backup og meta

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

    အာဟာရချို့တဲ့တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအစာတွေကနေ အာဟာရဓာတ် အပြည့်အဝ မရရှိတာ ဖြစ်ပါတယ်။ အာဟာရဓာတ်တွေဆိုတာ ခန္ဓာကိုယ်ကို အားဖြစ်စေမယ့် အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ကို ကြီးထွားစေ၊ တစ်ရှူးတွေပြန်လည် ကောင်းမွန်စေပြီး အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့လို လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် အာဟာရချို့တဲ့လာပါတယ်။ လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ ဘာတွေ သိထားဖို့ လိုမလဲ။

    အာဟာရချို့တဲ့လာစေတဲ့ အကြောင်းရင်း

    အာဟာရချို့တဲ့ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာကြောင့် ကိုယ်ချစ်ခင်ရတဲ့မိဘတွေ လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ အတွက် အာဟာရချို့တဲ့မှု လက္ခဏာတွေကို သိထားသင့်ပါတယ်။

    အာဟာရချို့တဲ့မှုရဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိနိုင်ပါတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါင်းစုပြီးတော့လည်း ဖြစ်စေတတ်ပါတယ်။ ဥပမာ-

    • ရောဂါအတွက်စိတ်ပူနေရတဲ့အခါမျိုး

    လူကြီးတွေဟာ မှတ်ဉာဏ်ပြဿနာ၊ သွားကျန်းမာရေးပြဿနာတို့လို အကြောင်းအရာတွေကြောင့် အစာစားချင်စိတ်နည်းတာတွေဖြစ်လာတတ်ပါတယ်။ နာတာရှည်ရောဂါများ၊ သောက်သုံးနေရတဲ့ ဆေးဝါးများ၊ မျိုချရခက်ခဲတာ၊ အာဟာရဓာတ်မစုပ်ယူနိုင်တာ၊ မကြာသေးခင်ကမှ ဆေးရုံတက်ထားတာ၊ အနံ့ခံနိုင်စွမ်း အာရုံခံနိုင်စွမ်း အားနည်းတာ စတဲ့ တခြား အချက်တွေလည်းပါဝင်ပါတယ်။

    • စားသောက်တဲ့အာဟာရကို ကန့်သတ်ဆင်ခြင်တာ

    ဆား၊အဆီ၊ ပရိုတင်း ဒါမှမဟုတ် သကြားတို့လို ဆင်ခြင်စားသောက်ရမယ့် ကန့်သတ်ချက်တွေထားရှိတာက တချို့ဆေးဝါးကုထုံးတွေမှာ အကူအညီဖြစ်စေပေမယ့် အာဟာရ မလုံလောက်မှုလည်း ဖြစ်စေနိုင်ပါတယ်။

    • ဝင်ငွေအကန့်အသတ်ရှိတာ

    တချို့သက်ကြီးပိုင်းတွေမှာ ငွေကြေးမပြည့်စုံတာကြောင့်၊ အထူးသဖြင့် အကုန်အကျများတဲ့ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာ အာဟာရပြည့်အောင် အစုံအစိ ဝယ်မစားနိုင်ကြပါဘူး။

    • လူမှုဆက်ဆံရေးနည်းပါးလာတာ

    တစ်ယောက်တည်းထမင်းစားရတဲ့ သက်ကြီးပိုင်းအရွယ်တွေဟာ အရင်ကလောက်ထမင်းစားမဝင်တော့ဘဲ ချက်ပြုတ်ဖို့၊ စားဖို့အတွက် စိတ်ဝင်စားမှုနည်းသွားတတ်ပါတယ်။

    • စိတ်ကျခြင်း

    ဝမ်းနည်းစိတ်၊ အထီးကျန်မှု၊ ကျန်းမာရေးမကောင်းခြင်း၊ သွားလာလှုပ်ရှား မစွမ်းတော့ခြင်းနဲ့ တခြားအချက်တွေက စိတ်ကျဝေဒနာဖြစ်လာစေပြီး အစာစားချင်စိတ် လျော့နည်းစေပါတယ်။

    • အရက်သောက်ခြင်း

    အရက်သောက်တာများရင် အစာချေဖျက်မှုနဲ့ အာဟာရဓာတ် စုပ်ယူမှုတို့မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ အစာမစားဘဲ အရက်ချည်း သောက်နေသူတွေမှာတော့ အာဟာရ လုံးဝ ဆုံးရှုံးရပါတယ်။

    အာဟာရချို့တဲ့မှုကြောင့် ဖြစ်လာစေနိုင်တဲ့ပြဿနာများ

    သက်ကြီးပိုင်းအရွယ်တွေမှာ အာဟာရချို့တဲ့လာရင် ရောဂါအခြေအနေအမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ ဥပမာ – ကိုယ်ခံအားစနစ် အားနည်းပြီး ရောဂါမျိုးစုံဝင်နိုင်ခြင်း ၊ အနာကျက်နှေးခြင်း၊ ကြွက်သားအားနည်းခြင်း (ချော်လဲခြင်း၊ အရိုးကျိုးအက်ခြင်းတွေဖြစ်လာနိုင်)တွေအပြင် နောက်ပိုင်းမှာ အစာစားချင်စိတ်မရှိတာတွေ ဖြစ်လာနိုင်ပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။

    အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မောပန်းအားကုန်ခြင်း (အားအင်ကုန်ခန်းခြင်း)၊ ကြွက်သားအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်မကောင်းတော့ခြင်း၊သွေးအားနည်းခြင်းတို့လည်း ခံစားရနိုင်ပါတယ်။

    လူကြီးတွေမှာအာဟာရချို့တဲ့လာတဲ့ လက္ခဏာတွေကို သိနိုင်ဖို့ –

    • လူကြီးတွေရဲ့ စားသောက်ပုံအမူအကျင့်ကို စောင့်ကြည့်ပါ။ အိမ်မှာ ထမင်းအတူစားပေးပါ။ မိဘက အိမ်သီးသန့်နေထိုင်သူဖြစ်ရင် စားစရာလေးတွေဝယ်သွားပေးပါ။ ဆေးရုံရောက်နေသူဆိုရင် ထမင်းစားချိန်အတွင်းသွားတွေ့ဆုံပါ။
    • ကိုယ်အလေးချိန်ကျဆင်းမှုရှိမရှိ စောင့်ကြည့်ပါ။ ပေါင်ချိန်စက်နဲ့တိုင်းတာတာအပြင် အဝတ်အစားတွေ တော်မတော် သတိထားကြည့်နိုင်ပါတယ်။
    • တခြားအရေးကြီးတဲ့အချက်တွေကို သတိထားပါ။ ကိုယ်အလေးချိန်ကျဆင်းမှုအပြင် အာဟာရချို့တဲ့မှုကြောင့် အနာကျက်နှေးခြင်း၊ ထိခိုက်ဒဏ်ရာရလွယ်ခြင်း၊ သွားကျန်းမာရေးထိခိုက်ခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။
    • လူကြီးတွေရဲ့ ဆေးဝါးသောက်သုံးမှုကို သိအောင်လေ့လာပါ။ ဆေးဝါးအတော်များများက အစာစားချင်စိတ်၊ အစာချေဖျက်မှုနဲ့ အာဟာရစုပ်ယူနိုင်စွမ်းတို့ကို ထိခိုက်စေတတ်ပါတယ်။

    လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာရွေးချယ်ဖို့ကို အားပေးပါ

    အကောင်းဆုံးကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံပြောင်းနှံတွေ၊ အဆီမပါတဲ့အသားတို့လို အာဟာရပြည့်ဝတဲ့အစားအစာတွေ ဖြစ်ပါတယ်။ လူကြီးတွေရဲ့ အဆီ၊ သကြား၊အငန်စားသုံးမှုနဲ့ ယမကာသောက်သုံးမှုကို ကန့်သတ်ပေးပါ။

    • ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုပဲ သရေစာအဖြစ်ရွေးချယ်တာက ကြားချိန်အတွင်း အာဟာရဓာတ်နဲ့ ကယ်လိုရီပိုရရှိစေနိုင်ပါတယ်။
    • ခံတွင်းလိုက်စေဖို့

    ဥပမာ လူကြီးတွေက ရောဂါကြောင့် ဆင်ခြင်စားသောက်နေရတဲ့သူတွေဆိုရင် အရသာပေါ့ရွှတ်ရွှတ်အစားအစာတွေမှာ ဟင်းခတ်အမွှေးကြိုင်တွေနဲ့စီမံပေးလိုက်ရင် ခံတွင်းပြန်ကောင်း စေနိုင်ပါတယ်။ ဒါပေမယ့် အငန်များတဲ့ အမွှေးအကြိုင်တွေကိုတော့ မသုံးမိဖို့သတိထားပါ။

    • ဖြည့်စွက်စာတွေ ထည့်သွင်းပေးဖို့

    တကယ်လို့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲတာတစ်ခုတည်းက လူကြီးသူမတွေအတွက် လုံလောက်တဲ့ အာဟာရဓာတ်ကို မပေးစွမ်းနိုင်ဘူးဆိုရင် အာဟာရဖြည့်စွက်စာ ထည့်သွင်းကျွေးခြင်းက သူတို့အတွက် အကျိုးများနိုင်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးချယ်နိုင်တဲ့နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    • ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့အားပေးပါ

    နည်းနည်းလောက်ဖြစ်ဖြစ် ပုံမှန်လှုပ်ရှားမှုပြုလုပ်ပေးခြင်းက လူကြီးတွေကို အစာစားချင်စိတ်ဖြစ်စေနိုင်ပြီး အရိုးနဲ့ ကြွက်သားသန်မာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်စေပါတယ်။

    • မိတ်ဆွေတွေနဲ့ တွေ့ဆုံသွားလာဖို့စီစဉ်ပေးပါ

    အိမ်နီးချင်း သို့မဟုတ် မိတ်ဆွေတစ်ဦးဦးနဲ့ တွေ့ဆုံပြီး အပြင်မှာနေ့လယ်စာစားဖို့ အားပေးပါ။

    • ဆရာဝန်ပြပေးပါ

    ဆရာဝန်နဲ့တွေ့ဆုံတဲ့အခါ လူကြီးတွေရဲ့ အာဟာရချို့တဲ့မှုနဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ အန္တရာယ်အကြောင်းကို မေးမြန်းသိရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement