backup og meta

ကင်းမွန်စားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်းမွန်စားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    အကင်ဆိုင်တစ်ဆိုင်ရောက်ရင် မပါမဖြစ်တဲ့ အမျိုးအစားတစ်မျိုးက ကင်းမွန်ကင် ဖြစ်ပါတယ်။ ဆိုင်တွေမှာက ပြည်ကြီးငါးလို့ သုံးကြပေမယ့် တကယ်က ဒီကင်းမွန်တွေပါပဲ။ အကွင်းလေးတွေလှီးပြီးအကြွပ်ကြော်တာစားမလား၊ အစာသွပ်ပြီးကင်တာ စားမလား၊ အချဉ်ထောင်းပြီးသုပ်တာစားမလား၊ မဆလာနဲ့ချက်စားမလား လူကြိုက်များတဲ့မီနူးကလည်းစုံလှပါတယ်။ ရခိုင်ဟင်းချဉ်စပ်လေးနဲ့ ဆိုလည်း ခံတွင်းတွေ့မှတွေ့။ ပြောရင်း ဗိုက်တောင်ဆာလာတယ်။

    အဲဒီလို လူကြိုက်များပြီး အစားအသောက်အတော်များများမှာပါဝင်လေ့ရှိတဲ့ ကင်းမွန်ကို ဘာလို့စားသင့်တာလဲဆိုတာ ဆက်ပြောချင်လို့။ လူတွေက ပင်လယ်စာဆို အာဟာရတန်ဖိုးကိုအထင်သေးတတ်ကြလွန်းလို့ပါ။ ကင်းမွန်တွေမှာ တခြားအသားငါးတွေလိုပဲ ပရိုတင်းဆိုတဲ့ အသားဓာတ်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အပြင် အဆီရော၊ ကယ်လိုရီရော နည်းပါတယ်။ သူ့ရဲ့ ကောင်းကျိုးလေး နည်းနည်းဆက်ပြောပါရစေ။ ဒါမှအကြောင်းပြပြီး စားလို့ကောင်းအောင်ပေါ့။

  • ကယ်လိုရီနည်းတယ်။ ဆီနဲ့ နှစ်ကြော်ထားတာ မဟုတ်တဲ့ ကင်းမွန် ၁၀၀ ဂရမ် (အကင်ဖြစ်ဖြစ်၊ အပြုတ်၊အချက်ဖြစ်ဖြစ်) တစ်ပွဲမှာ ၇၅ ကယ်လိုရီကနေ ၈၅ ကယ်လိုရီပဲ ပါတာပါ။ အကွင်းလိုက်ကြော်တာ ဒါမှမဟုတ် ကင်းမွန်ခေါင်းကြော်ကို မက်မောနေရင်တော့ ကယ်လိုရီက ခုန်တက်သွားမှာပါနော်။
  • ပရိုတင်းအရင်းအမြစ်။ ကင်းမွန် ၁၀၀ ဂရမ် တစ်ပွဲမှာ ပရိုတင်း ၁၅.၅ ဂရမ်ကနေ ၁၆.၁ ဂရမ်လောက် ပါဝင်ပါတယ်။
  • ကာဗိုဟိုက်ဒရိတ်မပါဝင်ဘူး။ သူ့မှာ ကာဗိုဟိုက်ဒရိတ်မပါဝင်တဲ့အတွက် diet အစီအစဉ်ဆွဲထားသူတွေရဲ့ စားသောက်မှုစာရင်းမှာ ကင်းမွန်ကိုထည့်ထားနိုင်ပါတယ်။
  • ဗီတာမင် B12 နဲ့ B6။ အာရုံကြောတွေနဲ့ သွေးကြောကျန်းမာရေးအတွက် ခန္ဓmကိုယ်က B 12 ကိုလိုအပ်ပြီး နှလုံးကျန်းမာရေးအတွက် B6 ကိုလိုအပ်ပါတယ်။
  • ဆီလီနီယမ်နဲ့ ဗီတာမင် E။ ကင်းမွန်မှာ ဆီလီနီယမ်နဲ့ ဗီတာမင် E ပမာဏထိုက်သင့်သလောက် ပါဝင်ပါတယ်။ ဆီလီနီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ နည်းနည်းလေးပဲရှိစေဦးတော့၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနဲ့ မျိုးအောင်နိုင်စွမ်းကိုမြှင့်တင်ပေးရာမှာ ဗီတာမင် E နဲ့အတူ အကျိုးပြုတာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်လို့ ကင်ဆာကာကွယ်ပြီး အကျိတ်တွေကိုကြီးမလာအောင်တားဆီးပေးနိုင်ပါတယ်။
  • ကိုလက်စထရော ပူစရာမရှိ။ ကင်းမွန်မှာ ကိုလက်စထရော ပါဝင်မှုများပါတယ်။ ဒါပေမယ့် အဆီအရမ်းနည်းတဲ့အပြင် သူ့ဆီက ကိုလက်စထရောကို ခန္ဓာကိုယ်ကစုပ်ယူနိုင်မှုနည်းပါလိမ့်မယ်။
  • ဒါပေမယ့် သတိထားရမှာက

    အစာအဆိပ်သင့်တာ၊ ဗိုက်နာတာ၊ ဝမ်းပျက်တာတွေမဖြစ်ရအောင် ကင်းမွန်ကိုစားမယ်ဆို –

    • လတ်ဆတ်တာကိုပဲစားပါ၊ ရွေးဝယ်ချက်ပါ။ ကင်းမွန်ဟာ အခွံမာငါးတွေလိုပါပဲ။ ပုပ်လွယ်ပြီး ဘက်တီးရီးယားတွေ ကပ်ငြိပါဝင်လေ့ရှိပါတယ်။
    • စိတ်ချရတဲ့နေရာကပဲ ဝယ်ပါ။ လတ်ဆတ်သန့်ရှင်းတဲ့ ကင်းမွန်ဖြစ်နေဖို့လိုပါတယ်။
    • သေချာသန့်စင်ပါ။ မချက်ခင်၊အစားအစာမပြင်ဆင်ခင် ကိုင်တဲ့အခါ သေချာဆေးကြောသန့်စင်ပါ။

    ကဲ အခုတော့ ဒါဖတ်ပြီး ကင်းမွန်တွေ စားချင်နေကြပြီမဟုတ်လား။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement