backup og meta

ပဲနို့ဆိုတာ သောက်တိုင်းကောင်းတဲ့ အရာတစ်ခုလား။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲနို့ဆိုတာ သောက်တိုင်းကောင်းတဲ့ အရာတစ်ခုလား။

    အရိုးအဆစ်သန်မာချင်ရင်၊ ကျန်းမာချင်ရင် နေ့စဉ်နို့တစ်ခွက်သောက်ပါ။ အဲစကားစုလေးက နွားနို့ကြိုက်တဲ့သူတွေအတွက် ဝမ်းသားစရာပဲနော်။ ဒါဆို နွားနို့နဲ့ မတည့်တဲ့သူ နွားနို့သောက်ရတာ မကြိုက်တဲ့ သူတွေအတွက်ရော။ သူတို့တွေအတွက် နွားနို့နေရာမှာ အစားထိုးသောက်လို့ရတဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ပဲနို့ပါ။ ခုနောက်ပိုင်း ဈေးကွက်ထဲမှာ တွင်ကျယ်စွာရောင်းချနေကြပြီး လူတိုင်းနီးပါး နှစ်သက်စွာသောက်နေကြသော အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ နို့နှင့် နို့ထွက် ပစ္စည်းတွေနဲ့ မတည့်သူတွေ အတွက် ရွေးချယ်စရာတစ်ခုပါ။ နို့လိုပဲ အာဟာရဓာတ်တွေကြွယ်ဝလို့ ကျုန်းမားရေးအတွက်အထောက်အကူပြု လူကြိုက်များ သောက်လို့ကောင်းနေတဲ့ ပဲနို့ မှာ ဘာကောင်းကျိုးတွေ ရှိသလဲ။ ပဲနို့ သောက်ခြင်းက ဆိုးကျိုးတွေရော ဖြစ်စေနိုင်လားဆိုတာ သိချင်ကြမယ်ထင်လို့ ပဲနို့ရဲ့ကာင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။

    ပဲနို့၏ ကောင်းကျိုးများ။

    လက်တို့စ် (lactose) ဓာတ်မပါခြင်း။

    နွားနို့မှာ လက်တို့စ် (lactose) လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီ လက်တို့စ် (lactose) ဓာတ်ကို တည့်တဲ့သူ တွေ ရှိသလို မတည့်တဲ့ သူတွေလည်း အများကြီးပါ။ ပုံမှန်လူတွေအတွက်တော့ ကိစ္စမရှိပေမယ့် မတည့်သူတွေအတွက်ကတော့ နွားနို့သောက်လိုက်တိုင်း ပါလာတဲ့ လက်တို့စ် (lactose) ကို ကိုယ်ခန္ဓာက မချေဖျက်နိုင်ဘဲ နို့သောက်တိုင်း ဝမ်းလျှောတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ လေထိုးလေအောင့် တာတွေ ဖြစ်တတ်ပါတယ်။ နို့က ရတဲ့ အာဟာရတွေကိုလိုချင်ပေမယ့် မတည့်တော့ စိတ်ညစ်ရတာပေါ့ ။ ဝမ်းသာစရာတစ်ခုကတော့ ပဲနို့ရှိနေခြင်းဖြစ်ပါတယ်။ ပဲနို့မှာလည်း နွားနို့လိုပဲ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး လက်တို့စ် (lactose) ဓာတ်လည်း မပါဝင်တာကြောင့် ပဲနို့ဟာ နွားနို့နဲ့ မတည့်တဲ့ သူတွေ အတွက် ရွေးချယ်စရာ တစ်ခုပါ။

    ကိုယ်ခန္ဓာအတွက် လိုအပ်သော ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါခြင်း။

    ကိုယ်ခန္ဓာအတွက် ပရိုတင်းဓာတ် ပြည့်ဝစွာလိုချင်ရင်တော့ နေ့တိုင်းစားတဲ့ အစားအသောက်တွေထဲမှာ ပဲနို့ကိုလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်လို့ရပါတယ်။ ပဲနို့မှာ အသားဓာတ်ပရိုတင်းမဟုတ်ဘဲ အပင်ကရတဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါပါတယ်။ ပရိုတင်းပါတယ်ဆိုမှတော့ အမိုင်နိုအက်ဆစ် (amino acid) ၉ မျိုးလည်း ပါတာပဲမို့ ပဲနို့သောက်လိုက်ရင် ကိုယ်ခန္ဓာ ခုခံအားကို တက်စေပြီး အားအင်ပြည့်ဝစေပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ ပရိုတင်း ၇ ဂရမ်ပါပါတယ်။ ကျန်းမာချင်သူတိုင်း သောက်သင့်တဲ့ အစားအစာ တစ်ခုနော်။

    ကယ်လ်စီယမ်နှင့် သံဓာတ်များ ပါဝင်ခြင်း။

    နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ သိပ်မပါဘူးဆိုရင် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ကို အရိုးတွေထဲကနေ ကိုယ်ခန္ဓာက ယူမှာဖြစ်လို့ အချိန်ကြာလာတာနဲ့ အရိုးအတွက် အာဟာရဓာတ်တွေ လျော့နည်းလာပြီး အရိုးသန်မာခြင်းတွေ ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။ အရိုးကိုယ်တိုင်ကလည်း ကယ်လ်စီယမ်ကိုလိုအပ်ပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ ကယ်လ်စီယမ် ၂၉၉ မီလီဂရမ်ပါလို့ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ဓာတ်ရဲ့ ၃၀% ပဲနို့မှာပါပါတယ်။ အဲဒီတော့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေလည်းစား ပဲနို့လေးလည်းသောက်မယ်ဆို သင်ရော သင့်အရိုးရော ကျန်းမာသန်စွမ်းနေမှာဖြစ်ပါတယ်။ ပဲနို့မှာ ပါဝင်တဲ့ သံဓာတ်ကလည်း သွေးနီဥလေးတွေကို ကောင်းကောင်း အာဟာရပြည့်စေလို့ သွေးနီဥလေးတွေ သယ်သွားပေးတဲ့ အောက်စီဂျင်ကို ကိုယ်တွင်းဆဲလ်တွေ အားလုံးပြည့်ဝစွာရကြပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ သံဓါတ် ၁.၁ မီလီဂရမ်ပါလို့ အမျိုးသား အမျိုးသမီးရော နေ့စဉ် လိုအပ်တဲ့ သံဓာတ်ရဲ့ ၁၄ % နှင့် ၆ % အသီးသီးစီ ပါပါတယ်။

    Riboflavin and Vitamin B-12 တွေလည်း ပါပါတယ်။

    ပဲနို့မှာပါဝင်တဲ့ ဗီတာမင် ဘီ အုပ်စု အထူးသဖြင့် Riboflavin နဲ့ Vitamin B-12 က အာရုံကြော စနစ်ကို အားဖြည့်ပေးပြီး ဆဲလ်တွေမှာရှိတဲ့ DNA ထိခိုက်ခြင်းကို ကာကွယ်ပေးပါတယ်။ ပဲနို့တစ်ခွက်မှာ Riboflavin ဝ.၅၁ မီလီဂရမ်ပါလို့ အမျိုးသားတွေ လိုအပ်တဲ့ Riboflavin ရဲ့ ၃၉% နဲ့အမျိုးသမီးတွေ လိုအပ်တဲ့ Riboflavin ရဲ့ ၄၆% ပါပါတယ်။

    ဆိုးကျိုးများ

    ကောင်းတာတွေ ပြီးတော့ ဆိုးတာတွေ လာပြီပေါ့။ အကောင်းအဆိုးဆိုတာ အမြဲ ဒွန်တွဲနေတာ မဟုတ်လား။

    လက်ရှိ ရင်သားကင်ဆာဖြစ်နေသော အမျိုးသမီးများ မသောက်သင့်ပါ။

    ပဲနို့မှာ အီစတိုဂျင်နဲ့ ဆင်တူတဲ့ ဟော်မုန်းတစ်မျိုးပါလို့ ရင်သားကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေ မသောက်သင့်ပါ။ ပဲနို့သောက်ရင် ရင်သားကင်ဆာဖြစ်နိုင်တာ မဟုတ်ပါ။ ပဲနို့က လက်ရှိဖြစ်နေတဲ့ ရင်သားကင်ဆာကို ပိုဆိုးနိုင်စေတာပါ။ လေ့လာမှုတွေ ထပ်လုပ်ဖို့တော့ လိုအပ်သေးတာပေါ့။

    သကြားဓာတ်များစွာပါခြင်း။

    သောက်လို့ကောင်းအောင် ထုတ်ထားတဲ့ပဲနို့တွေမှာ သကြားဓာတ်များစွာ ပါဝင်တတ်လို့ ဝိတ်လျှော့နေသူတွေ ၊ ဆီးချိုရှိနေတဲ့သူတွေ မသောက်သင့်ပါ။ ပဲနို့ကို ဆိုးကျိုးကင်းကင်းသောက်ချင်ရင်တော့ sugar free သကြားမပါတာတွေကို ပဲ ရွေးချယ်သောက်သင့်ပါတယ်။

    အစာအိမ်လေထခြင်းကိုဖြစ်စေတယ်။

    ပဲတို့ရဲ့ ထုံးစံအတိုင်း များများစားလိုက်ရင်လေပွခြင်း ဖြစ်တတ်သလို ပဲနို့များများသောက်လိုက်ရင်လည်း လေပွကာ လေထိုးလေအောင့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    အဖြစ်နည်းတတ်တဲ့ ဆိုးကျိုးတွေကတော့

    ပဲနို့ကို ငယ်ငယ်လေးထဲက စွဲမြဲစွာ သောက်လာ ခဲ့မယ်ဆိုရင် သိုင်းရွိုက်ဂလင်း ရောဂါများ၊ မျိုးပွားအင်္ဂါရောဂါများလည်းဖြစ်တတ်ပါသေးတယ်။ အင်မတန်မှတော့အဖြစ်နည်းပါတယ်။

    ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေး အခြေအနေကို ချိန်ဆပြီး ပဲနိုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ချင့်ချိန်ကာ သောက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော ဘဝတစ်ခု ပိုင်ဆိုင်နိုင်ကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement