backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ကဘာလဲ။

တချို့အရာတွေက မိန်းမကိုယ်တွင်းထားရှိဖို့ ရည်ရွယ်ထုတ်လုပ်ထားတာတွေဖြစ်ပါတယ်။ တမ်ပွန်တွေ၊မိန်းမကိုယ်ဆေးတောင့်တွေ၊တခြားသောဆေးဝါးတွေက မိန်းမကိုယ်တွင်းထည့်ရတဲ့အရာတွေဖြစ်ပါတယ်။ တခြားအရာတွေကတော့ ထည့်ဖို့မရည်ရွယ်ထားသလို မတော်တဆ သို့မဟုတ် တမင်ထည့်မိတာတွေရှိနိုင်ပါတယ်။ ဒီအရာတွေကို ဆရာဝန်တွေက “ပြင်ပပစ္စည်း” တွေလို့ သတ်မှတ်ထားကြပါတယ်။ ဒီအရာတွေက ရောဂါလက္ခဏာတွေပြလာနိုင်သလို မပြပဲလဲ အချိန်အကြာကြီးရှိနေနိုင်ပါတယ်။

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်ရောက် အမျိုးသမီးတွေထက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း

ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း

ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

မိန်းမကိုယ်အရည်ဆင်းခြင်း ပုံမှန်အားဖြင့် အနံ့ဆိုးတတ်ပြီး အဝါ၊ ပန်းရောင် သို့ အညိုရောင်ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်သွေးထွက်ခြင်း အထူးသဖြင့် နည်းနည်းပါးပါး ထွက်တတ်ပါတယ်။

မိန်းမကိုယ်ယားခြင်း သို့ အနံ့ဆိုးထွက်ခြင်း

ဆီးသွားလို့ မကောင်းခြင်း

မိန်းမကိုယ်အရည်ဆင်းခြင်းကြောင့် အရေပြားယားယံပြီး နေထောင်မကောင်းခြင်း

ပြင်ပပစ္စည်းရဲ့ အရွယ်အစားကြီးခြင်း သို့မဟုတ် ဝမ်းဗိုက်တွင်း ဖောက်ဝင်သွားနိုင်ခြင်းကြောင့် ဗိုက်အောင့်ခြင်း သို့ တင်ပါးစုံကိုက်ခဲခြင်း တို့ဖြစ်နိုင်ပါတယ်။

အရေပြားရောင်ခြင်း

မိန်းမကိုယ်ရောင်လာပြီး မိန်းမကိုယ်အပေါက်ဝမှာ နီရဲခြင်းတွေ ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မိန်းမကိုယ်မှ အရည်ဆင်းခြင်း အထူးသဖြင့် အနံဆိုးထွက်နေလျှင် ဆရာဝန်နှင့် ပြသင့်ပါပြီ။ ပြင်ပပစ္စည်းရှိနေခြင်းက ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

အကယ်၍ ပြင်ပ ပစ္စည်းတစ်ခုခုထည့်ထားမိတယ်ဆိုလျှင်လည်း ဆရာဝန်ကို ပြောပြထားသင့်ပါတယ်။ အရွယ်အမျိုးသမီးတွေမှာ ရာသီလာစဉ် တမ်ပွန်ထည့်ထားမိပြီး တစ်ခါတစ်ရံ ပြန်ထုတ်လို့မရတာဖြစ်တတ်ပါတယ်။

ပုံမှန်မဟုတ်တဲ့အရာတွေကိုတော့ မေ့ဆေးပေးပြီး ခွဲခန်းထဲမှာ ထုတ်ဖို့လိုအပ်နိုင်ပါတယ်။ ခွဲခန်းသွားစရာမလိုပဲ တချို့အရေးပေါ်ဌာနတွေမှာတော့ မေ့ဆေးပေးပြီးထုတ်လို့ရနိုင်ပါတယ်။

အကြောင်းရင်းများ

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်များဆုံးကတော့ ကလေးတွေမှာ အဝတ်စ သို့ ကော်ဇောစ သို့မဟုတ် အများအားဖြင့် တစ်ရှူးစတွေ မိန်းမကိုယ်ထဲဝင်နေတတ်ပါတယ်။ ကလေးငယ်လေးတွေက စူးစမ်းချင်တာနဲ့ ကိုယ့်ဘာသာထည့်ကြည့်ကြတာလည်း ဖြစ်နိုင်ပါတယ်။ တခြား အဝင်များတာက ဆော့ပင်အဖုံးတွေနဲ့ ရောင်စုံခဲတံတွေပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ မိန်းမကိုယ်မှာ ဝင်နေတတ်တဲ့ အရာတွေက သေးငယ်တဲ့အတွက် နာကျင်မှုတော့ သိပ်မဖြစ်စေနိုင်ပါဘူး။ ကလေးတွေကလဲ သူတို့မိန်းမကိုယ်အဝထက် ကြီးတဲ့အရာတွေလဲ နာလို့ မထည့်တတ်ကြပါဘူး။

အရွယ်ရောက်အမျိုးသမီးတွေကတော့ ရာသီလာစဉ် သွေးစုတ်စေတဲ့ တမ်ပွန်အချောင်းတွေ ထည့်ထားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ မေ့ပြီးပြန်မထုတ်မိကြတာလဲရှိနေနိုင်ပါတယ်။ ကွန်ဒုံးကျွတ်ပြီး ကျန်ခဲ့တာတွေလဲ ဖြစ်နိုင်ပါတယ်။

အရွယ်ရောက်တွေက လိင်ဆန္ဒဖြေတဲ့အနေနဲ့လည်း အရာဝတ္ထုတွေကို စမ်းသပ်ထည့်ကြည့်ကြတာလဲရှိပါတယ်။ အနိုင်ကျင့်တဲ့အနေနဲ့ အထည့်ခံရတာတွေလဲ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်နည်း့ပါတယ်။ သေးငယ်တဲ့ ပြင်ပပစ္စည်းတွေက အချိန်ကာလအလျောက် လက္ခဏာမပြနိုင်ပေမယ့် ကြီးတဲ့အရာတွေကတော့ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရှာဖွေတဲ့ နည်းလမ်းတွေကတော့ လူနာရဲ့ အသက်အရွယ် သို့မဟုတ် ပြင်ပပစ္စည်းဝင်နေတဲ့အချိန်ကာလပေါ်မူတည်ပြီး အမျိုးမျိုးကွဲလွဲနိုင်ပါတယ်။ မိန်းမငယ်လေးတွေဆိုလျှင်တော့ ဆရာဝန်စီသွားပြရမှာ ကြောက်လန့်နေတတ်ကြပါတယ်။ ပြင်ပပစ္စည်းဝင်နေတယ်လို့ သံသယရှိတဲ့အခါ ဆရာဝန်က မိန်းမကိုယ်ကို စမ်းကြည့်ပြီး မိန်းမကိုယ်အဝကို အနည်းငယ်ချဲ့ကြည့်နိုင်ပါတယ်။ ဒီနည်းနဲ့ မိန်းမကိုယ်ထဲက ပြင်ပပစ္စည်းကို ရေနွေးနှင့် ဆေးချပြီးထုတ်နိုင်ပေမယ့် ပိုကြီးတဲ့ ပစ္စည်းတွေဆိုလျှင်တော့ မေ့ဆေးပေးပြီးထုတ်ရနိုင်ပါတယ်။

အသက်ကြီးတဲ့ အမျိုးသမီးတွေကိုတော့ ပြင်ပလူနာခန်းမှာတင် ဖယ်ရှားပေးနိုင်ပါတယ်။ မိန်းမကိုယ်ကြည့် မှန်ပြောင်း (speculum) နဲ့ကြည့်ပြီး ညှပ်နဲ့ဆွဲထုတ်တာက အထိရောက်ဆုံးနည်းပဲဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့အရာတွေ သို့ မိန်းမကိုယ်နံရံကို ပျက်စီးသွားစေတဲ့အရာတွေကိုတော့ မေ့ဆေးပေးပြီးထုတ်ရပါလိမ့်မယ်။ ပြင်ပပစ္စည်းဝင်နေတဲ့ နေရာကိုသိစေဖို့ မိန်းမကိုယ်စမ်းသပ်မှုအပြင် စအိုစမ်းသပ်မှုပါ လုပ်ရနိုင်ပါတယ်။

အကယ်၍ ပြင်ပပစ္စည်းက မိန်းမကိုယ်ထဲမှာရှိနေတာ ကြာသွားတဲ့အခါ မိန်းမကိုယ်နံရံထဲထိုးဝင်သွားတာဖြစ်သွားနိုင်ပါတယ်။ ရုတ်တရက်ထည့်မိတဲ့ အရာတွေကတော့ မိန်းမကိုယ်နံရံကို ပျက်စီးစေနိုင်ပြီး ဝမ်းဗိုက်တွင်းပိုးဝင်ခြင်းလက္ခဏာတွေဖြစ်လာစေနိုင်ပါတယ်။(တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်က တင်ပါးကိုက်ခဲခြင်းမဖြစ်ခင် ၂ နှစ်ခန့်ကမိန်းမကိုယ်ထဲကို သစ်သားချောင်းတစ်ချောင်းထိုးထည့်မိခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချချင်၍ ထိုးခဲ့ခြင်းဖြစ်ပါတယ်။ ဒီသစ်သားချောင်းက မိန်းမကိုယ်ထဲ ကျန်ရစ်နေခဲ့ပြီး တဖြည်းဖြည်းနဲ့ မိန်းမကိုယ်နံရံတွင်း ဖောက်ထွက်ခါ တင်ပါးကိုက်ခဲခြင်း ဖြစ်လာပါတော့တယ်။)

လက်ဖြင့်စမ်းသပ်ရုံနဲ့ ပြင်ပပစ္စည်းတွေကို တွေ့ရှိနိုင်တယ်ဆိုပေမယ့် တစ်ခါတစ်ရံ ဓါတ်မှန်ရိုက်ခြင်းတွေကလဲ အထောက်အကူပေးနိုင်ပါတယ်။ ကွန်ပြူတာဓါတ်မှန်(CT)၊ သံလိုက်ဓါတ်မှန် (MRI) သို့မဟုတ် ဝမ်းဗိုက်ဓါတ်မှန်တို့ပါဝင်ပါတယ်။ အက်ထရာဆောင်းရိုက်ခြင်း(USG)ကလည်း ကူညီပေးနိုင်ပါတယ်။

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

မိန်းမကိုယ်တွင်း ဘက်တီးရီးရားရောဂါစွဲကပ်ခြင်း သို့ မိန်းမကိုယ်တွင်း ပုံမှန်တည်ရှိနေသည့် ဘက်တီးရီးရားအလွှာပြောင်းလဲခြင်းတို့ဟာ မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်နေခြင်းကြောင့် ဖြစ်ပါတယ်။ ပြင်ပပစ္စည်းဝင်နေခြင်းကို ညှပ်နှင့် ဆွဲထုတ်သည်ဖြစ်စေ သို့ ရေနွေးနှင့်ဆေးချခြင်းဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ ပစ္စည်းအပြင်ရောက်သွားပြီဆိုရင်တော့ ပဋိဇီဝဆေးပေးဖို့မလိုတော့ပါဘူး။

ကလေးတွေမှာတော့ မိန်းမကိုယ်ဆေးကြောပေးခြင်းက အပိုင်းအစအသေးလေးတွေကို ဖယ်ရှားရာမှာ အကောင်းဆုံးနည်းဖြစ်ပါတယ်။ ပိုကြီးတဲ့အရာတွေကို ဖယ်ရှားဖို့ဆိုလျှင်တော့ ပြင်ပလူနာဌာန သို့ ခွဲခန်းတွင်း မေ့ဆေးပေး ဖယ်ရှားရနိုင်ပါတယ်။

ပြင်ပပစ္စည်းတွေကို ထုတ်ပြီးပြီ၊ ပဋိဇီဝဆေးတွေလဲ ပေးပြီးပြီဆိုလျှင်တော့ ရောဂါပိုးဝင်တာတွေ၊အဖျား၊နာကျင်တာ နှင့် မိန်းမကိုယ်အရည်ဆင်းခြင်းတို့ဟာ မကြာခင်မှာပဲ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း

ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မိန်းမကိုယ်တွင်း ပြင်ပ ပစ္စည်းရှိခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-မိန်းမကိုယ် ဝန်းကျင် သန့်ရှင်းအောင်ထားခြင်း

-ကလေးငယ်များကို မိဘများက မိန်းမကိုယ် ဝန်းကျင် သန့်ရှင်းရေး လုပ်နည်းအမှန်ကို သင်ပေးခြင်း၊ မိန်းမကိုယ် ဝန်းကျင် သန့်ရှင်းရေးလုပ်ရာတွင် အရှေ့ဘက်မှ စ၍ အနောက်ဘက်သို့ ဆေးကြောသင့် ပါတယ်။ ကလေးများကို ခန္ဓါကိုယ် အစိတ်အပိုင်းများ အကြောင်း သေချာသင်ပေးခြင်းဖြင့် ပညာပေးသင့်ပါတယ်။ ခန္ဓါကိုယ် အစိတ်အပိုင်းများ၏ နာမည်များကို သင်ပေးခြင်းဖြင့် မည်သည့်နေရာတွင် မည်သည့်ပြသနာဖြစ်နေသည်ကို အလွယ်တကူ ဖေါ်ပြနိုင်မည်ဖြစ်ပါတယ်။

ဆယ်ကျော်သက် မိန်းမပျိုလေးများ အနေဖြင့် လစဉ်သုံး ပစ္စည်းများကို ဘယ်နှစ်နာရီကြာလျှင် လဲလှယ်ခြင်းပြုသင့်သည် စသည် တစ်ကိုယ်ရည် သန့်ရှင်းရေးများကို ကောင်းစွာ နားလည်ထားသင့်ပါတယ်။ လစဉ်သုံး ပစ္စည်းများကို ခြောက်နာရီကနေ ရှစ်နာရီထက် ပိုမထားသင့်ပါ။

နာကျင်စေသော ပစ္စည်းများ သုံး၍ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။

မိန်းမကိုယ်ကို ဆပ်ပြာ အပြင်းစားများဖြင့် ဆေးကြောခြင်း ကိုရှောင်ကြဉ်သင့်ပါတယ်။ ထိုသို့ဆေးကြောလိုက်ခြင်း ဖြင့် ပုံမှန်ရှိနေသင့်သော ရောဂါပိုးများကာကွယ်သည့် ဘက်တီးရီးယားများသေသွားနိုင်ပါတယ်။ ရေချိုးရင်း ဆပ်ပြာနှင့် တစ်ကြိမ်ဆေးရုံနှင့် လုံလောက်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement