home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ငရုတ်စပ်စပ်ကို နှစ်သက်သူတွေ နှလုံးရောဂါအန္တရာယ်နည်းပါး

ငရုတ်စပ်စပ်ကို နှစ်သက်သူတွေ နှလုံးရောဂါအန္တရာယ်နည်းပါး

ချဉ်စပ်လေးမှ၊ ရှူးရှဲလေးမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ ဝမ်းသာစရာဖြစ်တော့မှာပဲ။ ငရုတ်သီးစပ်စပ်လေးကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်ပိုနည်းစေနိုင်တယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။

စားကာစတော့ လျှာမှာပူပြီးထုံသွားမယ်၊ နှုတ်ခမ်းနဲ့ ခံတွင်းထဲမှာ ပူစပ်ပူစပ်ဖြစ်လာပြီးတဲ့နောက်တော့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတွေစလာပါတယ်။ချွေးတွေ၊ မျက်ရည်တွေ၊နှာရည်တွေ၊ တံတွေးတွေ အကုန်ပွင့်ထွက်လာပါရော။ ဒီတော့ ဘာအတွက်ကောင်းလဲပေါ့။ အစပ်မကြိုက်သူတွေကပြောတယ်။ ဘာအရသာများရှိလို့လဲ၊ ဘာအကျိုးကျေးဇူးရှိလဲဆိုတာမျိုး။

အကျိုးကျေးဇူးကရှိပါတယ်။ ဥပမာ ဖျားချင်ချင်ဖြစ်နေရင် ပူပူစပ်စပ်လေးစားပြီးချွေးထုတ်တာ၊ခေါင်းမကြည်လို့ချွေးထွက်အောင် စားလိုက်တာ၊ ထမင်းစားပျက်နေရင် အစပ်လေးပါတော့မြိန်သွားတာမျိုး။ အစာအိမ်ရောဂါရှိရင်တော့ သတိထားပေါ့။ အစပ်စားခြင်းက အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သုတေသနတစ်ခုကဖော်ပြဖူးပါတယ်။

အစပ်စားခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်တယ်လို့ University Of Wyoming သုတေသီတွေကပြောပါတယ်။ အစပ်ကဲတဲ့အစားအစာတွေက ဘီယာနဲ့တွဲရင်တော့ အဆီကျစေတဲ့အကျိုးကျေးဇူးကိုလျော့ပါးစေနိုင်တယ်။ အမျိုးသား ၁၆၀၀၀ လေ့လာခဲ့တဲ့ ၂၀၁၇ ခုနှစ် University Of Vermont ရဲ့သုတေသနတစ်ခုအရ ငရုတ်သီးကြိုက်သူတွေဟာသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတယ်လို့ ဆိုပါတယ်။

ငရုတ်သီးမှာပါတဲ့capsaicin ဓါတ်က ခန္ဓါကိုယ်အတွင်းရောင်ရမ်းမှုကိုလျော့နည်းစေနိုင်တယ်လို့ ပူးတွဲသုတေသီဒေါက်တာBenjamin Litternberg ကရှင်းပြခဲ့ပါတယ်။ ငရုတ်သီးကြိုက်သူတွေက နှလုံးသွေးကြောရောဂါ၊ နှလုံးရုတ်တရက်ရပ်ခြင်းနဲ့လေဖြတ်ခြင်းတို့ကြောင့်သေဆုံးရနိင်ခြေအနည်းဆုံးပါပဲတဲ့။

ငရုတ်သီးမှာ ဗီတာမင်အေ၊ စီ တို့အပြင် သံဓါတ်နဲ့ ပိုတက်ဆီယမ်တို့လို အာဟာရဓါတ်တွေလည်းကြွယ်ဝပါတယ်။capsaicin ရဲ့အာနိသင်တွေထဲမှာ ချင်းနဲ့ပေါင်းလိုက်ရင် ကင်ဆာကာကွယ်နိုင်တဲ့အစွမ်းသတ္တိလည်းပါဝင်ပါတယ်။ သုတေသနတွေအရ ချင်းမှာပါတဲ့6-ginerol က အကျိတ်ဖြစ်ပေါ်မှုကို ဟန့်တားနိုင်တယ်လို့ သိရပါတယ်။

တစ်ခုရှိတာတော့capsaicin ကရောင်ရမ်းမှုဖြစ်စေတတ်လို့ အစာအိမ်နဲ့ အူသိမ်ဦးတို့အတွက် သတိထားသင့်ပါတယ်။ရောင်ရမ်းတာ ဒါမှမဟုတ် ပူလောင်စေတာဖြစ်လာခဲ့ရင် ဆဲလ်သေဆုံးမှုတွေကြောင့်ဖြစ်နိုင်လို့ တာရှည်ရောင်ရမ်းမှုက ထိခိုက်မှုရှိစေနိုင်တယ်၊ စားချဉ့်ပြန်ရောဂါရှိရင်လည်း အစပ်လျှော့စားသင့်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမကောင်းရင်တော့ သိပ်မစားသင့်ပါဘူး။

ဘာအရသာ မို့လဲ

ငရုတ်သီးကိုကြိုက်ကြတာ ဘာကြောင့်လဲဆိုတော့ပြန်တော့ဖြေတတ်ကြမယ်မထင်ပါဘူး။ အစပ်စားလိုက်တဲ့အခါ ထိတွေ့မှုနဲ့အပူချိန်ဆိုင်ရာ အာရုံနှိုးဆွမှုတွေဖြစ်လာလို့ အရေပြားနေရာအနှံ့ရယ်၊ နှာခေါင်း၊ပါးစပ်နဲ့ မျက်လုံးတို့ရဲ့ ချွဲအမြှေးပါးတွေကိုပါ အာရုံနှိုးဆွနိုင်တာပါ။ စိတ်ဝင်စားဖို့ကောင်းတာက အစပ်ဟာ ချို၊ချဉ်၊ငန်၊ခါး တို့လို သက်ဆိုင်ရာလျှာအစိတ်အပိုင်းတွေမှာမှ ခံစားသိရှိနိုင်တဲ့ အရသာတွေမဟုတ်ဘဲ သူ့အရသာကို လျှာတစ်ခုလုံးမှာ ခံစားရတာပဲဖြစ်တယ်လို့ Science Centre Singapore ရဲ့အမှုဆောင်ချုပ် တွဲဖက်ပါမောက္ခLim Tit Meng ကပြောပါတယ်။

ပူစပ်တာလေးစားလိုက်တဲ့အခါ endorphin နဲ့dopamine တို့လို ဓါတ်တွေထုတ်ပေးတဲ့နည်းနဲ့ ခန္ဓါကိုယ်က အလိုအလျောက်တုံ့ပြန်ပါတယ်။

“Endorphin က ပူတာ၊စပ်တာ၊နာကျင်တာလို ခံစားချက်တွေသတင်းပို့တဲ့ အာရုံကြောလုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး dopamine ကတော့ ပျော်ရွှင်သာယာတဲ့ခံစားချက်ကို ဖြစ်လာစေတယ်” လို့Changi General Hospital မှ အာဟာရပညာရှင်Charlotte Tan ကပြောပါတယ်။

ဘာလို့ အစပ်လေးပါစေချင်တာလဲ

အာရှလူမျိုးတွေတော်တော်များများ အစပ်ကို ဘာလို့နည်းနည်းဖြစ်ဖြစ်ထည့်ကြတာလဲဆိုတော့ သူ့ရဲ့ဘက်တီးရီးယားသေစေတဲ့အာနိသင်ကြောင့် အစားအသောက်ကို တာရှည်ခံစေဖို့ရည်ရွယ်ချက်နဲ့ပါ။ အစပ်မစားနိုင်ဘူးဆိုပေမယ့် အနည်းငယ်တော့စားလို့ရတယ်ဆိုတာCapsaicin ရဲ့အာရုံပြယ်အာနိသင်ကို ယုံကြည်လိုက်ပါ။Capsaicin desensitisation ဆိုတာ အစပ်ခဏခဏစားပေးရင် ပူစပ်တဲ့အာရုံခံစားချက်ကိုလျော့နည်းလာစေတယ်လို့ ဆိုပါတယ်။ အစပ်ကြိုက်တဲ့သူတွေတော်ရုံနဲ့ မစပ်တာ၊ မတိုးတာတွေက ဒီဖြစ်စဉ်ကြောင့်ပါ။capsaicin နဲ့မကြာခဏထိတွေ့မိရင် ပူစပ်တဲ့အာရုံပို့လွှတ်မှုကို တားဆီးနိုင်တယ်လို့ သိရပါတယ်။

ဥပမာ မက္ကဆီကို မိဘတွေက ကလေးတွေကို အစပ်စားနိုင်အောင် ငရုတ်သီးမှုန့်နဲ့သကြားရောစပ်ထားတဲ့အထုပ်လေးတွေထည့်ကျွေးတတ်တယ်လို့ သိရပါတယ်။

အစပ်ပြေစေနိုင်တဲ့အရာတွေကတော့ နွားနို့၊ ဒိန်ချဉ်တို့နဲ့အဆင်ပြေပါလိမ့်မယ်။ နို့ထွက်ပစ္စည်းတွေကcapsaicin နဲ့ပေါင်းစည်းနိုင်တဲ့casein ဓါတ်တွေပါဝင်ပြီး မျိုချတဲ့အခါ အတူပါသွားစေတတ်တယ်။capsaicin ကိုစုပ်ယူသွားနိုင်တဲ့ပေါင်မုန့်တို့၊ ထမင်းတို့ကလည်း အစပ်ပြေစေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။