backup og meta

ချစ်ရသော အဘိုးအဘွားများနဲ့ ပျော်ရွှင်စရာအချိန်လေး ဖန်တီးနိုင်ဖို့


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်တော်တို့တွေရဲ့ အဘိုးအဘွားတွေဟာ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ အရင်တုန်းကလိုပဲ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်တုန်းပါပဲ။ အိုဇာတာ ကောင်းတယ်ဆိုတာ ဒါမျိုးပေါ့။ ဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့တွေက အားပေးထောက်ပံ့ပေးထားတယ်လေ။

    တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့ အဘိုးအဘွားတွေကို ကျွန်တော်တို့က လက်ပြန်ကမ်းပေးဖို့ အချိန်ရောက်လာခဲ့ပါပြီ။ နေဝင်ချိန်မှာ ဆည်းဆာတွေနဲ့ လှပနိုင်ဖို့ ကျွန်တော်တို့တွေမှာ အများကြီး တာဝန်ရှိပါတယ်။

    ချစ်ရသော အဘိုးအဘွားများနဲ့ ပျော်ရွှင်စရာအချိန်လေး ဖန်တီးနိုင်ဖို့

    • အချိန်ပေးပါ။

    ဒါအရေးကြီးဆုံးပါပဲ။ ကံကောင်းတာက ဒီမှာက အသက်ကြီးတဲ့အထိ မိဘနဲ့ပဲ အတူနေကြတာ များတဲ့အတွက် နေ့တိုင်းလိုလို တွေ့ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်သိပ်များလွန်းတဲ့အခါကျ တစ်အိမ်ထဲမှာ နေတာတောင် ဂရုမစိုက်မိတဲ့အခါတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နာရီပိုင်းလောက်ဖြစ်ဖြစ် အားအောင်လုပ်ပြီး အဖော်လုပ်ပေးပါ။ ထမင်းအတူစားပေးပါ။

    အဝေးမှာ နေရတယ်ဆိုရင်လည်း အဆက်အသွယ် မပြတ်ပါစေနဲ့။ ဖုန်းလေးတော့ ပုံမှန်ပြောဖြစ်အောင် ကြိုးစားပါ။ အခါကြီး ရက်ကြီးတွေမှာ သွားလည်ပေးပါ။ လက်ဆောင်လေးတွေ ယူသွားပါ။ ဒါတွေက သူတို့ကို နည်းတယ် များတယ်မဟုတ်ဘဲ ပျော်ရွှင်စေပါတယ်။

    • အလုပ်လေး တစ်ခုရှိပါစေ။

    အသက်ကြီးလာတာနဲ့အမျှ အထီးကျန်ခြင်း ဝေဒနာက ပိုဆိုးလာပါတယ်။ အရင်က အလုပ်နဲ့ လက်နဲ့ မပြတ်ခဲ့တဲ့သူဆို ပိုဆိုးပါတယ်။ ဒါကြောင့် သူတို့ဝါသနာပါရာ တစ်ခုခုပေးလုပ်လိုက်ပါ။ တချို့က စာသင်တာဝါသနာပါတဲ့ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတွေ၊ တချို့က အပင်စိုက်ဝါသနာပါတဲ့ ဥယျာဉ်မှူးတွေ၊ အချုပ်အလုပ်ဝါသနာပါတာတွေ စသဖြင့် ဝါသနာပါရာ ပေးလုပ်လိုက်ပါ။ နောက်ဆုံး အိမ်အလုပ်ဖြစ်ဖြစ်ပေါ့

    ငွေရေး ကြေးရေးက အဓိက မဟုတ်ပါဘူး။ တချို့ဆို ပင်စင်အစီအစဉ်တွေ၊ သားသမီးထောက်ပံ့တာတွေနဲ့ လုံလောက်ပြီးသားပါ။ အဓိကက အပျင်းပြေအောင်ရယ်၊ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုဖြစ်အောင်ရယ်၊ သူတို့ကိုယ်သူတို့ အသုံးဝင်သေးတယ်၊ အလုပ်လုပ်နိုင်သေးတယ်လို့ ခံစားမိစေဖို့ပါပဲ။ တစ်ခါတလေ သားသမီးတွေက မိဘအလုပ်တွေမှာ ဝင်ကူလုပ်ပေးလိုက်ရင် ပိုတောင် ပျော်စရာကောင်းဦးမှာပါ။ ဒါလည်း အချိန်ပေးနည်း တစ်မျိုးပါပဲ။

    • ထမင်းတူတူ စားပေးပါ။

    နေ့စဉ် ထမင်းတစ်နပ်လောက် အတူတူ စားပေးတာကလည်း အချိန်ပေးနည်း တစ်မျိုးပါပဲ။ သူတို့ချက်တာကို အားရပါးရ စားပြရင် လူကြီးတွေက သိပ်ပျော်ကြပါတယ်။ ကြုံကြိုက်ရင် မီးဖိုချောင်ထဲမှာ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာ (ဥပမာ အော်ဂဲနစ်အစားအစာ) ဝယ်ဖြည့်ထားပါ။ အချိန်ရတဲ့အခါ အတူတူချက်ပြုတ်တာ၊  ထမင်းစားရင်း စကားအတူပြောတာကလည်း ပျော်စရာတစ်မျိုးပါပဲ။ ရပ်ကွက်ထဲက သင်မသိတဲ့ အကြောင်းတွေအကုန်လုံးကို ပြန်ပြောပြပါလိမ့်မယ်။ ပွဲတော်ရက်တွေဆိုရင်လည်း အချိန်ပေးပြီး အပြင်မှာ ထွက်စားတာမျိုး၊ လျှောက်လည်တာမျိုး လုပ်ပေးပါ။

    • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းပါ။

    COVID-19 ကာလမှာ လူကြီးတွေက တစ်ခုခုဆို ပြင်းထန်နာမကျန်း ဖြစ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မထွက်ခိုင်းတာ ကြာခဲ့ပါပြီ။ လူကြီးတွေက လှုပ်ရှားမှုမရှိရင် ပိုပြီး နာဖျားတတ်ပါတယ်။

    ဒါကြောင့် COVID-19 ကာကွယ်နည်းတွေ ဖြစ်တဲ့ ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်းတပ်တာတွေ လိုက်နာပြီး မနက်စောစော လူရှင်းတဲ့အချိန်မှာ လေ့ကျင့်ခန်း ပေးလုပ်ပါ။ တတ်နိုင်ရင် အချိန်ပေးပြီး အတူတူလမ်းထွက်လျှောက်တာမျိုး၊ ခြံထဲမှာပဲ အတူတူ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးလို့ရပါတယ်။ အိမ်ထဲမှာ မြေးထိန်းတာကလည်း လေ့ကျင့်ခန်း တစ်မျိုးပဲမို့လို့ မြေးလေးတွေနဲ့ ဆော့ကစားနိုင်အောင် စီစဉ်ပေးလိုက်ပါ။

  • နည်းပညာသုံးနည်း သင်ပေးပါ။

  • နည်းပညာသုံးတယ်ဆိုတာ ပညာရပ် အသစ်တစ်ခုခုကို သင်ယူတာပါပဲ။ ဦးနှောက်ကို အလုပ်ပေးတာဖြစ်တဲ့အတွက် လူကြီးတွေမှာ သတိမေ့တာ၊ သူငယ်ပြန်တာကို ကာကွယ်ပေးပါတယ်။ အချိန်ပေးပြီး စိတ်ရှည်လက်ရှည်သင်ပေးပါ။ ကျွန်တော်တို့က တစ်ချိန်လုံး သူ့တို့နားမှာ မရှိတဲ့အတွက် အားတဲ့အခါ အမျိုးတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ အပျင်းပြေ စကားပြောနိုင်အောင် သင်ထားပေးသင့်ပါတယ်။

    • လေးစားမှုပြပေးပါ။

    သူတို့တွေဟာ ကျွန်တော်တို့တွေရဲ့ မိဘတွေ ဖြစ်တဲ့အတွက် ဘယ်လောက်ပဲ အသက်ကြီးလို့ အရင်ကလောက် မစွမ်းဆောင်နိုင်ဘူးဆိုဆို လေးစားမှု ပြသင့်ပါတယ်။ အထူးသဖြင့် လူအများကြားမှာ၊ သားသမီးတွေ ရှေ့မှာပေါ့။ ကျွန်တော်တို့တွေထက် အသက်ရော၊ အတွေ့အကြုံရော များတဲ့အတွက် သူတို့ပြောစကားကို အချိန်ပေးပြီး လေးလေးစားစား နားထောင်သင့်ပါတယ်။ ဆုံးဖြတ်ချက်ချခွင့်တွေ ပေးသင့်ပါတယ်။

    • ငွေကြေးထောက်ပံ့ပါ။

    နည်းတာ၊ များတာ၊ ဆင်းရဲ၊ ချမ်းသာနဲ့ မဆိုင်ပါဘူး။ ပမာဏတစ်ခု သတ်မှတ်ပြီး ပုံမှန်ထောက်ပံ့ပေးပါ။ အသက်ကြီးလာပေမယ့် သူတို့မှာလည်း သုံးစရာ၊ လှူစရာ၊ ကျန်းမာရေး အသုံးစရိတ်တွေ ရှိတာပါပဲ။

    လက်ထဲငွေရှိနေတော့ စိတ်အေးအေး နေနိုင်ပါတယ်။ ဒါကြောင့် ဘဏ်မှာ စုငွေများ အစီအစဉ်တစ်ခုလုပ်ပေးပါ။ ဒါကလည်း ငွေကြေး ရင်းနှီး မြှုပ်နှံမှု တစ်ခုပါပဲ။

    • ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကူညီပေးပါ။

    ဒီအရွယ်လူကြီးတွေက ဒူးနာခြင်းက စလို့ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လူကြီးသဘာဝအရ တစ်ခုခုဆို ဆေးရုံဆေးခန်း ပြသဖို့ ဝန်လေးတတ်ပါတယ်။ ကျွန်တော်တို့က ဦးဆောင်ပြီး အချိန်ပေး လိုက်ပြပေးမှပဲ အဆင်ပြေမှာပါ။

    အိမ်ကျတော့လည်း လိုအပ်တဲ့ ဆေးဝါးတွေကို ပုံမှန် သောက်ရဲ့လား၊ အစားအသောက် အနေအထိုင် ဆင်ခြင်ရဲ့လားဆိုတာ ကျွန်တော်တို့က လိုက်ဂရုစိုက်ပေးမှပဲ အဆင်ပြေနိုင်ပါမယ်။

    သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လာပြီဆိုရင် လူကြီးတွေ စိုးရိမ်တာက ငွေကုန်ကြေးကျများမှာ၊ သားသမီးတွေကို မနိုင်ဝန်တွေ ပေးမိမှာကိုပါပဲ။

    ဒါကြောင့် ဖြစ်လာမှ တစ်ခါတည်း ပေးလိုက်ရတာထက်စာရင် ကျန်းမာရေး အာမခံ လုပ်ထားတာက ရေရှည်မှာ ပိုအဆင်ပြေမှာပါ။ ခုခေတ်မှာ ထိခိုက်မှု အာမခံ၊ ပြင်းထန် နာမကျန်း အာမခံ၊ စရိတ်နည်း အာမခံ စသဖြင့် အမျိုးမျိုးရှိနေတာကြောင့်  ကိုယ်နဲ့ လိုက်ဖက်တဲ့ အာမခံကြေး ပေးသွင်းမှု တစ်ခုခု လုပ်ထားတာ ပိုကောင်းပါယ်။

    အွန်လိုင်း အာမခံ စနစ်ရှိနေတာကြောင့် သိပ်လည်း ကရိကထမများပါဘူး။ လူကြီးတွေလည်း သိထားတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ စိတ်ပူပန်နေရမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေအတွက် ကျန်းမာရေးထက် အရေးကြီးတာ ဘာများရှိဦးမှာလဲ။

    အသက်ကြီးလာတာနဲ့အမျှ သူတို့က အချိန်ပိုတွေထွက်ပြီး ကျွန်တော်တို့ကတော့ တစ်နေ့တစ်နေ့ အချိန်မလောက်အောင် အလုပ်တွေရှုပ်လာကြပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ မိဘတွေကို အချိန်ပေး၊ အဖော်လုပ်ပေးဖို့ ပျက်ကွက်လာကြပါတယ်။

    ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ကို ထိန်းရင်း အလုပ်တစ်ဖက်နဲ့ ဖြတ်သန်းလာကြတဲ့ မိဘတွေကို ကျွန်တော်တို့ကလည်း အချိန်ပေးပြီး ဂရုစိုက်ဖို့ ဝန်မလေးနေသင့်တော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement