backup og meta

လူကြီးမိဘတွေ ကျန်းမာစေဖို့ ဘာလုပ်ပေးရင်ကောင်းမလဲ


Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးအရွယ်တွေမှာ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး အမြဲစိုးရိမ်နေရတယ်လေ။ ရာသီဥတုပြောင်းလဲမှုက အသက်အရွယ်ကြီးတဲ့သူတွေအတွက်တော့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အချက်တစ်ခုပေါ့။ ဒီတော့ ခုလို အမြဲပြောင်းလဲနေတဲ့ ရာသီဥတုမှာ ကိုယ်ချစ်တဲ့ မိဘတွေ၊ ဖိုးဖိုးဖွားဖွားတွေ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ သားသမီးတွေအနေနဲ့ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ၁။ အိမ်အပြင်သိပ်မထွက်ခိုင်းပါနဲ့။

    အိမ်အပြင်မှာ ကားတွေက သွားရတာနဲ့၊လေထုမသန့်တာနဲ့၊ လူကြားထဲမှာဆိုရင် ဖုန်တွေ၊ သဲတွေသာမက မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ အများကြီးရှိနေနိုင်တယ်နော်။ လူကြီးအရွယ်တွေမှာ ကိုယ်ခံအားကလည်းလျော့လာပြီဆိုတော့ တစ်ခုခုဆိုတာနဲ့ ဖျားနာတာ၊ရောဂါဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ လူကြီးမိဘတွေကို တတ်နိုင်သလောက် အပြင်သွားခိုင်းတာ၊ လူများတဲ့နေရာတွေ သွားခိုင်းတာမျိုး သိပ်မလုပ်ပါနဲ့။ မနက်ခင်းစောစောလေကောင်းလေသန့်ရတဲ့ အချိန်မှာ မိဘဖိုးဖွားတွေနဲ့အတူ လမ်းထွက်လျှောက်တာမျိုး၊လေ့ကျင့်ခန်းလုပ်တာမျိုးတော့ အဆင်ပြေပါတယ်။

    ၂။ လက်သန့်ရှင်းရေးဟာလည်း အရေးကြီးပါတယ်။

    လက်ကို သန့်ရှင်းအောင်ထားဖို့က အသက်အရွယ်မရွေး ဂရုစိုက်သင့်တဲ့ ကိစ္စပါ။ မသန့်ရှင်းတဲ့ လက်နဲ့ ဟိုကိုင်ဒီကိုင်လုပ်တာ၊ အပြင်ကနေ ရောဂါပိုးမွှားေတွ ကပ်ပါလာတဲ့အခါ၊ မေ့ပြီး အစာစားမိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ လက်က သန်ဥတွေဗိုက်ထဲရောက်သွားရင် သန်ထတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူကြီးမိဘတွေအတွက် ဘက်တီးရီးယားပိုးသေစေတဲ့ လက်ဆေးဆပ်ပြာတွေ အိမ်မှာ ဝယ်ထားပေးပါ။ ခရီးသွားတာ၊ အပြင်သွားနေတဲ့အချိန် လက်အလွယ်တကူဆေးလို့ ရအောင် လက်သန့်စင်ဆေးရည် ဆောင်ထားပေးပါနော်။

    ၃။ အစာအာဟာရကို ဂရုစိုက်ပါ။

    အသက်ကြီးလာပြီဆိုရင် သွားက မကောင်းရတာနဲ့၊ အရင်ကလို အစာများများ မစားနိုင်တော့တာနဲ့၊ ခံတွင်းပျက်တာနဲ့ အစာစားတာနည်းသွားမယ်၊ အဲ့တော့ လူကပိုပြီး ပိန်လှီလာမယ်၊ ကိုယ်ခံအားနည်းပြီး အားမရှိသလို ပျော့ခွေလာမယ်၊ ရောဂါတွေဖြစ်ဖို့ ပိုလွယ်လာနိုင်တယ်နော်။ ကိုယ့်ကို တစ်ချိန်က ချက်ပြုတ်ဂရုစိုက်ပေးခဲ့တဲ့သူတွေကို ခုလိုအချိန်မှာ ပြန်ပြီးဂရုစိုက်ဖို့က သားသမီးတိုင်းရဲ့ တာဝန်ဝတ္တရားပဲမလား။ ဒါကြောင့် ကိုယ့်အနေနဲ့ မိဘတွေ အလွယ်တကူ ဝါးစားလို့ရပြီး အစာအာဟာရလည်း စုံစုံလင်လင်ဖြစ်ဖို့ သေချာချက်ပြုတ်ကျွေးမွေးသင့်တယ်နော်။

    ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသား၊ ငါးတွေကို ပျော့ပျော့လေးချက်မယ်၊ အစာကြေလွယ်စေပြီး အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ များများကျွေးမယ်၊ ဆီ၊ ဆား၊ သကြားတွေ လျှော့ချက်မယ်၊ ဗီတာမင်နဲ့ အာဟာရစုံလင်သွားအောင် နွားနို့၊ ဒိန်ချဉ်၊ ဥ၊ ပဲ၊ အစေ့အဆန်တွေကို နေ့တိုင်း နည်းနည်းစီကျွေးပေးမယ်ဆိုရင် လူကြီးတွေ အာဟာရချို့တဲ့မှာ ပူစရာမလိုတော့ဘူးပေါ့။

    ၄။ လိုအပ်ရင် အားဆေး၊ ဖြည့်စွက်စာတွေ ကျွေးပေးပါ။

    စားလိုက်တဲ့ အစားအစာကနေ အာဟာရဓါတ်တွေကို ကိုယ်ခန္ဓါက စုပ်ယူပေးရပါတယ်။ အဲ့တော့ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက အာဟာရစုပ်ယူနိုင်စွမ်းတွေ နည်းသွားပါတယ်။ ဒါ့အပြင်ကိုမှ အစားကလည်း နည်းသွားတယ်ဆိုတော့ လူကြီးတွေ အာဟာရချို့တဲ့တာမျိုး မဖြစ်ရလေအောင် ဗီတာမင်အားဆေး၊ ဖြည့်စွက်စာတွေ ကျွေးပေးနိုင်ရင် ပိုကောင်းတယ်နော်။

    ၅။ ရေဓါတ်ပြည့်ဝနေပါစေ။

    အထူးသဖြင့် နွေရာသီဆိုရင် အပြင်ကအပူဒဏ်ကြောင့် လူကြီးတွေ ချွေးထွက်လွန်ပြီး ဒီချွေးနဲ့ အအေးပပ်တာ၊ ဖျားနာတာ၊ ရေဓါတ်ခမ်းခြောက်တာမျိုးတွေ အဖြစ်များပါတယ်။ ဒါကြောင့်မို့ ဖေဖေမေမေတို့ကို ရေများများသောက်ဖို့ သတိပေးပါ။ ကိုယ်က အချိန်ပေးနိုင်ရင် ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်တိုက်ပေးတာ၊ ချောင်းဆိုးချွဲကျပ်တာမျိုး မဖြစ်စေဖို့ ပျားရည်နဲ့ သံပရာရည်ရောတိုက်တာမျိုး လုပ်ပေးလို့ ရတယ်နော်။

    ၆။ အဝတ်အစားတွေကို ကိုယ်တိုင်လျှော်ဖွပ်ပေးပါ။

    ကိုယ့်အိမ်က လူကြီးမိဘတွေ အပြင်ကပြန်ရောက်လာတာနဲ့ လြေက်သန့်စင်ဖို့ အဝတ်အစားတွေမှာ ချွေးတွေစိုလာခဲ့ရင်ချက်ချင်းလဲဖို့ သတိပေးပါ။ အပြင်က ဖုန်တွေ၊ ရောဂါပိုးမွှားတွေရော၊ ချွေးတွေပါ ရောသွားတော့ ဒီအကျီကို မလဲဘဲဒီအတိုင်းနေနေရင် ဘက်တီးရီးယားတွေကို အားပေးသလိုဖြစ်နိုင်တာကြောင့်ပါ။ အဝတ်လဲပြီးတာနဲ့ သူတို့ကို နားနားနေနေ နေဖို့ပြောပေးပါ။ အဝတ်အစားတွေကိုလည်း အများကြီး စုပုံမလျှော်ဘဲ နည်းနည်းစီ လျှော်ပေးတာက ဖားဥစွဲတာ၊ မှိုစွဲတာမျိုးတွေ မဖြစ်စေသလို အနံ့အသက်တွေလည်း ကင်းစေတယ်။ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ နည်းသွားတာကြောင့် လူကြီးတွေရဲ့ ကျန်းမာရေးအတွက်လည်း အဆင်ပြေစေတာပေါ့။

    ၇။ ကျန်းမာရေးအခြေအနေကို အမြဲ မျက်ခြေမပြတ် စစ်ဆေးပေးပါ။

    အသက်ကြီးလာပြီဆိုရင် ပုံမှန်ဆေးစစ်တာ၊ ရောဂါတွေစစ်ဆေးတာမျိုး ၆လတစ်ကြိမ် သို့မဟုတ် တစ်နှစ်ကိုတစ်ကြိမ်လောက်တော့ လုပ်ပေးသင့်ပါတယ်။ ရောဂါဆိုတာ စောစောသိလေ ကုသဖို့ ပိုပြီးလွယ်ကူတဲ့အတွက် မိဘဖိုးဖိုးဖွားဖွားတွေလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေနိုင်မှာပေါ့။

    အပေါ်မှာ ပြောထားတဲ့အချက်လေးတွေကို သေချာလုပ်ပြီး ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို ကျန်းမာအောင် ဂရုစိုက်ကြရအောင်လား။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement