backup og meta

ဖေဖေမေမေတို့အတွက် ကျန်းမာရေးလက်ဆောင်နဲ့ ဂါရဝပြုကြမယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါလကင်းလွတ်တဲ့မြန်မာ့သီတင်းကျွတ်ကာလမှာ ချစ်ဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်းတစ်ခုက ဘာဖြစ်မလဲ။ ကိုယ်တွေငယ်ငယ်တုန်းကမျှော်ခဲ့ရ၊ပျော်ခဲ့ရတဲ့အချိန်ပါနော်။ ကိုယ့်မိဘတင်မကဆွေမျိုးထဲက သက်ကြီးဝါကြီးတွေကို ချစ်ခင်လေးစားစိတ်နဲ့ ကန်တော့လက်ဆောင်ပေးကြတဲ့ဓလေ့ပါပဲ။ ကိုယ့်အိမ်က လူကြီးတွေကို အမျိုးတွေ လာကန်တော့ကြရင် ကိုယ်တွေမုန့်စားရသလို ကိုယ်တွေက သွားကန်တော့ကြရင် မုန့်ဖိုးတွေရတယ်လေ။ ဆီမီးတွေလင်းထိန်နေတဲ့ ညဘက်တွေမှာဆော့ရတယ်၊ သီတင်းကျွတ်ပွဲဈေးလျှောက်ဖို့ မိဘတွေကိုပူဆာရတာလည်းပျော်စရာ။ ဘာကြောင့်ပဲဆိုဆို လူကြီးမိဘတွေကို ကန်တော့လက်ဆောင်ပေးကြတဲ့ သီတင်းကျွတ်ရဲ့အစဉ်အလာက မိသားစုရဲ့အဓိပ္ပါယ်ပေါ်လွင်စေတဲ့ဓလေ့လေးဖြစ်ပါတယ်။

    ကိုယ်တွေကြီးပြင်းလာတဲ့အခါကျတော့ရော ကလေးဘဝကလို ဒီပျော်စရာ၊ ချစ်စရာတွေမရှိတော့ဘူးလား။ပြန်တွေးကြည့်နော်။ ကိုယ်တိုင်ရှာတဲ့ငွေနဲ့ လူကြီးမိဘတွေအတွက် လိုအပ်မယ့်၊ အသုံးဝင်မယ့်ပစ္စည်းတွေဝယ်ပြီး အကောင်းဆုံးဖြည့်ဆည်းကန်တော့ရတာ အရင်ကထက် ပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ။ ကလေးတုန်းကလို ကိုယ်မုန့်ဖိုးရဖို့ပဲတွေးမိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုအရာရာဂရုစိုက်ဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေမေမေတို့အတွက် အကောင်းဆုံးကျန်းမာရေးလက်ဆောင်ကိုပြင်ဆင်ကန်တော့နိုင်တဲ့ ပီတိက ဘာနဲ့မှလဲမရပါဘူး။ အားလုံးမတတ်နိုင်ရင်တောင်မေမေတို့ရဲ့ကျန်းမာရေးအတွက် တစ်စုံတစ်ရာအထောက်အကူပေးမယ့်တစ်ခုခုကို ကန်တော့နိုင်မယ်ဆိုလည်း ဝမ်းသာစရာပါပဲ။ ဘာလေးတွေနဲ့ ကန်တော့ရကောင်းမလဲ တွေးရခက်နေတယ်ဆိုရင် ဒါလေးတွေရှိတယ်ဆိုတဲ့အကြောင်း Hello ဆရာဝန်က မေတ္တာနဲ့ အကြံပေးလိုက်ပါမယ်နော်-

    အာဟာရဖြည့်စွက်စာ

    အသက်ကြီးလာတာနဲ့အမျှ အစားစားနိုင်စွမ်းနည်းလာတယ်၊ စားလိုက်တဲ့အာဟာရတွေကို ခန္ဓါကိုယ်ကစုပ်ယူနိုင်စွမ်းကျလာတယ်။ ဒီအချိန်မှာ ကျန်းမာအသက်ရှည်စေဖို့အတွက် အာဟာရဖြစ်စေမယ့်ဖြည့်စွက်စာတွေလိုအပ်လာပါတယ်။ လူကြီးတွေရဲ့အာဟာရအတွက် အထူးသီးသန့်ထုတ်လုပ်တဲ့ အာဟာရမှုန့်၊ အသင့်ဖျော်ပြီး သောက်စရာတွေ အမျိုးအစားကို အစုံအလင်ရှိနေပါတယ်။ ဆီးချိုရှိတဲ့မိဘတွေအတွက်တောင် သီးသန့်ဖြည့်စွက်အာဟာရတွေ ဈေးကွက်မှာ အများကြီးရှိပါတယ်။

    အသီးအနှံ

    အသီးအနှံလေးတွေနဲ့ကန်တော့တာလည်း မိဘတွေရဲ့ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ တစ်နေ့တာမှာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အသီးအနှံအချိုပွဲလေးတွေကနေဖေဖေမေမေတို့ရနိုင်ပါလိမ့်မယ်။ ဆီးချိုသွေးချိုရှိရင်တော့ သင့်တင့်သလောက် ချင့်ချိန်စားဖို့ သတိပေးလိုက်ဦးနော်။

    အစားအသောက်

    အဆာပြေစားလို့ရတဲ့ မုန့်ပုံးတွေ၊ ဘီစကစ်၊ ကွတ်ကီး၊ ကိတ်မုန့်တွေရယ်၊ အချိုရည်ဘူးကြီးတွေ ကန်တော့တတ်ကြတယ်။ ကန်တော့ခြင်းတောင်းမှာ ပါဝင်သင့်တဲ့ ပစ္စည်းတွေဖြစ်ပေမယ့် ကျန်းမာရေးနဲ့ညီဖို့ကိုတော့ ပိုအလေးထားရပါလိမ့်မယ်။ တချို့မုန့်တွေမှာ လူကြီးတွေရဲ့ကျန်းမာရေးအတွက် မသင့်တော်တဲ့ ပါဝင်ပစ္စည်းတွေပါနေတတ်လို့သေချာရွေးချယ်ရမှာ ကိုယ့်တာဝန်ပါ။ မုန့်အာဟာရမှာလူကြီးတွေကျန်းမာရေးအတွက်သင့်တော်တဲ့ အခွံမာသီးနဲ့အစေ့အဆန်တွေလည်း ဖြည့်စွက်ထည့်သွင်းပေးတာကောင်းပါတယ်။

    အားဆေး

    စားနိုင်သောက်နိုင်နေသေးတဲ့ လူငယ်တွေတောင် အခြေအနေအမျိုးမျိုးကြောင့် အားဆေးသောက်ဖို့လိုသေးတာ။ အစားလည်းနည်း၊ အာဟာရလည်းကောင်းကောင်းမစုပ်ယူနိုင်တော့တဲ့ လူကြီးတွေအတွက် အားဆေးသောက်ဖို့ပိုပြီးလိုလာမှာပါ။ ဥပမာ မျက်စိအားဆေး၊ အရိုးအားဆေးလိုမျိုးပေါ့။ ပြနေကျဆရာဝန်ညွှန်းတဲ့ အားဆေးတွေ ဒါမှမဟုတ် ကိုယ့်မိဘအတွက်သင့်တော်တဲ့ အရည်အသွေးကောင်းကောင်းလူကြီးအားဆေးကိုရွေးချယ်ထည့်သွင်းပေးလို့ရပါတယ်။

    လိုအပ်တဲ့ဆေးဝါး

    ဒါကတော့ဖေဖေမေမေတို့ ပုံမှန်သောက်နေရတဲ့ ဆရာဝန်ဆေးညွှန်းထဲကဆေးဝါးတွေပေါ့။သွေးတိုး၊ဆီးချို၊ နှလုံး ဆေးဝါးတွေ သို့မဟုတ် ဘာရောဂါမှမရှိရင်တောင် ပုံမှန်သောက်ပေးဖို့ဆရာဝန်ညွှန်ထားတဲ့ Omega-3 fatty acids လို ဖြည့်စွက်အားဆေးတွေကိုဖြည့်ဆည်းပေးလို့ရပါတယ်။

    သွေးပေါင်ချိန်စက်

    အိမ်တိုင်းမှာ ရှိထားသင့်တဲ့ ကျန်းမာရေးပစ္စည်းလေးပါပဲ။သွေးတိုးရောဂါရှိရှိမရှိရှိ လူကြီးမိဘတွေရဲ့ သွေးဖိအားပုံမှန်ရှိရဲ့လားဆိုတာဆေးခန်းသွားစရာမလိုဘဲ အလွယ်တကူသိနိုင်မယ့်နည်းလမ်းမို့ပါ။ ဒါမှ ရှောင်သင့်တာရှောင်၊ ဆေးသောက်သင့်ရင်သောက်၊ ဆေးခန်းပြေးသင့်ပြေးရမှာပါ။ သုံးရတာလည်း လွယ်ကူတာကြောင့်သွေးပေါင်ချိန်စက်ကိုမေမေတို့ကိုယ်တိုင် လိုတဲ့အချိန် တိုင်းလို့ရတယ်လေ။

    အရေးပေါ်ဆေးသေတ္တာ

    အရေးပေါ်ဆေးသေတ္တာဆိုတာ စကားလုံးကသာ ကြီးတာ။ ကိုယ်လိုသလို အသေးလေးပြင်ဆင်လည်းရပါတယ်။ ကျန်းမာရေးလက်ဆောင်ပေးမယ်ဆို မတော်တဆထိခိုက်မှု၊ နာကျင်တာတခုခုဖြစ်ခဲ့ရင် လူကြီးမိဘတွေအတွက် အရေးပေါ်သက်သာစေမယ့်ဆေးပစ္စည်းလေးတွေ ပါဝင်တာအဓိကပါပဲ။ ဥပမာ ဟန်ချက်ပျက်တာ၊ချော်လဲတာမျိုးအတွက် ဒဏ်ကြေလိမ်းဆေး၊ထိခိုက်ရှနာတွေအတွက် အနာထည့်ဆေး၊ ပလာစတာ၊ ပတ်တီး၊ ရုတ်တရက်ဗိုက်အောင့်အစာမကြေတာတွေအတွက် အစာကြေဆေး၊ရေနွေးအိတ်စတာတွေကို ကိုယ်အာရုံရှိသလို ထည့်သွင်းပေးလို့ရတယ်။

    ဒူးစွပ်

    မေမေတို့အတွက် ကျန်းမာရေးကန်တော့ခြင်းမှာဆေးတွေ၊ စားစရာတွေ အတော်လေးစုံနေပေမယ့် လိုရမည်ရ တစ်ခုကျန်နေပါသေးတယ်။ အထိုင်အထအလှုပ်အရှားမတော်လို့ဖေဖေမေမေတို့ ဒူးနာတဲ့အခါ ဒူးစွပ်လေးက အသုံးဝင်ဆုံးဖြစ်မှာပါ။ ဒူးအကွေးအဆန့်နဲ့ လှုပ်ရှားမှုတိုင်းအဆင်ပြေစေဖို့ ဒူးစွပ်လေးကိုဆေးသေတ္တာထဲ ပါအောင်ထည့်ပေးပါ။

    ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ

    ရောဂါပိုးမွှားကင်းစင်ဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလည်းမေ့မထားသင့်ဘူးနော်။ လူကြီးမိဘတွေဆိုတာ ကလေးလေးတွေလိုပဲရောဂါပိုးတွေကူးစက်ခံရလွယ်တဲ့ ကိုယ်ခံအားအနေအထားရှိလို့ သန့်ရှင်းမှုကို ပိုဂရုစိုက်သင့်ပါတယ်။မေမေတို့အတွက် သင့်တော်မယ့်ရေချိုးဆပ်ပြာလေးတွေ၊ ဘက်တီးရီးယားသန့်စင်ပေးတဲ့ လက်ဆေးဆပ်ပြာတွေလည်း လိုအပ်ပါတယ်။

    ဒီလောက်ဆို ကျန်းမာရေးကန်တော့လက်ဆောင်မှာ ဘာတွေပါဝင်လို့ရလဲတွေးမိလောက်ပါပြီနော်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးမို့ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာရေးလက်ဆောင်ပေးတာ အသင့်တော်ဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement