backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Thoracoscopy (ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

thoracoscopy (ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်း) ဆိုတာ ဘာလဲ။

အဆုတ်အမြှေးပါးထဲမှာ ဖြစ်ပေါ်နေတဲ့ မူမမှန်ပြဿနာတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ တချိန်တည်းမှာပဲ အဆိုပါ အဆုတ်အမြှေးပါးထဲမှာ ရေများစုပုံနေခြင်း ဒါမှမဟုတ် လေဖုံးနေပြီး အဆုတ်ကျုံ့နေခြင်းတို့ကို ကုသပေးနိုင်မယ့် pleurodesis ဆိုတဲ့ ခွဲစိတ်ကုသမှုကိုပါ တပါတည်းပြုလုပ်နိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေက ဘာလဲ။

ယခင်က အဆုတ်ခွဲစိတ်မှု ခံယူပြီးသူ၊သွေးရောဂါရှိသူ ဒါမှမဟုတ် အဆုတ်တခြမ်းတည်းနဲ့ အသက်မရှုနိုင်သူတွေမှာ ရင်ခေါင်းမှန်ပြောင်းကြည့်ဖို့ အဆင်မပြေပါဘူး (ဘာလို့လဲဆိုတော့ မှန်ပြောင်းကြည့်နေစဉ်ကာလမှာ အဆုတ်တခြမ်းဟာ တချို့တဝက် ဒါမှမဟုတ် အားလုံးပြားကပ်နေမှာ ဖြစ်လို့ပါပဲ)။

ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် CT ရိုက်ခြင်းက ကုသမှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ပါတယ်။ သင့်ရင်ဘတ်ထဲကို အပ်ထိုးသွင်းပြီးတော့လည်း အသားစယူခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

ရင်ခေါင်းမှန်ပြောင်း မကြည့်ခင် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ။

သင့်မှာ ပုံမှန်စွဲသောက်နေတဲ့ သွေးကျဲဆေးတွေ၊စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးတွေ (aspirin, ibuprofen, or naproxen စသည်) ဒါမှမဟုတ် အခြားဆေးတွေရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။ စမ်းသပ်စစ်ဆေးမှုမလုပ်ခင် တချို့ဆေးတွေကို ခဏရပ်ထားဖို့ လိုကောင်းလိုပါလိမ့်မယ်။

အခြားသော ဆေးဖက်ဝင်အပင်တွေနဲ့ ဖြည့်စွက်အားဆေးတွေ သုံးစွဲနေတာရှိရင်လည်း ဆရာဝန်ကိုပြောပါ။ ရင်ခေါင်းမှန်ပြောင်းမကြည့်ခင် ၁၂နာရီအတွင်းမှာ ဘာမှ မစားမသောက်ရပါဘူး။ မှန်ပြောင်းမကြည့်ခင်လေးမှာ သင့်လက်မောင်းသွေးကြောထဲကို အပ်ထည့်ပြီး မေ့ဆေးထိုးသွင်းမှာ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

ရင်ခေါင်းမှန်ပြောင်း ဘယ်လိုကြည့်သလဲ။

သင်စိတ်လက်ဖြေလျှော့ပြီး အိပ်ပျော်လုနီးနီး ဖြစ်နေစေဖို့အတွက် ဆရာဝန်က သင့်ကို စိတ်ငြိမ်ဆေး၊အိပ်ဆေးပေးထားပါလိမ့်မယ်။

ရင်ခေါင်းမှန်ပြောင်းကြည့်တာကို တခါတရံမှာ မေ့ဆေးပေးပြီးတော့လည်း လုပ်ဆောင်လေ့ရှိပါတယ်။ မှန်ပြောင်းကြည့်တာ ယေဘုယျအားဖြင့် ၄၅မိနစ်လောက်ကြာမြင့်တတ်ပါတယ်။ သင့်ရင်ဘတ်မှာ အပေါက်လေးဖောက်ပြီး အဆိုပါအပေါက်လေးကတဆင့် မှန်ပြောင်းကို ထည့်သွင်းမှာ ဖြစ်ပါတယ်။။ ပြီးရင် သင့်ဆရာဝန်က သေချာစွာ ကြည့်ရှုစစ်ဆေးမှာဖြစ်ပြီး လိုအပ်ရင် အသားစနမူနာပါ ယူမှာဖြစ်ပါတယ်။

ပြန်လည်သက်သာလာခြင်း

ရင်ခေါင်းမှန်ပြောင်းကြည့်ပြီးနောက် ဘာတွေဆက်လုပ်သင့်သလဲ။

ခွဲစိတ်မှုနဲ့ ထုံဆေး၊မေ့ဆေးအာနိသင်တွေ လုံးဝကွယ်ပျောက်သက်သာသွားတဲ့အထိ ဆေးရုံမှာ ရက်အနည်းငယ်ဆက်နေရမှာ ဖြစ်ပါတယ်။ အဆိုပါ အချိန်အတောအတွင်းမှာ သင့်ကို တချိန်လုံးအနီးကပ်စောင့်ကြည့်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာခြင်းရှိမရှိကို ကြည့်ရှုနေမှာပါ။

ခွဲစိတ်မှုကြောင့် ဖြစ်လာတဲ့ နာကျင်မှုဝေဒနာတွေကို သက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေကိုလည်း ပေးထားဦးမှာ ဖြစ်ပါတယ်။ သင့်အဆုတ်အနေနဲ့ ပုံမှန်အတိုင်း လေရှုသွင်းနိုင်မှု၊လေဝင်လာရင် ဖောင်းကားပေးနိုင်မှုရှိပြီဆိုတာကို သေချာစွာ သိရှိနိုင်ဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။

တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ရင်ခေါင်းမှန်ပြောင်းကြည့်ပြီးနောက် ဘာတွေဆက်ဖြစ်သလဲ။

ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်းဟာ မေ့ဆေးကို အသုံးပြုတဲ့အတွက် အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

  • နာကျင်ခြင်း။
  • အဆုတ်လေဖုံးခြင်း။
  • အသက်ရှုမဝခြင်း။
  • သွေးထွက်လွန်ခြင်း။
  • အဆုတ်အမြှေးပါးတွင်း ပိုးဝင်ခြင်း။
  • ဓါတ်မတည့်ခြင်း။
  • အဆုတ်ဖောခြင်း။
  • ခွဲစိတ်မှုကြောင့် အရေပြားအောက်တွင် လေများဝင်ပြီး ဖောင်းကားခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement