backup og meta

ကော်ဖီက ကောင်းတယ်၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီက ကောင်းတယ်၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ  ။  ။

    ကော်ဖီဆိုတာ လူတိုင်းကြိုက်နှစ်သက်စွာ ၊ စွဲလမ်းစွာသောက်ကြတဲ့ သောက်စရာတစ်ခုပါ။ တချို့တစ်နေ့ကို မှ ကော်ဖီ တစ်ခွက် မသောက်ရရင် တစ်ခုခုလိုနေသလိုမျိုး ကော်ဖီ စွဲနေကြတဲ့သူတွေရှိပါတယ်။ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်၊ တစ်ချို့ကလည်း ကော်ဖီက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုပြီး အုပ်စု နှစ်ခြမ်းကွဲပြီး ငြင်းခုန်လာကြတာ ရာစုနှစ် တစ်ခုကိုချီနေပါပြီ။ ဒီအုပ်စုကြီးနှစ်ခုမှာ ဘယ်သူမှန်လဲ။ ဘယ်သူမှားလဲ။

    ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

    ကော်ဖီကကောင်းတယ်၊ ကော်ဖီက မကောင်းဘူးဆိုတဲ့ နှစ်ခြမ်းကွဲနေတဲ့ အုပ်စုနှစ်ခုမှာ အရမ်းကြီးမှန်တဲ့သူလည်း မရှိသလို လုံးဝ မှားနေတဲ့သူတွေ လည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကော်ဖီသောက်တာဟာ ကျန်းမာရေးကို အထောက်အကူပြုသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။

    ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုးများ ။ ။

    • ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်က ဦးနှောက်မှာရှိတဲ့ မောပန်းစေတဲ့ အာရုံကြောအချက်ပြ စနစ်ကို ပိတ်လိုက်တာကြောင့် ကော်ဖီသောက်ရင် လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝစေပါတယ်။
    • ကဖင်းဓာတ်ကြောင့်ဇီဝကမ္မဖြစ်စဉ် တွေလည်း မြန်လာလို့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ကော်ဖီသောက်ရတာလည်းကြိုက် ကိုယ်အလေးချိန်လည်း မတက်ချင်တဲ့ သူတွေ အတွက် သတင်းကောင်းနော်။ ။
    • ကော်ဖီလေးသောက်လိုက်ရရင် စိတ်ပျော်သွားတယ် ၊ တက်ကြွလာတယ်ဆိုတာမျိုးကြားဖူးမှာပါ။ ဒါဟာ ကော်ဖီရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကဖင်းဓာတ်က adrenaline ဆိုတဲ့ ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးလို့ဖြစ်ပါတယ်။ ။
    • ကော်ဖီမှာ ဗီတာမင်B နဲ့ မဂ္ဂနီဆီယမ်ပိုတက်ဆီယမ်တို့လိုမျိုး သတ္တုဓာတ်တွေ လည်း ကြွယ်ဝစွာပါလို့ အာဟာရတွေ အများကြီးရစေပါတယ်။
    • ကဖင်းဓာတ်ဟာ နာကျင်ရောင်ရမ်းတာကို လျှော့ချပေးနိုင်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။
    • ဆီးချို အမျိုးအစား ၂ ဖြစ်ပွားနှုန်းကိုလည်း ကော်ဖီက လျှော့ချပေးနိုင်ပါသေးတယ်။
    • ကဖင်းဓာတ်က ဦးနှောက်မှာရှိတဲ့ မှတ်ဉာဏ်ထိန်းသိမ်းရာနေရာကိုလည်း တိုက်ရိုက်သက်ရောက်မှုရှိပြီး မှတ်ဉာဏ်အားကောင်းစေအောင် လှုံ့ဆော်ပေးလို့ အသက်ကြီးလာရင်ဖြစ်တဲ့ အတိတ်မေ့ရောဂါနဲ့ မေ့လွယ်တဲ့ရောဂါ ဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးပါတယ်။
    • ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝစွာ ပါတဲ့အတွက် ကင်ဆာရောဂါတွေ ဖြစ်ပွားမှု ကိုလည်း လျှော့ချပေးပါတယ်။
    • ကဖင်းဓာတ်က ဒိုပါမင်းဓာတ်ထွက်အောင်လည်း လှုံ့ဆော်ပေးလို့ စိတ်ကို ပျော်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့သူတွေ၊ စိတ်ရှုပ်နေတဲ့သူတွေ အတွက်တော့ ကော်ဖီသောက်လိုက်ရင် စိတ်ကို ပျော်ရွင်စေမှာ အသေအချာနော်။

    ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုးတွေ။ ။

    အပေါ်မှာ ပြောခဲ့တာတွေ အားလုံးက ကော်ဖီရဲ့ ကောင်းကျိုးတွေပဲဖြစ်လို့ ကော်ဖီသောက်တိုင်း ကောင်းတယ်လို့ထင်နေကြပါဦးမယ်။ လောက ကြီးမှာ အရာရာတိုင်းက အကောင်းနဲ့ အဆိုးဒွန်တွဲနေတာကြောင့် ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုးတွေလည်းရှိပါတယ်။

    • ကိုယ်ခန္ဓာက ကော်ဖီကို လက်ခံနိုင်တဲ့ ပမာဏက တစ်ဦးနဲ့ တစ်ဦးမှာ မတူကြပါဘူး။ ဒီတော့ လက်ခံနိုင်တဲ့ ပမာဏထက်ကျော်သွားတဲ့အခါ ရင်တုန်တာမျိုးတွေ၊ အားမရှိသလိုဖြစ်တာမျိုးတွေဖြစ်တတ်ကြပါတယ်။
    • ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သင့်ရဲ့ အိပ်စက်ခြင်း စက်ဝန်းကို နှောင့်ယှက်တတ်လို့ ညဘက်အိပ်မပျော်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။
    • ကော်ဖီသောက်တာကြာလာတဲ့အခါ ကော်ဖီကြောင့် ခံတွင်းနံ့ဆိုးတာ၊ သွားဝါတာတွေကို ဖြစ်စေတတ်ပါတယ်။
    • ကော်ဖီက လူကို စွဲလမ်းစေတတ်တယ်။ မူးယစ်ဆေးလိုပဲ ကော်ဖီဟာလည်း သောက်တဲ့သူတိုင်းကို စွဲလမ်းစေတတ်တဲ့ အရာတစ်ခုပါ။
    • ကိုယ်ဝန်ရှိချိန် ကော်ဖီကို တစ်ခွက် ထက်ပိုသောက်သုံးမယ်ဆိုရင် ကလေးဆီကို ကဖင်းဓာတ်ရောက်သွားပြီး အဆိပ်သင့်စေလို့ ကလေးပေါင်မပြည့်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။
    • ကော်ဖီဟာ အစာရေမျိုပြွန်ရဲ့ ကြွက်သားတွေကို ပြေလျော့စေလို့ အစာအိမ်ထဲက အက်ဆစ်တွေ ပြန်ဆန်တက်စေပြီး ရင်ပူတာတွေကို ဖြစ်စေပါတယ်။ ။

    ကဲ ဒီလောက်ဆို ကော်ဖီသောက်ခြင်းမှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း မရှားဘူးဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement