backup og meta

အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို အိမ်မှာဘယ်လိုပြုစုမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို အိမ်မှာဘယ်လိုပြုစုမလဲ။

    အယ်ဇိုင်းမားဆိုတာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါပါ။ နာတာရှည်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းနေတာက လွဲပြီး ကြီးကြီးမားမား နာမကျန်းဖြစ်တာမျိုး မဟုတ်တဲ့အတွက် အိမ်မှာပဲ ပြုစုပေးလို့ရပါတယ်။ ဒါပေမယ့် အယ်ဇိုင်းမားရှိသူ ရဲ့ နေ့စဉ်အလုပ်တွေ၊ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကို အစစအရာရာ ဂရုစိုက်ပေးရမှာဖြစ်တဲ့အတွက် ရေရှည်မှာ အဆင်ပြေဖို့ နည်းလမ်းလေးတွေ လိုအပ်ပါတယ်။

    အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို နေ့စဉ် ပြုစုပေးရမယ်ဆိုရင်

    စစချင်းမှာတော့ လူနာက သူ့ဟာသူ အလုပ်လုပ်နိုင်ဦးမှာပါ။ နောက်ပိုင်းမှာ သူ့ရဲ့ မှတ်ဉာဏ်ထိခိုက်လာတာနဲ့အမျှ တစ်ကိုယ်ရည် အလုပ်တွေ လုပ်ဖို့တောင် အခက်အခဲ ရှိလာမှာပါ။ ဒါဆိုရင် ဘေးလူက ကူပေးရပါပြီ။

    • အလုပ်တွေကို အစဉ်လိုက် လုပ်ပေးပါ။ ဥပမာ ရေချိုးပြီးရင် အဝတ်လဲမယ် ။ပြီးရင် ထမင်းစားမယ် စသဖြင့်။ ဒါမှ လူကြီးတွေလည်း မှတ်ရလွယ်မှာပါ။
    • လူကြီးမှာ လုပ်စရာရှိတာတွေ၊ ချိန်းထားတာရှိတာတွေကို စာအုပ်မှာဖြစ်ဖြစ် မှတ်ထားပေးပါ။
    • သူလုပ်နေကျအလုပ်တွေကို ပုံမှန်အချိန်တစ်ခုမှာ လုပ်ဖြစ်အောင် ကူညီပေးပါ။ ဥပမာ ချည်ထိုးတာကို သဘောကျရင် ညနေ ၄နာရီဆိုတာနဲ့ ချည်ထိုးဖို့ သတိပေးတာမျိုး။
    • ဆေးသောက်ဖို့ လိုတယ်ဆိုရင် Alarm ပေးထားပြီး ပုံမှန်သောက်ဖြစ်အောင် ကူညီပေးပါ။
    • လူကြီးတွေက အစစအရာရာ သူများကို အားကိုးနေရရင်  စိတ်ဓာတ်ကျလာတတ်ပါတယ်။ ဒါကြောင့် သူတို့လုပ်နိုင်တာလေးတွေကို ပေးလုပ်ပါ။ ဥပမာ ရေချိုးပြီး ရေသုတ်တာ၊ ကြယ်သီးတပ်တာ။
    • အဝတ်အစားရွေးတဲ့အခါ သူတို့အတွက် အဆင်ပြေမယ့်၊ ဝတ်ရချွတ်ရလွယ်တဲ့ အဝတ်အစားတွေကို ဝယ်ပေးပါ။ ဖိနပ်ဆိုလည်း စီးရလွယ်တဲ့ ခြေညှပ်၊ ကွင်းထိုးဖိနပ်တွေ စီးပေးပါ။
    • ထမင်းကျွေးတဲ့အခါ ပုံမှန်စားနေကျအချိန်၊ စားနေကျ နေရာမှာပဲ ကျွေးပေးပါ။ သူ့ဟာသူ အေးဆေးစားနိုင်ဖို့ အချိန်ပေးပါ။
    • လူကြီးတွေကို စိတ်ရှည်ပါ။ အော်ဟစ်ပြောဆို အပြစ်တင်နေမယ့်အစား ဘာပြီးရင် ဘာလုပ်ရမယ်ကို စိတ်ရှည်ရှည်ပြောပေးပါ။ ကိုယ်က ဦးဆောင်လုပ်တာထက် သူတို့ကို ကူညီပေးတဲ့ပုံစံမျိုးပဲလုပ်ပေးပါ။

    အယ်ဇိုင်းမားရှိသူ တစ်ယောက်နဲ့ ပြောဆိုဆက်သွယ်မယ်ဆိုရင်

    အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေက သတိမေ့တတ်တဲ့အတွက် သူတို့နဲ့ ပြောဆိုဆက်ဆံရတာ နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း စိတ်မရှည်ဘဲ ဘေးကလူတွေကို ဒေါသထွက်တတ်ပါတယ်။ သူတို့က တစ်ခုခုပြောခါနီးရင် စကားလုံးတွေကို မေ့နေတဲ့အတွက် စကားပြောဖို့ ကြာနေတတ်ပါတယ်။ ဒါကို မသိထားဘူးဆိုရင် ပြုစုပေးတဲ့သူက စိတ်မရှည်ဘဲ အောာ်ဟစ်မိတတ်ပါတယ်။

    ဒါကြောင့် သူတို့နဲ့ ပြောဆိုဆက်တဲ့အခါ အဆင်ပြေစေဖို့

    • သူတို့ စိတ်တိုနေပြီဆို နှစ်သိမ့်ပေးပါ။ သူတို့နဲ့ အပြိုင် ဒေါသမထွက်ပါနဲ့။ သူတို့ ဖြစ်နေတာကို နားလည်တဲ့ပုံစံ ပြပေးပါ။
    • သူတို့ကို လေးစားသမှုနဲ့ ဆက်ဆံပါ။
    • တစ်ခါတလေ သူတို့ကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပေးနေပါ။
    • မိသားစု ပျော်ပျော်ရွှင်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေကို ချိတ်ဆွဲထားပေးပါ။ လူကြီးတွေက အတွင်းစိတ်ထဲမှာ အားငယ်နေတတ်ကြလို့ပါ။
    • သူတို့က တစ်ခါတလေ မိသားစုဝင်တွေကို မမှတ်မိတတ်ကြပါဘူး။ ဒါလေးတောင် မမှတ်မိတော့ဘူးလားလို့ အပြစ်မတင်ဘဲ ဒါဘယ်သူပါလို့ ပြန်ပြောပြပေးလိုက်ပါ။
    • နှစ်ဦးနှစ်ဖက် အပြန်အလှန် စကားပြောတဲ့ အကျင့်ကို လုပ်ပါ။
    • သူတို့နဲ့ စကားပြောရတာ အဆင်မပြေတော့ဘူးလို့ ခံစားရရင် ဆက်မပြောဘဲ အာရုံပြောင်းလိုက်ပါ။

    အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို အိမ်မှာဘယ်လိုပြုစုမလဲ။

    အယ်ဇိုင်းမားရှိသူတစ်ယောက် ကျန်းကျန်းမာမာ လှုပ်လှုပ်ရှားရှား နေနိုင်ဖို့

    အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေက သတိမကောင်းရုံက လွဲပြီး တခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မရှိဘူးဆိုရင် လှုပ်လှုပ်ရှားရှားနေလို့ရပါတယ်။ အာဟာရပြည့်အောင်စားပြီး လှုပ်လှုပ်ရှားရှားနေတာက သူတို့အတွက် ပိုကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရောဂါပိုဆိုးလာရင်တော့ လုပ်ရတာ ခက်ပါတယ်။ ဒါဆိုရင်တော့

    • လူကြီးတွေအနေနဲ့ သက်သောင့်သက်သာလုပ်နိုင်မယ့် လှုပ်ရှားမှုတွေကို ခွင့်ပြုပေးပါ။ ဥပမာ တံမြက်စည်းလှဲတာ၊ အပင်ရေလောင်းတာမျိုး။
    • ကိုယ်ကစပြီး လုပ်ပြပါ။ အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေက စိတ်အားငယ်နေတဲ့အတွက် သူတို့မလုပ်နိုင်ဘူးလို့ပဲ တွေးကြပါတယ်။ ကိုယ်ကစပြီး ကမ်းလှမ်းရင် သူတို့ပါဝင်လာပါလိမ့်မယ်။ ဥပမာ မနက်စောစောအတူတူ လမ်းထလျှောက်တာမျိုး။
    • သူတစ်ခုခု လုပ်နေရင် အနားမှာ သီချင်းဖွင့်ထားပေးလို့ ရပါတယ်။ ပိုပြီး တက်တက်ကြွကြွနဲ့ ခပ်သွက်သွက်လေး လုပ်နိုင်ပါလိမ့်မယ်။
    • တစ်ကြိမ်ကို သူတို့လုပ်နိုင်သလောက်ပဲ လုပ်ပါစေ။ တစ်နေ့လုံးမှာ နည်းနည်းနဲ့ ခဏခဏ လှုပ်ရှားနေတာက ပိုကောင်းပါတယ်။
    • အစားအသောက်ဆိုရင်လည်း လုပ်ရလွယ်ပြီး သူတို့ စားလို့ အဆင်ပြေစေမယ့်၊ အာဟာရပြည့်ဝမယ့် အစားအစာကို ဦးစားပေးချက်ပြုတ်ပါ။
    • သူတို့ကိုလည်း ဆုံးဖြတ်ခွင့်ပေးပါ။ ဥပမာ ဒီနေ့ ဘာစားရင် ကောင်းမလဲဆိုတာမျိုးပေါ့။

    အယ်ဇိုင်းမားရှိသူ တစ်ယောက် အန္တရာယ်ကင်းစေဖို့

    အိမ်မှာ အယ်ဇိုင်းမားရှိတဲ့ လူကြီးရှိတယ်ဆိုရင် သူတို့ အန္တရာယ်ကင်းဖို့ ဦးစားပေးရပါမယ်။ သူတို့ သွားရင်းလာရင်း ထိခိုက်မိနိုင်တာတွေကို ကြိုတင်ဖယ်ရှားထားရပါမယ်။ ဒါတွေကို သတိထားပါ။

    • အိမ်မှာ လှေကားရှိတယ်ဆိုရင် ဘေးလက်တန်းပါပါစေ။ လှေကားထစ်တွေကနေ ချော်မကျအောင် ဘာလုပ်လို့ရမလဲဆိုတာကို ပြင်ဆင်ထားပါ။
    • ကြမ်းပြင်မှာ ခလုတ်တိုက်ပြီး ချော်လဲနိုင်တဲ့ ဝါယာကြိုးတွေ၊ ဖုန်းကြိုးတွေကို ကြိုရှင်းထားပါ။
    • အိမ်တွင်းအိမ်ပြင်မှာ အလင်းရောင်ကောင်းကောင်း ရပါစေ။
    • လိုက်ကာတွေ၊ ကော်ဇောတွေကိုလည်း အဆင်ရှင်းရှင်းတွေ ထားပေးပါ။
    • အိမ်မှာ သန့်ရှင်းရေးလုပ်နေတယ်ဆိုရင် လူကြီးကို လျှောက်မသွားဖို့ သတိပေးထားပါ။

    ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။

    အယ်ဇိုင်းမားရောဂါက နာတာရှည်ရောဂါဖြစ်တဲ့အတွက် တစ်သက်လုံး ပြုစုစောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

    • အကူအညီတောင်းပါ။ လူကြီးတွေကို ပြုစုဖို့က အိမ်သားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် တာဝန်ခွဲဝေပါ။
    • ကိုယ်တိုင်လည်း ကျန်းမာအောင် အာဟာရပြည့်အောင် စာားပါ။ လှုပ်လှုပ်ရှားရှားနေပါ။
    • တစ်ခါတလေမှာ ပြုစုစောင့်ရှောက်ရတာ အဆင်မပြေတာမျိုး ရှိတတ်ပါတယ်။ ဒါဆိုရင် အတွေ့အကြုံရှိတဲ့သူတွေ၊ ဘဝတူ ပြုစုစောင့်ရှောက်သူတွေကို မေးမြန်းပါ။
    • ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ အမြဲတမ်း လူကြီးနဲ့ နီးနီးကပ်ကပ် နေဖို့ မလိုပါဘူး။ ကိုယ်ဝါသနာပါရာလေးတွေလည်း လုပ်ပါ။ အပြင်ထွက်လည်ပါ။
    • အယ်ဇိုင်းမားလူနာတစ်ယောက်ကို ပြုစုရတာ မလွယ်ပါဘူး။ မိမိအနေနဲ့ သိပ်စိတ်ဖိစီးနေပြီဆိုရင် ဆေးကုသမှုခံယူလိုက်ပါ။

    အယ်ဇိုင်းမားရှိသူတစ်ယောက်ကို ပြုစုရတာက လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ လူနာကိုလည်း အဆင်ပြေအောင် ပြုစုဖို့ လိုသလို ကိုယ့်ကိုယ်ကိုလည်း အချိန်ပေးပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement