backup og meta

သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ

    သင့်ကိုယ်ခန္ဓာမှာ အဆီပိုများ စုဝေးပြီး လှုပ်ရှားသွားလာရတာ လေးလံနေသလို ခံစားရပါသလား။ ဒီအဆီပိုတွေကို ဖယ်ရှားဖို့ အားထုတ်ပါ။ အဆီပိုများရှိနေခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလှတရားကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

    ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ ကိုယ်ခန္ဓာကနေ အဆီပိုတွေကို ဖယ်ရှားရာမှာ ဘယ်အချက်တွေကို လိုက်နာသင့်သလဲဆိုတာပါပဲ။ အောက်ပါအချက်အလက်တွေကို လေ့လာပြီး လိုက်နာဆောင်ရွက်ကြည့်ပါ။

    ပရိုတင်းကြွယ်ဝတဲ့ စားစရာတွေစားပါ။

    ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဟာ အာဟာရဖြစ်စေတဲ့အပြင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းဟာ ခါးမှာ အဆီဓာတ်တွေစုဝေးနိုင်ခြေကို လျော့နည်းစေပါတယ်။ ကယ်လ်လိုရီများကို လျော့ကျစေပြီး ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။ အသား၊ ပင်လယ်စာ၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ စတာတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

    ပုံမှန်ထက်အနည်းငယ်ပိုအိပ်ပါ။

    အိပ်ရာကို နည်းနည်းစောစောဝင်ပြီး ပုံမှန်ထက် အနည်းငယ်နောက်ကျပြီးမှ အိပ်ရာထခြင်းဟာ အဆီများလောင်ကျွမ်းပြီး ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ သုတေသနပြုချက်များအရ အိပ်ရေးဝခြင်းနဲ့ ကိုယ်အလေးချိန်လျော့နည်းခြင်းကြား ဆက်စပ်မှုရှိပါတယ်။ တဘက်မှာလည်း အိပ်ရေးမဝရင် ကိုယ်အလေးချိန်တိုးလာတတ်တာကို တွေ့ရပါတယ်။ အနည်းဆုံး ၇နာရီခန့် အိပ်စက်ဖို့ လိုပါတယ်။ နှစ်ခြိုက်စွာအိပ်စက်နိုင်အောင် ကော်ဖီလျှော့သောက်ပြီး မိုဘိုင်းလ်ဖုန်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ အသုံးပြုချိန်လျှော့ပါ။

    ရှာလကာရည် သုံးစွဲပါ။

    ရှာလကာရည်ဟာ ကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။ နှလုံးကျန်းမာရေး နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ရှာလကာရည်ကို နေ့စဉ်သုံးစွဲရင် အဆီများကိုလည်း လောင်ကျွမ်းစေပါတယ်။ နေ့စဉ် အစားအသောက်တွေမှာ ရှာလကာရည်ကို ထမင်းစားဇွန်း ၁-၂ဇွန်းခန့် ထည့်သွင်းစားသုံးခြင်းဟာ ကိုယ်အလေးချိန်၊ ခါးအဆီများကို လျော့နည်းစေပြီး ခါးဆိုဒ်ကိုလည်း ကျဆင်းစေပါတယ်။ ၁၂ပတ်လောက်တော့ ဆက်တိုက်သုံးစွဲပေးရပါတယ်။ ဗိုက်ပြည့်သလို ခံစားရစေပြီး ထမင်းများများစားခြင်းကို ကာကွယ်ပေးပါတယ်။ ရှာလကာရည်ကို ဒီအတိုင်းသောက်သုံးတာမဟုတ်ဘဲ အချဉ်ရည်အနေနဲ့ လုပ်စားဖို့ ဖြစ်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖျော်ရည်များသောက်သုံးပါ။

    သကြားဓာတ်များလွန်းတဲ့ အချိုရည်တွေအစား ကျန်းမာရေးအတွက် သင့်တော်မယ့် ဖျော်ရည်တွေကို အစားထိုးသုံးစွဲသင့်ပါတယ်။ အချိုရည်များနဲ့ အရက်ဟာ ခါးမှာ အဆီများစုဝေးခြင်းနဲ့ ဆက်စပ်နေပါတယ်။ အရည်သောက်ထဲမှာတော့ ရေက အကောင်းဆုံးပါပဲ။ green tea မှာလည်း ကဖင်းဓာတ်ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ အဲဒီနှစ်မျိုးစလုံးဟာ အဆီများလောင်ကျွမ်းဖို့ အထောက်အကူပြုပါတယ်။

    အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားသုံးပါ။

    အမျှင်ဓာတ်ဟာ အူလမ်းကြောင်းထဲရောက်ရင် ရေကိုစုပ်ယူပြီး အစာခြေစနစ်အတွင်းမှာ ဖြည်းညင်းစွာ ရွေ့လျာပါတယ်။ သုတေသနတခုမှာ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ၁၀ ဂရမ်စီ စားသုံးသွားခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ အဆီများကိုစုဝေးခြင်းကို လျော့ကျစေပါတယ်။

    ဒါ့အပြင် အမျှင်ဓာတ်ဟာ ဗိုက်ကိုပြည့်စေပြီး ဆာလောင်မှုကို သက်သာစေပါတယ်။ တရက်ကို အမျှင်ဓာတ် ၁၄ ဂရမ်စားသုံးရင် ကယ်လိုရီစုပ်ယူခြင်းကို ၁၀ ရာခိုင်နှုန်းကျဆင်းစေပါတယ်။

    အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကိုရှောင်ပါ။

    အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ပေါင်မုန့်ဖြူ၊ ဆန်ဖြူ၊ ဆိုဒါ၊ ဘီစကစ် စတဲ့အစားအစာတွေမှာ ပါဝင်ပါတယ်။ စားလို့ကောင်းအောင် ဆန်၊ ဂျုံ စတာတွေနဲ့လုပ်ပြီး အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားတဲ့အပြင် အချိုဓာတ်လည်း များပါတယ်။ အမျှင်ဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ လျော့နည်းပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း တက်စေပါတယ်။ ဒါကြောင့် အဆိုပါအစားအစာတွေဟာ ခါးမှာ အဆီတွေ စုလာစေပါတယ်။

    အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေအစား မပြုပြင်ထားတဲ့ အစေ့အဆန်တွေ၊ ပေါင်မုန့်ညို၊ ဆန်လုံးညို စတာတွေကို စားသုံးသင့်ပါတယ်။

    ကာဒီယိုလေ့ကျင့်ခန်း ပိုလုပ်ပါ။

    အေရိုးဗစ် ဒါမှမဟုတ် ကာဒီယိုလေ့ကျင့်ခန်းများဟာ နှလုံးနဲ့ အဆုတ်ကို အားကောင်းစေတဲ့အပြင် အဆီများကို လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ သုတေသနတွေအရ လူတိုင်းဟာ တပတ်ကို မိနစ် ၁၅၀ မှ ၃၀၀၊ ဒါမှမဟုတ် တရက်ကို မိနစ် ၂၀ မှ ၄၀ ခန့် ကာဒီယိုလေ့ကျင့်ခန်း ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

    ကော်ဖီသောက်ပါ

    ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ အဆိုပါအခြေအနေမှာ ဖက်တီးအက်ဆစ်တွေကို ချေဖျက်ဖို့ အကူအညီပေးပါတယ်။ ဒါကြောင့် ကဖိန်းဓာတ်ဟာ အဆီများလောင်ကျွမ်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကဖိန်းဓာတ် ကောင်းကောင်းရအောင် နို့ဆီနဲ့သကြားကို လျှော့ပြီး ဖျော်စပ်ရမှာ ဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ အဆီကို ပိုလောင်ကျွမ်းဖို့ အားပေးတယ်ဆိုပေမယ့် ညအိပ်ချိန်နီးမှ သောက်သုံးမယ်ဆိုရင် ကောင်းကောင်းအိပ်မပျော်တဲ့အခါ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

    သံဓာတ်စားသုံးမှုကို မြှင့်တင်ပါ။

    သံဓာတ်ချို့တဲ့ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကို လျော့ကျစေတာကြောင့် အဆီများချေဖက်မှုကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် သံဓာတ်နည်းရင် အားနည်းခြင်း၊ ပင်ပန်းခြင်း၊ အသက်ရှူမဝခြင်း စတာတွေ ခံစားရပြီး ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တော့ဘဲ ကိုယ်အလေးချိန်လည်း တက်လာနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး၊ ကြက်ဘဲ၊ ပင်လယ်စာ၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး စတာတွေနဲ့ သံဓာတ်အားဖြည့်ထားတဲ့ အစေ့အဆန် ကောက်ပဲသီးနှံတွေ ဖြစ်ပါတယ်။

    ……

    ကိုယ်ခန္ဓာမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေ ကျစ်လျစ်စေဖို့ဆိုရင် အစားအသောက်ကို စနစ်တကျရွေးချယ်စားသုံးရမယ့်အပြင် ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သိပ်ပြီး ရှုပ်ထွေးနက်နဲတဲ့ နည်းစနစ်တွေ မပါဝင်ပါဘူး။ ဇွဲရှိရှိနဲ့ စနစ်တကျ လိုက်နာလုပ်ဆောင်သွားဖို့ပဲ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement