backup og meta

အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ

    လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဟာရဓါတ်ရရှိမှုနဲ့ပတ်သက်တဲ့ပြဿနာများစွာနဲ့ရင်ဆိုင်လာကြရပါတယ်။ အဲ့ဒီကနေမှ ကိုယ်ခံအားစနစ်ချို့ယွင်းလာတာ၊ အားနည်းလာတာ၊ အမျိုးအစား၂ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ နှလုံးရောဂါတို့လို ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။

    လူကြီးတွေမှာအဖြစ်များတဲ့ အာဟာရဆိုင်ရာပြဿနာများ

    ကိုယ်အလေးချိန်ထိန်းခြင်း

    သက်ကြီးပိုင်းအတော်များများက ကိုယ်အလေးချိန်ကို ပုံသေထိန်းထားနိုင်ဖို့မလွယ်လှပါဘူး။ ခန္ဓါကိုယ်က အိုမင်းလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်းလုပ်ဆောင်ချက်နည်းလာပါတယ်။ ဒါဟာ ခန္ဓါကိုယ်က အရင်ကထက် ကယ်လိုရီလောင်ကျွမ်းမှုနည်းလာတာပဲဖြစ်ပါတယ်။ အသက်ကကြီးလာတော့ ကိုယ်လက်လှုပ်ရှားမှုကလည်းနည်းလာပါတယ်။ ဒီနှစ်ချက်ပေါင်းသွားတဲ့အခါ အဝလွန်ခြင်းဘက်ကို ဦးတည်လာစေပါတယ်။ တဖက်မှာလည်း တချို့လူကြီးတွေမှာ အစာစားချင်စိတ်မရှိတာတွေ၊ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတာအပြင် အစာဝင်တာနည်းလာခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်နိုင်ခြေပိုများစေပါတယ်။

    အရသာခံနိုင်စွမ်း

    လူကြီးတွေမှာ အဖြစ်များတဲ့ပြဿနာက အငန်နဲ့အချိုကို အရသာခံနိုင်စွမ်းအားနည်းလာတာပဲဖြစ်ပါတယ်။ ချိုနေမှန်းမသိ၊ ငန်နေမှန်းမသိတဲ့အခါ အစားအစာထဲမှာ အငန်ပိုထည့်မိလာပြီး ကြာလာရင်သွေးတိုးရောဂါဖြစ်လာနိုင်ပါတယ်။ အလားတူပဲ ချိုတဲ့အစားအစာတွေကို စားချင်စိတ်ပိုဖြစ်လာပြီး အချိုရည်တွေပိုသောက်မိနိုင်ပါတယ်။

    ရေဓါတ်ဆုံးရှုံးခြင်း

    အသက်ကြီးရင့်လာတာနဲ့အမျှ ခန္ဓါကိုယ်ကရေဓါတ်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲရေဆာနေတာကိုလည်း သတိမထားမိကြတဲ့အခါရေသောက်နည်းလာပါတယ်။ တချို့ကဆို ကိုယ့်ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးရင်ဘာဖြစ်လာနိုင်မလဲဆိုတာသေချာမသိဘဲ ဆီးအိမ်မှာ လုပ်ဆောင်ချက်လွန်ကဲလာမှာကို စိုးရိမ်ပြီးရေသိပ်မသောက်ဖို့တောင်သေချာသတိထားကြတာရှိပါတယ်။ရေသောက်နည်းခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ ဝမ်းချုပ်ခြင်း၊ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊သွေးဖိအားကျခြင်း၊ နှလုံးခုန်မြန်ခြင်းကနေ တက်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနဲ့ အသက်ဆုံးရှုံးရခြင်းတွေအထိဖြစ်နိုင်ပါတယ်။

    အာဟာရဓါတ်ရရှိခြင်းဆိုင်ရာပြဿနာတွေမဖြစ်ရအောင် ဘယ်လိုလုပ်သင့်လဲ

    အရင်ဆုံးလုပ်ရမှာက လူကြီးတွေစားမယ့်အစားအသောက်တွေထဲမှာ လိုအပ်သမျှအာဟာရဓါတ်တွေ အပြည့်အဝပါဝင်စေဖို့ပဲဖြစ်ပါတယ်။နေ့စဉ်စားသောက်ပုံအာဟာရထဲမှာ ဒါလေးတွေပါဝင်ဖို့ ဂရုစိုက်ပါ။

    ငါး

    ငါးအမျိုးမျိုး၊ အထူးသဖြင့်ဆော်လမွန်ငါး မှာ ခန္ဓါကိုယ်နဲ့ဦးနှောက်အတွက်အကျိုးကျေးဇူးများစေတဲ့omega-3 fatsတွေပါဝင်ပါတယ်။Omega-3 fatsတွေဟာ ဦးနှောက်ရဲ့ဖွဲ့စည်းပုံမှာအရေးပါတဲ့အပိုင်းကပါဝင်ပြီး ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။

    အစိမ်းရောင်ရှိတဲ့အသီးအရွက်များ

    ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်နဲ့ ဟင်းနုနယ်တို့လို အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေမှာဦးနှောက်တွင်းက homocysteine ပမာဏကိုကျစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်B6၊ B12၊ folate တို့ကြွယ်ဝစွာပါဝင်ပါတယ်။homocysteine ပမာဏမြင့်နေရင် နှလုံးရောဂါနဲ့ အာရုံကြောအားနည်းတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေများစေနိုင်ပါတယ်။

    လက်ဖက်စိမ်း

    နှပ်ပြီးကာစgreen tea ကရေဓါတ်ပြည့်ဝစေပြီးcatechin လို့ခေါ်တဲ့ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝမှုကြောင့်free radicalsကြောင့် ခန္ဒါကိုယ်ဆဲလ်တွေထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတချို့အရgreen tea ကသွေးလည်ပတ်မှုကိုကောင်းစေပြီးသွေးတွင်းကိုလက်စထရောဓါတ်ကိုလျော့ကျစေနိုင်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာအမျိုးအစားတချို့နဲ့ အာရုံကြောရောဂါတွေကိုဖြစ်နိုင်ခြေနည်းပါးစေပါတယ်။

    အသီးအနှံများ

    လတ်ဆတ်တဲ့အသီးအနှံတွေက အရည်ဓါတ်၊ အမျှင်ဓါတ်၊ဗီတာမင်တွေနဲ့ သတ္ထုဓါတ်တွေကြွယ်ဝပါတယ်။ အသီးတွေနေ့စဉ်စားသုံးပေးရင် လူကြီးတွေမှာ ဝမ်းမှန်စေပါတယ်။flavanoids လိုမျိုး သဘာဝပါဝင်ပစ္စည်းတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဆဲလ်တွေကိုအကာအကွယ်ဖြစ်စေပါတယ်။

    အစေ့အဆံများ

    အစေ့အဆံတွေမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ မပြည့်ဝဆီတွေနဲ့monounsaturated fats၊ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်ပါတယ်။ အစေ့အဆံအများစုဟာ ဗီတာမင်E၊ ဗီတာမင်B2 နဲ့ အမျှင်ဓါတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ကော့ပါးနဲ့ ဆယ်လီနီယမ်တို့ကြွယ်ဝပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က နာတာရှည်နှလုံးရောဂါ၊ ကင်ဆာ၊လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခေတ္တရပ်ခြင်းတို့ဖြစ်နိင်ခြေလျော့နည်းစေပါတယ်။

    ဖြည့်စွက်အာဟာရ

    ထိုက်သင့်တဲ့အာဟာရကိုရရှိဖို့အရေးကြီးတဲ့အကြောင်း အတော်များများက သိကြပေမယ့် အသက်ကြီးရင့်လာတဲ့သဘာဝတရားကြောင့်ပဲ ဒီလိုအာဟာရတွေရရှိနိုင်ဖို့တော့ မလွယ်ပါဘူး။ ဒါ့ကြောင့် လူကြီးမိဘတွေမှာ အစာစားချင်စိတ်မရှိတာတွေဖြစ်လာပြီဆိုရင်ဖြည့်စွက်အာဟာရတွေကိုကျွေးပေးဖို့ လိုပါမယ်။ နေ့စဉ်ပုံမှန်စားသုံးနေတဲ့ စားသောက်မှုပုံစံမှာ အာဟာရညီညွတ်မျှတစွာပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ၊ အထူးသဖြင့် macro နဲ့ micro nutrients တွေပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ပါ။ရွေးချယ်ပြီးတဲ့ဖြည့်စွက်အာဟာရကို ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံပြုညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement