backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Total Hip Replacement (ပေါင်ရိုးအစားထိုးခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဆစ်အမြစ်ရောင်ခြင်း ဆိုတာဘာလဲ။

တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ အဆစ်တွေကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေတွေကို စုပေါင်းပြီး အဆစ်အမြစ်ရောင်ခြင်း (arthritis) လို့ ခေါ်ပါတယ်။ အဖြစ်အများဆုံး အဆစ်အမြစ်ရောင်ရောဂါအမျိုးအစားကတော့ အဆစ်တွေ တဖြည်းဖြည်းချင်းပျက်စီးလာတဲ့ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါပဲ ဖြစ်ပါတယ်။

အချို့ရောဂါအမျိုးအစားတွေ ကျပြန်တော့လည်း အဆစ်တွေ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ အဆစ်မျက်နှာပြင်ကို အုပ်ထားတဲ့ အရိုးနုအလွှာဟာ အဆစ်အမြစ်ရောင်ရောဂါကြောင့် တစတစပျက်စီးလာပြီး အောက်မှာရှိတဲ့ အရိုးကို ထိခိုက်ပျက်စီးစေကာ နာကျင်ခြင်း၊မလှုပ်ရှားနိုင်ခြင်းတို့ကို ခံစားလာရပါတော့တယ်။

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း

ပေါင်ရိုးအစားထိုးဖို့ ဘာလို့လိုအပ်တာလဲ။

ပေါင်ရိုးအစားထိုးဖို့ လိုအပ်တဲ့ အခြေအနေ အများအပြားရှိပါတယ်။ဥပမာ

လမ်းလျှောက်ခြင်း၊ခြေလက်ဆန့်ခြင်းကွေးခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်မလုပ်နိုင်တော့ခြင်း။

ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်ထိုင်နေချိန်မှာတောင် (နေ့ရောညပါ) နာနေခြင်း။

ပေါင်တချောင်းလုံး တောင့်တင်းနေတာကြောင့် ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း၊ခြေထောက်ကို မ မနိုင်ခြင်း။

လေ့ကျင့်ခန်းလုပ်ခြင်း၊အကိုက်အခဲပျောက်ဆေးသောက်ခြင်း သို့မဟုတ် တုတ်ကောက်စတာတွေ အသုံးပြုတာတောင် နာကျင်မှုမသက်သာခြင်း။

ဘေးထွက်ဆိုးကျိုးများ

ပေါင်ရိုးအစားထိုးခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ။

ပေါင်ရိုးအစားထိုးကုသမှုဟာ လုပ်ကိုလုပ်ရမယ့် ခွဲစိတ်မှုတခုတော့မဟုတ်ဘဲ အခြားသော ရွေးချယ်စရာတွေလည်း ရှိနေတဲ့အတွက် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို ချိန်ဆရမှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုပြုလုပ်ပုံအသေးစိတ်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို အရိုးအထူးကုခွဲစိတ်ဆရာဝန်နဲ့ အသေအချာ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးသူအများစုကတော့ နာကျင်မှုသက်သာသွားပြီး ရလာဒ်ကောင်းရရှိတဲ့အပြင် မခွဲခင်ကထက် ပိုမိုလှုပ်ရှားသွားလာလို့ အဆင်ပြေလာတာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် တခုရှိတာက အစားထိုးထည့်သွင်းထားတဲ့ ပေါင်ရိုးဟာ နဂိုမူလ ပေါင်ရိုးလိုတော့ ရာနှုန်းပြည့် အံကျအဆင်ပြေမှာ မဟုတ်ဘဲ ရေရှည်မှာ ဂရုတစိုက်ထိန်းသိမ်းသွားဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အစားထိုးထည့်သွင်းထားတဲ့ ပေါင်ရိုးကလည်း အချိန်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာနိုင်လို့ ဖြစ်ပါတယ်။

ပေါင်ရိုးအစားထိုးခြင်းအပြင် တခြားနည်းလမ်းတွေ ရှိသေးသလား။

ပါရာစီတမောနဲ့ ibuprofen တို့လို ရိုးရိုးအကိုက်အခဲပျောက်ဆေးတွေဟာ နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ်စားသောက်မှုပုံစံထဲမှာ ဖြည့်စွက်အားဆေးတွေ ထည့်သွင်းသုံးစွဲမယ်ဆိုရင်လည်း သင့်ရောဂါလက္ခဏာတွေကို သက်သာလာစေနိုင်ပါတယ်။

ဒါပေမယ့် ဖြည့်စွက်အားဆေးတွေ မသုံးစွဲခင်မှာ ဆရာဝန်နဲ့ အရင်ပြသတိုင်ပင်သင့်ပါတယ်။ ဖိနပ်ခပ်ထူထူစီးတာ ဒါမှမဟုတ် တုတ်ကောက်သုံးတာမျိုး ပြုလုပ်ပေးရင် လမ်းလျှောက်ရတာ ပိုအဆင်ပြေစေပါလိမ့်မယ်။ လေ့ကျင့်ခန်းအနည်းငယ် ပုံမှန်လုပ်ပေးရင်လည်း ကြွက်သားနဲ့အဆစ်အမြစ်တောင့်တင်းမှုတွေကို သက်သာစေပါလိမ့်မယ်။

ပေါင်ရိုးအဆစ်ထဲက စတီးရွိုက်ဆေး ထိုးပေးမယ်ဆိုရင် နာကျင်တောင့်တင်းမှုတွေကို အတိုင်းအတာတခုအထိ သက်သာစေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ရောဂါပိုဆိုးလာတာနဲ့အမျှ အထက်ပါ ကုသမှုနည်းလမ်းတွေဟာ တဖြည်းဖြည်းနဲ့ ထိရောက်မှုရှိမှာ မဟုတ်တော့ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

ပေါင်ရိုးခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။

ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်ပြီး နာလန်ထကာလမှာ သင့်အနေနဲ့ သွားလာလှုပ်ရှားမှုအဆင်ပြေစေဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုလေးတွေ သင့်အိမ်မှာ ကြိုတင်ပြုလုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ဘာတွေ လုပ်ထားဖို့လိုတယ်ဆိုတာကိုတော့ ဆရာဝန်က အသေးစိတ် ညွှန်ကြားမှာ ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း

ပေါင်ရိုးအစားထိုးခွဲစိတ်မှု ဘယ်လိုလုပ်သလဲ။

မေ့ဆေးပုံစံအမျိုးမျိုးကို သင့်တော်သလို အသုံးပြုနိုင်ပြီး တနာရီကနေ တနာရီခွဲလောက်အထိ ကြာမြင့်လေ့ရှိပါတယ်။ သင့်ပေါင်ရဲ့ဘေးဖက်မှာ စတင်ခွဲမှာဖြစ်ပြီး ပျက်စီးနေတဲ့ ပေါင်ရိုးရဲ့ အရင်းပိုင်းနားကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။

ပြီးရင် သတ္တု၊ပလတ်စတစ်၊ceramic ဒါမှမဟုတ် ၎င်းတို့ပေါင်းစပ်ပြုလုပ်ထားတဲ့ အဆစ်နဲ့ အစားထိုးပါလိမ့်မယ်။ ဒီနောက်မှာ acrylic cement လို့ခေါ်တဲ့ အထူးကော်တမျိုးကို အသုံးပြုပြီး အစားထိုးတဲ့ အဆစ်နဲ့ အရိုးကို တွဲဆက်မှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးနောက် အခြေအနေ

ပေါင်ရိုးအစားထိုးပြီးရင် ဘယ်လိုနေထိုင်ရမလဲ။

ခွဲစိတ်ပြီး သုံးရက်က ခုနစ်ရက်အတွင်း ဆေးရုံက ဆင်းနိုင်မှာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်လောက်တော့ ချိုင်းထောက် သို့မဟုတ် တုတ်ကောက်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ပေါင်ရိုးအစားထိုးပြီးနောက်မှာ ဘာတွေဆက်ဖြစ်မလဲ။

ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။

ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပေါင်ရိုးအစားထိုးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးပြဿနာတွေက

  • ပေါင်ရိုးကွဲထွက်ခြင်း။
  • အာရုံကြောများ ထိခိုက်ခြင်း။
  • သွေးကြောများ ထိခိုက်ခြင်း။
  • ပိုးဝင်ခြင်း။
  • အထိုင်မကျခြင်း (လျော့တိလျော့တွဲ ဖြစ်ခြင်း)။
  • အစားထိုးထားတဲ့ ပေါင်ရိုးတဝိုက်က ကြွက်သားတွေမှာ အရိုးအသစ်ဖြစ်ပေါ်လာခြင်း။
  • နေရာလွဲခြင်း။
  • ခြေထောက်နှစ်ဖက် အတိုအရှည်မတူခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement