backup og meta

ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)

    ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)

    “လမ်းထဲက ဦးဘယ်သူလေ အရင်က အမြဲတမ်း တက်တက်ကြွကြွနဲ့ အခု ချက်ချင်းကြီး ဆွဲချသလို အိုစာသွားလိုက်တာဟယ်” “ဪ…. ဦးဘယ်ဝါရော ဘာထူးလဲ။ ငါတို့ ငယ်ငယ်လေးကတည်းက ရုံးသွား၊ရုံးပြန်တိုင်း ငါတို့ အိမ်ရှေ့ကဖြတ်သွားရင် ငါ့ကို ခေါင်းလေးပုတ်ပုတ်ပြီး နှုတ်ဆက်သွားနေကျ၊အခု ပင်စင်လည်း ယူပြီးရော နှစ်လလောက်ပဲ ရှိသေးတယ်။ အဖိုးကြီးအိုလုံးလုံး ဖြစ်ပါလေရော။ ဟိုနေ့က လမ်းမှာတွေ့တာတောင် ငါ့ကို နှုတ်မဆက်ဘူး” “အင်း…. ဒေါ်ဘယ်ဒင်းကတော့ တမျိုးဟဲ့။ အရင် ဘဏ်မှာလုပ်တုန်းကလည်း ပြင်လို့ဆင်လို့ လှလို့ ပလို့ အခုပင်စင်ယူပြီးတော့လည်း သမီးတွေ၊မြေးတွေနဲ့ အပြိုင်လှနေ၊ခန့်နေထည်နေတုန်းပဲ”

    ဒီလို စကားလေးတွေကို သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အသက်ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူလိုက်ပြီဆိုတာနဲ့ တသက်လုံး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ကြီး လှုပ်ရှားခဲ့တဲ့ လူတယောက်က ဘာလို့များ ရုတ်ချည်း စိတ်ဓါတ်တွေကျပြီး ပြောင်းလဲသွားရတာလဲ?ဘယ်အရာတွေက သူ့ကို ဆွဲချလိုက်တာလဲ?တချို့ကျပြန်တော့ ပင်စင်ယူပြီးလည်း ပျော်လို့ပါးလို့ သန်တုန်းမြန်တုန်းပဲ။ ဘာတွေက ကွာခြားသွားစေတာလဲ?ဒီလိုမျိုး ဆိုးဆိုးရွားရွားတွေ မကြုံတွေ့ရအောင် ဘယ်တွေဆောင်ရ၊ရှောင်ရမလဲ?ဒီဆောင်းပါးလေးမှာ တတ်သလောက်၊မှတ်သလောက် မျှဝေပေးထားပါတယ်။

    ပင်စင်နာ ဆိုတာဘာလဲ။

    တသက်တာလုံး ကြိုးစားလုပ်ကိုင်လှုပ်ရှားခဲ့တာတွေကို (ဒီလိုပြောရာမှာ ပင်ပင်ပန်းပန်းလုပ်ရတာ၊ရာထူးအကြီးအသေးကွာဟတာ၊ဝင်ငွေအနည်းအများကို မဆိုလိုဘဲ ဟိုးအောက်ခြေဝန်ထမ်းမှသည် ထိပ်ဆုံးက စီအီးအိုအဆင့်ထိ ရည်ညွှန်းပါတယ်)အသက်ခြောက်ဆယ်ပြည့်တဲ့အချိန်မှာ တိခနဲဖြတ်ချပြီး လုံးဝအားလပ်သွားပြီဆိုတဲ့အခါ အရက်ဖြတ်လိုက်သလို၊ဆေးဖြတ်လိုက်သလိုပဲ လူဟာနေရထိုင်ရ တမျိုးကြီးဖြစ်သွားပြီး စိတ်ဓါတ်ကျမှုတွေ၊စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ သဟဇာတမဖြစ်မှု ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ခံစားလာရခြင်းကို ပင်စင်နာလို့ ဒီဆောင်းပါးလေးမှာ အကြမ်းဖျင်း ရည်ညွှန်းပါမယ်။

    ပင်စင်နာ ဘာလို့ဖြစ်သလဲ။

    • နိစ္စဓူဝလှုပ်ရှားလုပ်ကိုင်နေရာကနေ ရုတ်တရက် အားလပ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိခြင်း။
    • ဝင်ငွေအတိုင်းအတာတခုထိ လျော့နည်းသွားတဲ့အတွက် စိတ်ဓါတ်ကျခြင်း။
    • မိမိကိုယ်မိမိ အသုံးမဝင်တော့သလို ခံစားမိခြင်း။
    • အသက်ကြီးလာကြောင်းကို ရုတ်တရက် သတိထားလိုက်မိခြင်း။
    • ရုံးမှ/အလုပ်မှ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မတွေ့ဆုံရတော့ခြင်း အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ပင်စင်နာရောဂါ ဖြစ်ပေါ်လာရပါတယ်။

    ပင်စင်နာ မဖြစ်အောင် ဘယ်လိုကျင့်ကြံနေထိုင်ရမလဲ။

    (၁) ဝါသနာကို အကောင်အထည်ဖော်ပါ။

    ပင်စင်နာခံစားရတဲ့ အဓိကအချက်က အချိန်တွေပိုသွားတာရယ်၊(self-esteem) လို့ခေါ်တဲ့ မိမိကိုယ်မိမိ တန်ဖိုးထားဂုဏ်ယူမှု ယုတ်လျော့သွားရတာရယ်ကြောင့် ဖြစ်တဲ့အတွက် ဒီအချက်တွေကို အလျင်အမြန် ကုစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် တချက်ခုတ်၊နှစ်ချက်ပြတ်ဆိုသလို အထက်ပါ အချက်နှစ်ချက်လုံးကို ကူညီကယ်တင်ပေးနိုင်မယ့် နည်းလမ်းကတော့ မိမိဝါသနာရာပါကို ဇောက်ချလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေမှာ အနည်းစုသော ကံကောင်းသူတွေသာလျှင် ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထပ်တူကျကြပါတယ်(အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာပေါ့လေ)။ ဒါကြောင့် တသက်လုံး ကွန်ပြူတာရှေ့မှာ အချိန်ကုန်လာခဲ့ပေမယ့် ကိုယ်တကယ်လုပ်ချင်တာက မုန့်ဖုတ်တဲ့ဝါသနာ ဖြစ်ကောင်းဖြစ်နေမယ်။ ဆေးရုံနဲ့လူနာတွေကြားမှာ ဘဝကို မြှုပ်နှံထားရတဲ့ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပေမယ့် ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးအတွင်းစိတ်ထဲက ဝါသနာဟာ စာရေးစာဖတ်ဖို့ ဖြစ်ကောင်းဖြစ်နေမယ်။ ဘဏ်မှာ အမှုဆောင်အရာရှိချုပ်ရာထူးနဲ့ လစာကောင်းကောင်းတွေကို တသက်လုံး ခံစားခဲ့ရပေမယ့် ကိုယ့်ရဲ့အားသန်တဲ့အရာက စိတ်အေးလက်အေးရှိတဲ့ တနေရာမှာ ရွက်ဖျင်တဲလေးထိုးပြီး သဘာဝအလှတရားတွေကို ခံစားတာ၊ငါးလေးမျှားနေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် အခု သင်အသက်ခြောက်ဆယ်ပြည့်လို့ အနားယူရပြီဆိုရင်တော့ ကျန်ရှိနေသေးတဲ့ ဘဝအချိန်ပိုင်းလေးတွေမှာ သင့်ဝါသနာကို ဦးစားပေးဖို့ အချိန်ရောက်ပါပြီ။ ဖြစ်သင့်တာတွေကိုချည်း တသက်လုံးလုပ်ခဲ့ပေမယ့် ဖြစ်ချင်တာကို အလှည့်ပေးချိန်တန်ပါပြီ။ ဘဝက တိုတိုလေးပါ။ ဒါကြောင့် သင်ဝါသနာပါရာကို စိုက်လိုက်မတ်တပ်လုပ်ပါ။ လူဟာ ကိုယ်တကယ် စိတ်ပျော်ရာကို လုပ်နေရရင် ထမင်းမေ့၊ဟင်းမေ့ဆိုတာ တင်စားပြောတဲ့စကား မဟုတ်ပါဘူး။ တကယ့်အမှန်တရားဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပိုထွက်လာပြီဖြစ်တဲ့ သင့်ရဲ့အချိန်ပိုတွေကို အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေမယ့်အပြင် မိမိကိုယ်ကို တန်ဖိုးထားစိတ်လည်း ပိုမိုရှင်သန်မြင့်မားလာမှာပဲ ဖြစ်ပါတယ်။

    (၂) အကောင်းမြင်စိတ်မွေးပါ။

    အကောင်းမြင်စိတ်မွေးတာဟာ အသက်အရွယ်အပိုင်းအခြားအားလုံးနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် ပင်စင်စားဖိုးဖိုးဖွားဖွားတွေအတွက် ပိုလို့တောင် လိုအပ်တဲ့၊အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကပေးတဲ့ အသိသညာ၊အတွေ့အကြုံတွေအရ ကိုယ့်ရဲ့ သားသမီး၊မြေးမြစ်တွေ၊လူငယ်တွေ လုပ်တာကိုင်တာကို မြင်ရတာဟာ မထော်မနန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အရာအားလုံးကို တတ်နိုင်သမျှ လျစ်လျူရှုပါ။ ကိုယ်လည်း သူတို့အရွယ်က ဒီလိုပဲ လုပ်ခဲ့မိမှာပဲလေဆိုတဲ့ သဘောတရားကို ရင်ဝယ်ပိုက်ပါ။ အရာခပ်သိမ်းကို အကောင်းမြင်စိတ်ထားပြီး ကြံစည်တွေးတောလုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် သင်ကိုယ်တိုင်ရော၊သင်နဲ့ အနီးကပ် သို့မဟုတ် အဝေးက ဆက်ဆံနေရသူအားလုံးပါ ပိုပြီးပျော်ရွှင်ကျေနပ်ရပါလိမ့်မယ်။ မှတ်ထားပါ။ အရာအားလုံးကို အကောင်းမြင်ပါ။ အဓိကအကျဆုံးက သင့်စိတ်တခုပါပဲ။

    ပင်စင်နာ အပိုင်း(၂)ကို ဆက်လက်ဖတ်ရှုပေးပါအုံးနော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement