backup og meta

ကီဖာ (Kefir) ဆိုတာ ဘာအတွက်ကောင်းတာလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကီဖာ (Kefir) ဆိုတာ ဘာအတွက်ကောင်းတာလဲ

    ကီဖာ (Kafir) ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့ကနေ အချဉ်ဖောက်ထားတဲ့သောက်စရာတမျိုးပါ။ နို့ထဲကို ကီဖာစေ့လေးတွေထည့်ပြီးဖောက်ရတာဖြစ်ပါတယ်။ ကီဖာအကြောင်းကို သိတဲ့သူတွေသိကြပါတယ်။ အွန်လိုင်းမှာတောင် ကီဖာအကြောင်းဝေမျှကြ၊ ကီဖာတွေ မျှပေးကြတဲ့ ဂရုတွေရှိပါသေးတယ်။

    စိမ်ထားပြီး ၂၄ နာရီအတွင်းမှာ ကီဖာစေ့ထဲက အဏုဇီဝပိုးလေးတွေ ပွားလာပြီး နို့ထဲကသကြားနဲ့ အချဉ်ပေါက်လာတယ်၊ ကီဖာဖြစ်သွားတယ်ပေါ့။ပြီးရင် ကီဖာစေ့ကိုအရည်ထဲကဆယ်ထုတ်ထားပြီးနောက်တစ်ကြိမ်ထပ်သုံးလို့ရပါတယ်။ ကီဖာဆိုတာ ကီဖာစေ့တွေစိမ်ထားတဲ့အရည်သာဖြစ်ပြီး ကီဖာစေ့တွေကိုတော့ ထပ်ထပ်ပွားဖို့ သုံးရတာဖြစ်ပါတယ်။

    အရှေ့ဥရောပဘက်ကနေ စတင်အသုံးပြုလာတဲ့ ကီဖာ (Kefir)ဆိုတဲ့အမည်က keyif ဆိုတဲ့တူရကီဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ စားပြီးရင်နေလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ကီဖာစေ့ရဲ့ lactic acid ဘက်တီးရီးယားက နို့ရဲ့lactose ကိုlactic acid အဖြစ်ပြောင်းလဲစေတာကြောင့် သူ့အရသာက ဒိန်ချဉ်လို အရသာလေးဖြစ်ပါတယ်။

    ကီဖာက ဘာအတွက်ကောင်းတာလဲ

    အာဟာရဓါတ်တွေအများကြီးပါဝင်တယ်

    ကီဖာ ၁၇၅ မီလီတစ်ခွက်စာမှာ –

  • ပရိုတင်း
  • ကယ်လ်စီယမ်
  • ဖော့စ်ဖရပ်စ်
  • ဗီတာမင် B12
  • Riboflavin (B2)
  • မဂ္ဂနီဆီယမ်
  • ဗီတာမင် D တို့ပါဝင်ပါတယ်။
  • ပြီးတော့ အသုံးပြုထားတဲ့နို့ အမျိုးအစားကိုမူတည်ပြီး ကယ်လိုရီ ၁၀၀လောက်ပါဝင်တယ်၊ ကာဗိုဟိုက်ဒရိတ် ၇/၈ ဂရမ် ပါဝင်ပါတယ်။အော်ဂင်းနစ်အက်စစ်တွေအပါအဝင် ဇီဝဒြပ်ပေါင်းတွေလည်း အမျိုးစုံပါဝင်ပါတယ်။

    ဒိန်ချဉ်ထက် Probiotics ပိုများတယ်

    Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ်၊ ကိုယ်အလေးချိန်၊ စိတ်ကျန်းမာရေးအထိ လူ့ကျန်းမာရေးကို နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိပါတယ်။probiotic နဲ့ပတ်သက်ရင် ဒိန်ချဉ်ကို လူသိများကြပေမယ့် ကီဖာကလည်း ပိုအစွမ်းထက်တဲ့ အရင်းအမြစ်တစ်ခုဖြစ်နေပါတယ်။

    ကီဖာစေ့တွေမှာ ဘက်တီးရီးယားနဲ့yeasts အမျိုးအစား ၆၁ မျိုးအထိပါဝင်နိုင်တာကြောင့် probiotic အရင်းအမြစ်ကြီးတစ်ခုဖြစ်နေတာပါ။

    ရောဂါပိုးတွေကာကွယ်နိုင်တဲ့အစွမ်းရှိတယ်

    အကျိုးပြုဘက်တီးရီးယား Lactobacillus kefiriနဲ့ ကာဗိုဟိုက်ဒရိတ်kefiran တို့ပါဝင်တာကြောင့်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကာကွယ်နိုင်ပါတယ်။

    အရိုးကျန်းမာရေးအတွက်ကောင်းတယ်

    နို့ထွက်ပစ္စည်းကနေထုတ်တဲ့ ကီဖာက ကယ်လ်စီယမ်အရင်းအမြစ်တစ်ခုဖြစ်တဲ့အပြင် ဗီတာမင် K2 လည်းပါဝင်လို့ အရိုးကျန်းမာရေးအတွက်ကောင်းပါတယ်။ အရိုးပွရောဂါဖြစ်နိုင်ခြေကိုလျော့စေပါတယ်။

    ကင်ဆာကာကွယ်နိုင်တယ်

    လူတွေမှာ လက်တွေ့မစမ်းသပ်ရသေးပေမယ့် ကြွက်တွေမှာပြုလုပ်တဲ့သုတေသနတွေအရ ကီဖာက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးနိုင်တယ်လို့ သိရပါတယ်။

    အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာအမျိုးမျိုးအတွက်ကောင်းတယ်

    ကီဖာလိုမျိုးProbioticsတွေကအူတွင်းအကျိုးပြုဘက်တီးရီးယားပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါProbioticsတွေနဲ့ကုသကြတာပါ။ အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ရောဂါ(IBS)H. pyloriရောဂါပိုးကြောင့်ဖြစ်တဲ့ အစာအိမ်အနာတွေနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို သက်သာစေပါတယ်။

    ဓါတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်သက်သာစေတယ်

    ကိုယ်ခံအားစနစ် ထိခိုက်လွယ်သူတွေမှာ ဓါတ်မတည့်တာတွေပိုဖြစ်လေ့ရှိတော့ ပန်းနာရင်ကျပ်လို ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကီဖာက ပန်းနာရင်ကျပ်နဲ့ ဓါတ်မတည့်မှုတွေကကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

    ကီဖာ ကိုယ်တိုင်လုပ်ကြမယ်

    လက်ဆောင်ရတာပဲဖြစ်ဖြစ်၊ မှာယူ၊ဝယ်ယူလာတာပဲဖြစ်ဖြစ် ကီဖာစေ့တွေ ရလာတယ်ဆို အိမ်မှာ ကီဖာရည်ကိုယ်တိုင်လုပ်လို့ရပါတယ်။ အဲဒီအရည်ကိုမှ အသီးတွေနဲ့ရောပြီး အသီးဖျော်ရည်လိုသောက်လို့ရတယ်လေ။ အွန်လိုင်းက ဂရုတွေမှာ၊ ယူကျုဘ်မှာပြုလုပ်နည်းဗီဒီယိုတွေအများကြီးရှိပါတယ်။

    • ကီဖာစေ့တွေကို ဘူး၊ပုလင်း သို့မဟုတ် ခွက်အကြီးတစ်လုံးထဲမှာ ထမင်းစားဇွန်း ၁ဇွန်း၊၂ဇွန်းလောက်ထည့်ပါ။ များများလုပ်ချင်ရင်တော့ပိုထည့်ပေါ့။
    • နွားနို့ ၂ ခွက် ထည့်ပါ။ ခွက်ရဲ့ထိပ်မှာ ၁ လက်မလောက်တော့နေရာချန်ထားပါ။
    • အဖုံးအုပ်ပြီး အခန်းအပူချိန်နဲ့ ၁၂ နာရီကနေ ၃၆ နာရီအထိ ထားပေးပါ။

    စပြီးပွားလာပြီဆို ရနေပါပြီ။ အရည်တွေကိုအသာလေးငှဲ့ယူပြီးရင် နဂိုကီဖာစေ့တွေကျန်ရစ်ခဲ့မှာပါ။ အဲဒီကီဖာစေ့တွေကိုနောက်တစ်ခွက်ထဲမှာ နို့ထပ်ထည့်ပြီး ထပ်စိမ်လို့ရပါတယ်။ ငှဲ့လိုက်တဲ့အရည်ကိုတော့ အဆင်ပြေသလိုသောက်သုံးပါ။ပြုလုပ်နည်းက နို့မပါဘဲ သကြားနဲ့ပဲ လုပ်တာလည်းရှိပါတယ်။

    ဘေးထွက်ဆိုးကျိုး သတိထားဖို့

    ကီဖာကို အရွယ်ရောက်ပြီးသူတွေသောက်မယ်ဆို ၈ ပတ်အထိ ထားပြီးသောက်လို့ရပါတယ်။ဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးကတော့လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့်သောက်ခါစမှာဖြစ်တတ်တာမို့နောက်ပိုင်းမှာ သက်သာသွားတတ်ပါတယ်။

    အသက်၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ်တွေကို ကီဖာမတိုက်ကျွေးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ဘေးကင်းမကင်းကို ခိုင်မာတဲ့အထောက်အထားမရှိပါဘူး။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement