအချက်တွေ နဲ့ တိုက်ကြည့် လိုက်ပါဦး…
(၁) ketosis အဆင့် ရောက်ဖို့ အရေးကြီးတယ်။
Ketosis ဖြစ်နေတဲ့ အတွင်းမှာ ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှု မှာ ပိုလုပ်ဆောင်နိုင်လာပြီး ဂလူးကို့စ် အစား အဆီတွေ ကိုပဲ ခွန်အား အဖြစ် ပြောင်းလဲအသုံးပြုလာပါတယ်။
ကီတို စားသောက်နည်း မှာ အရေးပါတဲ့ ketosis အဆင့်ကို မရောက်သေးတာက ကာဗိုဟိုက်ဒရိတ် စားသုံးတာ များနေလို့ ဖြစ်နိုင်ပါတယ်။ ကီတိုနည်းနဲ့ စားသုံးနေသူ တစ်ယောက်ရဲ့ ကယ်လိုရီ စားသုံးမှုမှာ ကာဗိုဟိုက်ဒရိတ် က ၅-၁၀ ရာခိုင်နှုန်းပဲ ပါဝင်သင့်ပါတယ်။
(၂) ပရိုတင်းဓာတ် စားသုံးမှု မများပါစေနဲ့။
ကာဗိုဟိုက်ဒရိတ် နည်းတဲ့ စားသောက်ပုံမှာ အသားဓာတ် ပမာဏ အတန်အသင့်ပါဝင်လို့ရပါတယ်။ ဒါပေမယ့် လူတွေထင်တာက ကာဗိုဟိုက်ဒရိတ် လျှော့ပြီး အသားဓာတ် ပိုစားရတဲ့နည်းလို့ မှားသိထားကြပါတယ်။
ဒီလို စားမယ်ဆို ခန္ဓာကိုယ်က ပိုလျှံနေတဲ့ အသားဓာတ်တွေကို အမိုင်နိုအက်စစ် အဖြစ် ဖြိုခွဲပြီး သကြားဓာတ်အဖြစ် ပြန်ပြောင်းလိုက်မှာ ဖြစ်လို့ ketosis ဖြစ်လာစေမှာ မဟုတ်ပါဘူးနော်။
(၃) အများကြီး မစားပါနဲ့။
ကီတိုနည်း နဲ့ဆို အဆီများတာ တွေ စားလို့ရတယ်ဆိုပြီး ဝက်ဆီဖတ် ၊ ထောပတ်၊ ချိစ် စတဲ့ အဆီများတာတွေ ကို စားသင့်တဲ့ အတိုင်းအတာထက် ပိုစားမိတဲ့ အခါ ရလဒ်မကောင်းတာ ဖြစ်တတ်ပါတယ်။
(၄) မစားခင် ကယ်လိုရီ တွက်ပါ။
ကိုယ့်ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ကယ်လိုရီ ပိုစားမိနေတဲ့ လူတစ်ယောက်က ဝိတ်ကျဖို့ မလွယ်ပါဘူး။ ဒီလို စားမယ်ဆို ketosis ဖြစ်နေရင်တောင် ဝိတ်တက် လာနိုင်ပါတယ်။ အဆီများတဲ့ အစားအသောက်တွေက ကာဗိုအစားအစာတွေ ထက် ကယ်လိုရီ ပါဝင်မှု ပိုများ နေနိုင်တဲ့အတွက် စားတဲ့အခါ ကယ်လိုရီ တွက်ပြီး စားတာ ကောင်းပါတယ်။
(၅) အယ်ကိုဟော မသောက်ပါနဲ့။
ဝိုင် နဲ့ ဘီယာ အပါအဝင် အယ်လ်ကိုဟော သောက်သုံးမှု အများစု မှာ ကာဗိုပါဝင်မှု များပါတယ်။ ကီတိုနည်းမှာ အယ်လ်ကိုဟော တွေကို ခွင့်ပြုမထားပါဘူး။
(၆) လှုပ်ရှားမှု ရှိပါစေ။
ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေက လူ့ကျန်းမာရေး အတွက် အရေးပါပါတယ်။ Diet Plan ဝင်နေတယ် ဆိုပြီး လေ့ကျင့်ခန်းမလုပ်၊ မလှုပ်ရှားဘဲ အဆီကျဖို့ အေးဆေး ထိုင်စောင့်နေလို့ မရပါဘူး။ အဆီများတာတွေ စားနေတဲ့သူမှာ ကယ်လိုရီကို လောင်ကျွမ်းအောင် နဲ့ ကိုယ်လိုချင်တဲ့ အလေးချိန်ကို ရောက်နိုင်ဖို့ လှုပ်ရှားမှုလေး လုပ်ဖို့ လိုပါတယ်။
(၇) စိတ်ဖိစီးမှု ဖြေလျှော့ပါ။
စိတ်ဖိစီးချိန်မှာ ဟော်မုန်းပမာဏတွေ ပြောင်းလဲစေပြီး ဝိတ်တက်တာ ဒါမှမဟုတ် အဆီချနည်း မထိရောက်တာ တွေ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးတာ များတဲ့ နေထိုင်မှုပုံစံ ကြောင့် ကီတိုနည်းပဲ လုပ်လုပ် ဘာနည်းပဲ လုပ်လုပ် ဝိတ်ကျဖို့ နှောင့်နှေးစေပါတယ်။
သတိထားဖို့
အဆီများတာတွေ လှိမ့်စားတိုင်း ကီတို မဟုတ်ပါဘူးနော်။ အချိုးအဆ မှန်မှန်နဲ့ စားသင့်ပါတယ်။ Keto Diet ကလည်း တင်းကျပ်တဲ့ စားသောက်ပုံ နည်းလမ်း တစ်ခု ပါပဲ။ စားသောက်နည်း ကိုတော့ ကိုယ့် ရဲ့ အာဟာရပညာရှင် နဲ့ သေချာ ဆွေးနွေးပြီး ညွှန်ကြားချက် အတိုင်း လိုက်နာဖို့ အရေးကြီး ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။