backup og meta

အသံ များ ရဲ့ အဓိပ္ပာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသံ များ ရဲ့ အဓိပ္ပာယ်

    ဟပ်ချိုး ဆိုတဲ့ နှာချေသံ ကြားရင် နေမကောင်းဖြစ်တော့မယ် လို့ အလိုအလျောက် ထင်တတ်ကြပါတယ်။ ဒီလိုပဲ ရင်ဘတ်ထဲက တရွှီရွှီနဲ့ ခရူးခရူးသံ ထွက်နေတယ်ဆို ရင်ကျပ်နေပြီ၊ ချွဲကျပ်နေပြီ လို့ သိကြတယ် မဟုတ်လား။ ခန္ဓာကိုယ်မှာ ထွက်တဲ့ အသံ တွေမှာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်၊ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် သိထားသင့်တဲ့ အရာတွေ ဆိုလည်း မမှားပါဘူးနော်။

    ဘယ် အသံ တွေက ဘာအဓိပ္ပာယ် ရှိနေသလဲ

    ဘာ့ကြောင့် ဒီလို အသံ ဖြစ်လာရတယ်၊ ဘာတွေ သတိထားရမယ်၊ အမှုမဲ့အမှတ်မဲ့နေရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာလေးတွေ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး –

    (၁) နှာချေသံ

    နှာချေတာ ကိုတော့ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခု ပဲပေါ့။ ဗိုင်းရပ်စ် တခုခုကြောင့် ခန္ဓာကိုယ်က တုံ့ပြန်တဲ့လက္ခဏာပါ။ ဘာကို စိုးရိမ်ရသလဲ ဆိုတော့ ဓာတ်မတည့်မှုလက္ခဏာ မှာလည်း နှာချေတာ ပါဝင်တာကြောင့် ပေါ့ပေါ့ဆဆ နေမိတဲ့အခါ အချိန်မီ မကုသနိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။

    (၂) တဝီဝီအသံ

    နားထဲမှာ တဝီဝီနဲ့ အူနေတာ၊ လေသံတွေ ကြားနေတာက tinnitus လို့ခေါ်တဲ့ နားအူခြင်းလက္ခဏာ ဖြစ်ပါတယ်။ ရောဂါပိုးဝင်တာ၊ အသက်ကြီးရင့်တာနဲ့ အရမ်းကျယ်လောင်တဲ့ အသံတွေကြောင့် အသံလှိုင်းတွေကို ဖော်ဆောင်ပေးတဲ့ နားအတွင်းပိုင်းထဲက ဆဲလ်လေးတွေကို ထိခိုက်စေနိုင်တယ်။

    ဒါဟာ အားနည်းလို့၊ အိပ်ရေးပျက်လို့ ဖြစ်တာ ဆိုပြီး ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုလက္ခဏာ ဖြစ်လာတာ နှစ်ရက်ထက် ပိုကြာလာရင် နားမှာ ရောဂါပိုးဝင်တာလား၊ အာရုံကြောပြဿနာ ရှိနေမလားဆိုတာ သိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။

    (၃) လေတက်သံ

    လေတက်တယ် ဆိုတာ အစာအိမ်ထဲက လေတွေ ထွက်လာတဲ့ အသံ ပါ။ အံ့သြစရာတော့ မရှိဘူး၊ လေတွေ မျိုချမိလို့ပေါ့ လို့ အစာအိမ်အူလမ်းကြောင်းပညာရှင်တွေက ပြောပါတယ်။ လေမတက်ချင်ရင် –

    • လေလျှော့ပြော (အားရပါးရကြီး စကား သိပ်မများနဲ့)၊
    • အစာစားရင် ဖြည်းဖြည်းစား၊
    • ဂက်စ်ပါတဲ့ အချိုရည်တွေ မသောက်နဲ့ပေါ့။

    လေတက်တာက ရင်ဘတ်အောင့်တဲ့ လက္ခဏာနဲ့ တွဲနေတာ၊ လည်ချောင်းနာတာနဲ့ တွဲဖြစ်တာဆိုရင် အစာအိမ်အက်စစ် ပြန်ဆန်တက်တဲ့ရောဂါရဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

    (၄) ကြို့ထိုးသံ

    ကြို့ထိုးတယ်ဆိုတာ ရင်ဝမ်းခြားကြွက်သားတွေ ရုတ်တရက်လှုပ်ရှားမှုကြောင့် အသက်ရှူလိုက်တိုင်း အသံအိုးအဖုံး ကနေ တားလိုက်သလို ဖြစ်စေတာပါ။ ရင်ဝမ်းခြှားကြွက်သားဆိုတာကို vagus နဲ့ phrenic အာရုံကြောတွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး အစာစားပြီးချိန် စိတ်လှုပ်ရှားမှု၊ အာရုံများခြင်း၊ ဆေးဝါးတချို့နဲ့ အစာခြေစနစ် အနေအထားတို့နဲ့လည်း ဆိုင်ပါတယ်။

    အသက် ခဏအောင့်ထားလိုက်ရင်တော့ အဆုတ် ထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို မြင့်တက်စေပြီး ရင်ဝမ်းခြားမြှေး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြို့ထိုးရင် အသက်အောင့်၊ နှာခေါင်းပိတ်ပြီး ရေတခွက် သောက်ချတဲ့နည်းက အသုံးဝင်တာပေါ့။ တကယ်လို့ ကြို့ထိုးတာ နှစ်ရက်ထက် ပိုကြာနေခဲ့ရင် ဆေးခန်း ပြသင့်ပါပြီနော်။

    (၅) ဗိုက်ထဲကမြည်သံ

    ဗိုက်ထဲက ဂွီဂွီဂွမ်ဂွမ် မြည်နေတာက တကယ်တော့ အစာခြေလမ်းကြောင်းထဲမှာ အူကြွက်သားတွေကြောင့် လေနဲ့ အရည်တွေ ရွေ့လျားနေတဲ့အသံပါ။ အစာမစားရသေးခင်မှာ ဒီအသံတွေ မြည်လာတာ ဆိုရင် ဗိုက်ထဲမှာ ရှိသမျှလောင်စာအကြွင်းအကျန်တွေကို ရှင်းပစ်နေတာ ဖြစ်ပြီး အစာတောင်းနေတာ ဖြစ်ပါတယ်။

    ဒါပေမယ့် အသံ တအားကျယ်လာတာ (နာကျင်မှု၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာတွေပါ ပေါင်းစပ်လာရင်) ဆိုရင် အူထဲမှာ ပိတ်ဆို့မှုတခုခု ဖြစ်နေတာ ဖြစ်နိုင်တယ် (ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်တယ်)၊ တခြားအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်နိုင်တယ်။

    (၆) လေလည်သံ

    လေလည်သံ တဘူဘူဟာ ကြားရသူအတွက်တော့ မင်္ဂလာမရှိလှပေမယ့် (အသက်အောင့်ထားရပေမယ့်) ပေါက်လိုက်တဲ့သူအတွက် အရမ်းကို ပေါ့ပါးသွားစေပါတယ်။ လေလည်တယ် ဆိုတာ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ဗိုက်ထဲမှာ ချေဖျက်နေတယ် ဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။

    မီသိန်း၊ နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝက တဆင့် ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်လိုက်တာပါ။ လေလည်တာဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့အရာတစ်ခု ဖြစ်လို့ အောင့်မထားသင့်ပါဘူး။

    ဒါပေမယ့် နို့ထွက်ပစ္စည်းတွေ စားသုံးပြီးနောက် ဗိုက်ပွတာ (ဗိုက်အောင့်၊ ဝမ်းပျက်) ဖြစ်လာတယ်ဆို lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ်မစုပ်ယူနိုင်ခြင်း ဖြစ်နေနိုင်ပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်တွေ သောက်ပြီး ဒီလက္ခဏာတွေ ဖြစ်လာတယ်ဆို အစာခြေစနစ် ပြဿနာရှိနေနိုင်ပါတယ်။ တချို့အစားအသောက်တွေက လေပွစေနိုင်ပြီး အီးတဘူဘူ ဖြစ်စေပါတယ်။

    (၇) အရိုးအဆစ် တဂျွတ်ဂျွတ်မြည်သံ

    လှုပ်ရှားလိုက်တဲ့အခါ အရိုးအဆစ်တွေက ဂုတ်ခနဲ၊ ဂျွတ်ခနဲမြည်တာက ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပေါင်ရင်း သို့မဟုတ် ဒူးခေါင်းမှာပေါ့။ အဆစ်တွေကြားမှာ မပွတ်တိုက်မိအောင် အရည်နဲ့ ထိန်းပေးထားတာကြောင့် ဆောင့်ကြောင့်ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ အဆစ်မှာ ဖိအားဖြစ်စေပြီး အဲဒီအရည်တွေက လှုပ်ရှားအသံမြည်ပါတယ်။

    ဒါပေမယ့် အသံ တွေ မြည်လာတယ်၊ နာကျင်ရတယ်(မျက်ခနဲဖြစ်သွားတာမျိုး)၊ ထောက်ရတာမခိုင်တော့ဘူး၊ လှုပ်ရှားမကောင်းတော့ဘူး ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ အရွတ်စုတ်ပြဲတာ၊ အရိုးနုက စတင်ပျက်စီးလာတာတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

    (၈)အသက်ရှူသံတရွှီရွှီ 

    တရွှီရွှီသံ မြည်နေရင် အသက်ရှူလို့ မကောင်းတော့ပါဘူး။ အအေးမိ ချောင်းဆိုးက အဖြစ်များပေမယ့် ဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ် နဲ့ နှလုံးအမောဖောက်ခြင်း တို့ကြောင့် အဆုတ်လေပြွန်မှာ ရောင်ရမ်းစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ဓာတ်မတည့်မှုက ဆေးသောက်ရုံနဲ့ ကုသနိုင်ပေမယ့် နှလုံးအမောဖောက်ခြင်းက ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။

    (၉) ဟောက်သံ

    အိပ်တဲ့အခါ ဟောက်သံ ခလူးခလူး ထွက်တာက အဖြစ်များကြပေမယ့် အိပ်နေစဉ် အသက်ရှူကျပ်ခြင်း လက္ခဏာ ဒါမှမဟုတ် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ နေ့ဘက်မှာ တအားပင်ပန်းထားသူ တွေမှာလည်း ညဘက်ဟောက်သံ ကျယ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement