backup og meta

ဗိုက်အဆီအန္တရာယ် သတိပြုရန်


Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်အဆီအန္တရာယ် သတိပြုရန်

    ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုကြည့်လိုက်ရင် ဗိုက်ခေါက်ထူထူလေးတွေရှိကြတယ်နော်။ အထိုင်များလို့ထူတဲ့ဗိုက်ခေါက်၊ အစားများလို့ထူတဲ့ဗိုက်ခေါက်၊ ဘီယာကြောင့်ထူလာတဲ့ဗိုက်ခေါက်ဆိုပြီး အစုံပါပဲ။တော်တော်များများထင်ထားတာက ဗိုက်ခေါက်ထူလာရင် ကြည့်ရရုပ်ဆိုးတယ်၊လို့ပဲထင်ထားကြတာပါ။ တကယ်တော့ ဗိုက်ခေါက်ထူလာတာကြည့်ရဆိုးတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသွားတယ်ဆိုတာထက်ကို ပိုပါတယ်။

    ဗိုက်ခေါက်ထူလာတာက ဘာတွေများဖြစ်စေနိုင်လို့လဲ

    ခန္ဓာကိုယ်မှာ အဆီများတဲ့အခါ ဝတ်ရတာအဆင်မပြေသလို လှုပ်ရှားရတာလည်း ပင်ပန်းတယ်လို့ခံစားရပါတယ်။ ခန္ဓာကိုယ်မှာ အဆီများလာတာက ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဗိုက်မှာ အဆီများလာတာက ဘာတွေကြောင့်လဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါနော်။

    ဝမ်းဗိုက်နေရာမှာ အဆီထူလာတဲ့အခါ ဝမ်းဗိုက်အပေါ်ဘက်ကြွက်သားအောက်ဘက်မှာ အဆီစုတာမျိုးဖြစ်နိုင်သလို ဝမ်းဗိုက်ကြွက်သားအတွင်းဘက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေနားမှာ အဆီစုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲအဆီစုစုနှစ်ခုစလုံးကတော့ မကောင်းပါဘူး။ ဝမ်းဗိုက်မှာ အဆီစုတာ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

    ရှိသင့်တဲ့အရွယ်အစား

    ပုံမှန်လူတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ခါးဆိုဒ်ထက်ပိုများနေတာက စိုးရိမ်ဖို့ကောင်းပါတယ်။

    • အမျိုးသမီးတစ်ယောက်အနေနဲ့ ခါးဆိုဒ်က ၃၅ လက်မ ဒါမှမဟုတ် ၃၅ လက်မ နဲ့အထက်ဖြစ်နေမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။
    • အမျိုးသားတစ်ယောက်အနေနဲ့ဆိုရင်တော့ ခါးဆိုဒ်က လက်မ ၄၀ ဒါမှမဟုတ် လက်မ ၄၀ နဲ့အထက်ဖြစ်နေမယ်ဆိုရင် စိုးရိမ်စရာအခြေအနေလို့ပြောပါရစေ။

    တကယ်လို့ သင့်အနေနဲ့ နဂိုကထက်ခါးဆိုဒ်ပိုတိုးလာတယ်၊ ဒါပေမယ့် ရှိသင့်တဲ့ BMI ထက်မကျော်သေးဘူးဆိုရင်တောင်မှ ကိုယ်အလေးချိန်တက်လာတာ၊ ဗိုက်အဆီတက်လာတာကို သတိပြုပြီး အစားအသောက်ကိုဆင်ခြင်တာ ဒါမှမဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးကို လုပ်ပေးဖို့လိုပါမယ်။

    ဗိုက်အဆီတက်တာကြောင့် ဒါတွေဖြစ်နိုင်ပါတယ်

    ဗိုက်အဆီတက်လာကို သေချာထိန်းသိမ်းတာမျိုးမရှိဘဲ ဆက်စားနေမယ်၊ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို မပြောင်းလဲဘဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အခုလိုမျိုး ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

    နှလုံးရောဂါ -လေ့လာမှုတွေအရ ဗိုက်မှာအဆီရှိသူတွေဟာ အဝလွန်နေသည်ဖြစ်စေ၊ အဝမလွန်သည်ဖြစ်စေ အခြားသူတွေထက် နှလုံးသွေးကြောဆိုင်ရာရောဂါတွေပိုမိုခံစားရနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    အမျိုးအစား – ၂ ဆီးချို – ဗိုက်မှာ အဆီရှိသူတွေက အင်ဆူလင်မတိုးခြင်းကို ပိုမိုခံစားရနိုင်ပြီး အမျိုးအစား – ၂ ဆီးချိုရောဂါခံစားရနိုင်ခြေ ပိုများနေပါတယ်။

    သွေးတိုးရောဂါ – ဗိုက်အဆီရှိသူတွေက အခြားသူတွေထက်သွေးတိုးနိုင်ခြေပိုများနေသလို သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ခြေလည်းပိုများနေပါတယ်။ နောက်တစ်ချက်ကတော့ သွေးတွင်းကိုလက်စထရောများတာပါ။

    ကင်ဆာ – ဗိုက်အဆီစုမှုက ရင်သားကင်ဆာကျောက်ကပ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သရက်ရွက်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေတွေကို တိုးစေနိုင်ပါတယ်။

    မှတ်ဉာဏ်ချို့ယွင်းခြင်း – အဆီတွေများလာတာက ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းတာလိုမျိုးဝေဒနာတွေကို ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများလာနိုင်ပါတယ်။

    စိတ်ဓာတ်ကျခြင်း-လေ့လာမှုတွေအရ ဝမ်းဗိုက်မှာ အဆီတွေများလာတာက စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ခြေရှိတဲ့ လက္ခဏာတွေခံစားရတာမျိုးကိုဖြစ်စေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    အဆစ်ရောင်နာ – အဆစ်ရောင်နာကို ခံစားရနိုင်ခြေများတဲ့ သူတွေ ဝမ်းဗိုက်မှာ အဆီရှိနေသူတွေပါ။ ဝမ်းဗိုက်မှာ အဆီစုတာက အဆစ်ရောင်နာတင်မဟုတ်ဘဲ လေးဖက်နာဝေဒနာလိုမျိုး ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

    ဗိုက်ပူလို့ ကြိုက်သူမပေါပါဘူးနော်။ ရောဂါတွေဖြစ်နိုင်ခြေပဲ ပိုများတာပါ။ ဒါကြောင့် စိတ်အလိုမလိုက်ဘဲ ကျန်းမာအောင်နေထိုင်စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပါ။ အိပ်ရေးဝဝအိပ်လို့ စိတ်ဖိစီးမှုကင်းတဲ့ ဘဝနေထိုင်မှုပုံစံကိုပျိုးထောင်ရင်း ဗိုက်ခေါက်လေးအဆီမတက်အောင်ထိန်းသိမ်းလိုက်ပါနော်……..

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement