backup og meta

လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ

    လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်မှာ သားသမီးတွေရှိခဲ့နိုင်တယ်၊ ခွဲစိတ်မှုတွေခံယူခဲ့ဖူးနိုင်တယ်၊ ဝခဲ့ဖူးမယ်၊ ပိန်ခဲ့ဖူးနိုင်တယ်၊ ထိခိုက်ဒဏ်ရာတွေခံစားရဖူးနိုင်တယ် ဒါမှမဟုတ် အသက်အန္တရာယ်ကြုံခဲ့ရတဲ့ရောဂါတွေ ရင်ဆိုင်ခဲ့ရနိုင်တယ်။ အသက်ကြီးလာတဲ့အခါကျရင်တော့ ဟော်မုန်းတွေအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခန္ဓါကိုယ်မှာ ဖြစ်လာတဲ့ပြောင်းလဲမှုအမျိုးမျိုးကို မလွှဲမရှောင်သာ လက်ခံပေးရမှာပါ။ ဒါ့ကြောင့် ကျန်းကျန်းမာမာနဲ့ ခွန်အားပြည့်ဝစွာနေနိုင်ဖို့ လျှို့ဝှက်ချက်ကို လူကြီးမိဘတွေနဲ့ သူတို့ရဲ့စောင့်ရှောက်သူတွေက လိုလားတောင့်တနေကြတာဖြစ်ပါတယ်။ ဒီအကြံပြုချက်လေးတွေကို ဖတ်ကြည့်ပါ၊ အထောက်အကူဖြစ်စေပါလိမ့်မယ်။

    အိပ်ရေးဝဝအိပ်ပါ

    တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ နည်းပညာပစ္စည်းတွေသုံးစွဲမှုများလာပြီး မိုဘိုင်းဖုန်း၊ တီဗီ၊ ကွန်ပျူတာတွေမရှိတဲ့ အိမ်ဆိုတာ မရှိသလာက်ပါပဲ။ ဒါ့အပြင် တီဗီကြိုက်တဲ့ လူကြီးမိဘတွေဆိုရင်တော့ အိပ်ရေးဝဝအိပ်နိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ အိပ်ရေးပျက်ထားတဲ့လူဟာနောက်တစ်နေ့မှာခေါင်းမူးနေမယ်၊ အာရုံပျံ့လွင့်လွယ်တယ်၊တစ်နေ့တာလုံး အားနည်းသလို နုံးသလိုခံစားနေရတတ်ပါတယ်။ အသက်ကြီးသူတွေမှာဆို ဒီအခြေအနေတွေက ပိုဆိုးနိုင်ပါတယ်။ အသက်ကြီးလာပြီဆိုရင် ခန္ဓါကိုယ်က အရင်ကလို ဒူပေနာပေခံနိုင်တော့မှာမဟုတ်ဘဲ အိပ်ရေးလေးပျက်ရုံနဲ့ ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းခြင်း၊ကြွက်သားအားလျော့ခြင်း၊ ခံနိုင်ရည်လျော့ကျခြင်း၊နဲ့ အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ ယိုယွင်းပျက်စီးလာခြင်းတို့လို ကျန်းမာရေးပြဿနာပေါင်းများစွာဖြစ်လာနိုင်ခြေများပါတယ်။ ဒါ့ကြောင့် အရေးကြီးတာက လူကြီးတွေကို ညဘက်ကောင်းကောင်း အိပ်စက်နိုင်ဖို့ ၊ အိပ်ချိန်မလွန်ဖို့ သတိပေးပါ။

    ရေအလုံအလောက် သောက်သုံးပါ

    လူကြီးတွေကိုရေများများသောက်ခိုင်းပါ။ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုထောက်ပံ့ပေးနိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကရေဓါတ်ဖြည့်တင်းပေးဖို့ပါပဲ။ရေသောက်ဖို့ သတိပေးသင့်သလို ဖျော်ရည်၊ စွပ်ပြုတ်၊ ဟင်းချိုစတာတွေကလည်း သူတို့ရဲ့စားသောက်မှုအာဟာရမှာရေဓါတ်ပါဝင်စေမှာဖြစ်ပါတယ်။

    ကြွက်သားသန်မာဖို့လေ့ကျင့်ခန်းလုပ်ပေးပါ

    အသက်ကြီးလာတာနဲ့အမျှလေ့ကျင့်ခန်းလုပ်ပေးတာက ကြွက်သားတည်ဆောက်မှုကို အထောက်အကူပေးပြီး ကြွက်သားသန်မာအားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားလှုပ်ရှားမှုက ကယ်လိုရီပိုလောင်ကျွမ်းစေတာကြောင့် လူကြီးတွေမှာ အစားစားချင်စိတ်ကိုလည်းမြှင့်တင်ပေးနိုင်ပြီး ခွန်အားတိုးကျန်းမာ၊နေကောင်းစေနိုင်ပါတယ်။

    ဖြည့်စွက်အာဟာရတွေ သောက်သုံးပါ

    ဖြည့်စွက်အာဟာရဆိုတာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နာမကျန်းဖြစ်နေသူတွေအတွက်ချည်းပဲမဟုတ်ပါဘူး။ တကယ်တော့ လူကြီးတွေမှာလည်းနေ့စဉ်စားသုံးသမျှထဲမှာ မပါလို့ မရရှိလိုက်တဲ့အာဟာရဓါတ်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဖြည့်စွက်အာဟာရတွေလိုအပ်ပါတယ်။ အာဟာရဓါတ်ပြည့်ဝပြီး ညီညွတ်မျှတတဲ့အာဟာရဖြည့်စွက်စာတွေမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်၊ အမျှင်ဓါတ်တို့ကိုထောက်ပံ့ပေးပြီး ကျန်းမာတဲ့ဘဝကိုရရှိစေမှာဖြစ်ပါတယ်။ ဒါမှနေ့စဉ်ရရှိသင့်တဲ့အာဟာရဓါတ်ကိုပြည့်မီစေပြီး ခွန်အားပြည့်ဝစေမှာပါ။

    အစားကို ပမာဏနည်းနည်းနဲ့ မကြာခဏကျွေးပေးပါ

    လူကြီးတွေ ခွန်အားပြည့်ဝနေစေဖို့ အကောင်းဆုံးက တခါတည်းအများကြီးကျွေးတာထက် ပမာဏနည်းနည်းနဲ့ အကြိမ်ရေခြားပြီး မကြာခဏကျွေးသင့်ပါတယ်။ နည်းနည်းချင်းစားတဲ့ ထမင်းခြောက်နပ်စာက လူကြီးတွေအတွက် တစ်နပ်စာစီကနေ ထိုက်သင့်မှန်ကန်တဲ့ အာဟာရဓါတ်တွေ ရရှိစေမှာဖြစ်ပါတယ်။

    ကျန်းမာရေးနဲ့ညီတဲ့ သရေစာတွေ ကျွေးပေးပါ

    လူကြီးတွေဟာ တစ်နေ့တာစားသုံးတဲ့ကယ်လိုရီပမာဏအပြင် သရေစာလည်း စားပေးဖို့လိုအပ်ပါတယ်။ သရေစာစားပေးခြင်းက အရေးပါတဲ့ အာဟာရဓါတ်စားသုံးမှုကို ပိုများစေပြီး ခွန်အားပြည့်စေကာ အထွေထွေကျန်းမာရေးကိုလည်းမြှင့်တင်ပေးပါတယ်။ ဥပမာ –

    • အဆီထုတ် နွားနို့၊ ဒိန်ချဉ် တို့လို ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ
    • လတ်ဆတ်တဲ့သစ်သီးတွေ
    • အသီးအရွက်သုပ်( ဥပမာ – မြင်းခွာရွက်သုပ်)
    • အိမ်မှာလုပ်တဲ့ ပူတင်း
    • ဆန်နဲ့လုပ်တဲ့မြန်မာမုန့်တွေ( ဥပမာ – ဘိန်းမုန့်၊ မုန့်ကျွဲသည်း၊ မုန့်နှပ်)
    • ကွေကာအုပ် တို့ကို ထမင်းစားချိန်နဲ့မနီးတဲ့ ကြားချိန်တွေမှာကျွေးပေးရင် အဆာလည်းပြေ အာဟာရလည်းဖြစ်လို့ ခွန်အားပြည့်ဝစေမှာဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement