backup og meta

နာတာရှည်နာကျင်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည်နာကျင်မှု

    နာကျင်ခြင်းတွေဟာ ဒဏ်ရာတွေ၊ ထိခိုက်မှုတွေ၊ ရောဂါတွေ အထူးသဖြင့်ကြွက်သားနဲ့အရိုးဆိုင်ရာရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်ခြင်းဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်တွေ၊ မိသားတွေ ချစ်ခင်သူတွေနဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ နာကျင်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းကိုကုသဖို့ကပထမပါ။ ဒါပေမယ့်တခါတလေမှာတော့ သင့်ဘဝအနှစ်သာရအတွက် နာကျင်မှုကိုအရင်ကုဖို့က ပိုအရေးကြီးကောင်းကြီးနိုင်ပါတယ်။

    နာတာရှည်နာကျင်ခြင်း

    လပေါင်း၊ နှစ်ပေါင်းများစွာကြာတတ်တဲ့ တစ်သျှူးထိခိုက်မှုတွေကြောင့် ရတတ်တဲ့ နာကျင်ခြင်းတွေဖြစ်တယ်။ ဥပမာ- အရိုးအဆစ်ရောင်ခြင်း၊ ခေါင်းတခြမ်းပြင်းထန်စွာကိုက်ခြင်း၊ အရွတ်ရောင်ခြင်း၊ လက်ဖျံတွင်ဖြစ်သော အရွတ်ရောဂါတစ်မျိုး တို့ဖြစ်တယ်။ နာတာရှည်နာကျင်ခြင်းဟာ ရုတ်တရတ်ခေတ္တနာကျင်သောနာကျင်မှုနဲ့ မတူပါဘူး။ ရုတ်တရတ်ခေတ္တနာကျင်ခြင်းက ထိခိုက်မှုကိုအသိပေးတဲ့ ယာယီလှုံ့ဆော်မှုတစ်ခုဖြစ်တယ်။

    ၃ လနဲ့အထက်ကြာတဲ့နာကျင်မှုကို နာတာရှည်နာကျင်မှုလို့ခေါ်တယ်။ အာရုံကြောစနစ်မှ ခန္ဓါကိုယ်ရဲ့တစ်နေရာရာကနေ နာကျင်တဲ့အသိလှုံ့ဆော်မှုကို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာအောင်ရနေတာဖြစ်တယ်။ တခါတလေမှာ နာကျင်မှုကြောင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိပ်ရေးပျက်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အခြေအနေပြောင်းလွယ်ခြင်း၊ ပူပင်သောကရောက်ခြင်း၊ နွမ်းနယ်လွယ်ခြင်း၊ နေ့စဉ်ဘဝတွင် အာရုံဝင်စားမှုနည်းခြင်းတို့ဖြစ်လာနိုင်ပါတယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်နေတာကြောင့် နာကျင်ခြင်းရဲ့ရုပ်ပိုင်းဆိုင်ရာရှုထောင့်ကို ကုသရုံတင်မကဘဲ ကြုံနေရတဲ့အခြေအနေပေါ်မူတည်တဲ့ စိတ်ပိုင်းဆိုင်ရာကိုပါထည့်တွက်ကုသဖို့လိုပါလိမ့်မယ်။

    နာကျင်မှုပမာဏကိုဘယ်လိုတိုင်းတာမလဲ

    WHO ကနေ နာကျင်မှုလှေကား ဆိုပြီး နာကျင်မှုကိုသုံးမျိုးခွဲပါတယ်။ သာမန်နာကျင်မှု၊ အလယ်အလတ်နဲ့ ပြင်းထန်တဲ့နာကျင်မှုတို့ဖြစ်တယ်။

    သာမန်နာကျင်မှု – ဆေးကုသသည်ဖြစ်စေ၊ မကုသသည်ဖြစ်စေ အလွယ်တကူပျောက်သွားမှာဖြစ်ပြီး ပိုမြန်မြန်ပျောက်ဖို့ အနာပျောက်ဆေးပျော့ပျော့သာသုံးရန်လိုပါလိမ့်မယ်။

    အလယ်အလတ်နာကျင်မှု – သာမန်နာကျင်မှုထက်ပိုပြင်းပြီး နေ့စဉ်လှုပ်ရှားမှုတွေကိုထိခိုက်နိုင်ပါတယ်။ လစ်လျူရှုထားဖို့ခက်နိုင်ပြီး ပျောက်ကင်းဖို့အတွက် ဆေးအပြင်းမှီဝဲဖို့လိုလိမ့်မယ် ဒါပေမယ့် ကုသရင်တော့ ပျောက်ကင်းသွားပြီး၊ တော်ရုံပြန်မဖြစ်တတ်ပါဘူး။

    ပြင်းထန်သောနာကျင်မှု – ပြင်းထန်သောနာကျင်မှုတွေကို နေ့စဉ်လှုပ်ရှားမှုအားလုံးမလုပ်နိုင်လောက်အောင်ပြင်းတဲ့ နာကျင်မှုကိုခေါ်ပါတယ်။ နာကျင်မှုပြင်းလွန်းတာကြောင့် အိပ်ရာ၊ ထိုင်ခုံမှာပဲအမြဲနားနေရနိုင်ပါတယ်။ တော်ရုံပျောက်မသွားဘဲ ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာကြာအောင်ကုနေရနိုင်တယ်။

    အကြောင်းအရင်းများ

    အကြောင်းအမျိုးမျိုးရှိနိုင်တယ်။ များသောအားဖြင့် အသက်အရွယ်အလိုက်ဖြစ်တတ်တယ်။ အသက်ကြီးလာတဲ့အမျှ ဆဲလ်တွေပျက်စီးလွယ်ပြီး ထိုပျက်စီးမှုတွေက အရိုးတွေ၊ အဆစ်တွေမှာအရင်ဖြစ်တတ်တယ်။ အာရုံကြောဆဲလ်တွေလည်း ပျက်စီးတတ်ပြီး နာတာရှည်နာကျင်ခြင်းဆီဦးတည်သွားနိုင်တယ်။

    တချို့သောနာတာရှည်နာကျင်မှုတွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံကြောင့်ဖြစ်တတ်တယ်။ ကိုယ်နေဟန်ထားပုံစံမှားယွင်းခြင်း၊ မကြာခဏအလေးအပင်မငခြင်း၊ အဝလွန်ခြင်း နဲ့ ထိခိုက်မှုတွေကြောင့်ဖြစ်နိုင်တယ်။

    ရောဂါတွေဗကြာင့်လည်းဖြစ်နိုင်ပါသေးတယ်။ ဥပမာ – အရိုးအဆစ်ရောင်ခြင်း၊ ကြွက်သားများထိခိုက်ခြင်း။ ကင်ဆာ၊ အစာအိမ်အနာပေါက်ခြင်း၊ သည်းခြေအိတ်ရောဂါများကြောင့်လည်း နာတာရှည်နာကျင်ခြင်းဖြစ်နိုင်တယ်။

    နာတာရှည်နာကျင်ရခြင်းအကြောင်းတွေက ရှုပ်ထွေးပါတယ်။ များသောအားဖြင့်ထိခိုက်မှုကြောင့်ဖြစ်နိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုပျောက်ပြီးရင်တော့ စိတ်ပိုင်းဆိုင်ရာကြောင့် ဆက်လက်နာကျင်နေနိုင်တယ်။ ဒီလိုဆိုရင်ထိရောက်တဲ့ကုသမှုရှာဖို့ခက်ပါတယ်။

    နာကျင်ခြင်းကိုအားပေးသောအချက်များ

    အခြေအနေအမျိုးမျိုးရှိတယ် –

    • အသက်ကြီးသူတွေမှာ ဆက်တိုက်ဆဲလ်များပျက်စီးခြင်းကြောင့် နာတာရှည်နာကျင်နိုင်တယ်။
    • မျိုးရိုးဗီဇကြောင့်လည်းနာကျင်မှုရတတ်တယ်။ ဥပမာ – နာတာရှည်ပြင်းထန်စွာခေါင်းတခြမ်းကိုက်ခြင်း
    • အာဖရိကန်၊ အမေရိကန်၊ စပိန် ပေါ်တူဂီစပ်များမှာ နာတာရှည်နာကျင်မှုများဖြစ်နိုင်တယ်။
    • အဝလွန်သူများမှာလည်း ကျန်းမာရေးချို့တဲ့သောကြောင့် နာတာရှည်နာကျင်မှုများရနိုင်တယ်။
    • ငယ်စဉ်ကဖြစ်ခဲ့ဖူးသောထိခိုက်မှုများကြောင့်လည်း နာတာရှည်နာကျင်ခြင်းများဖြစ်နိုင်တယ်။
    • စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုများကလည်း ဦးနှောက်မှနာကျင်မှုလက်ခံခြင်းကို မှားယွင်းစေပါတယ်။
    • ဦးနှောက်မှာ နာကျင်မှုအာရုံခံစနစ်ပိုများခြင်းကြောင့်လည်း နာတာခြင်းကိုခံနိုင်ရည်ကျစေတယ်။
    • အလုပ်တချို့ကလည်း ထိခိုက်နာကျင်နိုင်ချေများစေနိုင်တယ်။
    • နာတာရှည်နာကျင်ခြင်းဟာ နာတာရှည်ဖိစီးမှု၊ ထိခိုက်မှုနောက်ဆက်တွဲတွေကြောင့်လည်းဖြစ်နိုင်တယ်။
    • ဆေးလိပ်သောက်ခြင်းကလည်း နာကျင်စေနိုင်သော အကြောင်းအများကြီးကိုအားပေးတယ်။ နာကျင်မှုအတွက်ကုသခြင်းများကိုလည်း ထိခိုက်စေနိုင်တယ်။

    လက္ခဏာများ

    ၁၂ ပတ်ထက်ပိုကြာသောနာကျင်မှုများကို နာတာရှည်နာကျင်ခြင်းလို့ခေါ်တယ်။ နာကျင်ခြင်းကို အောက်ပါအတိုင်းခွဲထားနိုင်တယ်

    • သာမန်နာကျင်မှု သို့ ပြင်းထန်စွာနာကျင်မှု
    • စူးပြီးနာကျင်မှု၊ မီးစနှင့်ထိုးသကဲ့သို့နာကျင်မှု၊ ကိုက်ခဲမှု သို့ ခန္ဓါကိုယ်တစ်ခုလုံးလျှပ်စီးသွားသကဲ့သို့ ပျံ့နှံ့နာကျင်မှု
    • နေထိုင်ရမသက်သာစေသောနာကျင်မှု၊ ရောင်ရမ်း တင်းကြပ်စေသောနာကျင်မှု

    နာကျင်ခြင်းဟာဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိလဲ

    နေ့စဉ်လှုပ်ရှားမှုကိုထိခိုက်စေနိုင်တယ်၊ လှုပ်ရှားမှုကိုတားဆီးပြီး စွမ်းအား ခွန်အားများလျော့နည်းစေတယ်။ အမေရိကန်ရှိအရွယ်ရောက်ပြီးသူရဲ့ ၂၀ ရာခိုင်နှုန်းလောက်က နာကျင်ခြင်းကြောင့်တစ်ပတ်မှာ ရက်တချို့ အိပ်ရေးမဝကြောင်းဆိုထားပါတယ်။ ဒါဟာစိတ်ဓါတ်ကျခြင်း၊ အိပ်မရခြင်းများကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာများဆီ ဦးတည်သွားနိုင်တယ်။

    ရောဂါရှာဖွေခြင်း၊ ကုသခြင်းတွေအတွက် ငွေကြေးမှာလည်းထိခိုက်နိုင်တယ်။ ၂၀၁၀ မှာနာကျင်မှုနဲ့ပတ်သတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကုန်ကျစရိတ်က ၅၆၀ ဘီလီယံမှ ၆၃၅ ဘီလီယံအတွင်းရှိပြီး ဒါဟာ နာကျင်မှုအတွက်စောင့်ရှောက်ခြင်း၊ မသန်စွမ်းနေ့များ လုပ်အားလျော့ကျခြင်းများအတွက် ကုန်ကျစရိတ်များလည်းပါပါတယ်။

    ကင်ဆာကြောင့်နာကျင်ခြင်းတွေကို သက်သာစေနိုင်တဲ့ ဆေးတွေ၊ ကုသနည်းတွေရှိပေမယ့် ဆေးရုံတက်နေတဲ့လူနာ တဝက်ကျော်ကျော်လောက်ဟာ သူတို့ရဲ့နောက်ဆုံးနေ့တွေမှာ နာကျင်ခြင်းခံစားသွားရပါတယ်။ လူနာတွေရဲ့ ၅၀-၇၅ ရာခိုင်နှုန်းဟာ ပုံမှန်မှပြင်းထန်သောနာကျင်မှုတွေကိုခံစားပြီး သေဆုံးသွားကြရတယ်ဆိုပါတယ်။

    နာကျင်ခြင်းရဲ့နောက်ဆက်တွဲပြဿနာများ

    • သောကရောက်ခြင်း
    • စိတ်ဓါတ်ကျခြင်း
    • နာကျင်စေသောလှုပ်ရှားမှုအားလုံးကို ရှောင်ကျဉ်ခြင်း
    • ထိခိုက်မှု
    • အနာပျောက်ဆေးများကိုမှီခိုလာခြင်း
    • အလုပ်ရှာရခက်ခြင်း
    • ငွေကြေးအခက်အခဲဖြစ်ခြင်း
    • အိပ်ရေးပျက်ခြင်း
    • အာရုံစိုက်မရခြင်း
    • စိတ်ဖိစီးခြင်းနှင့်ဆက်နွယ်နေသောရောဂါများရခြင်း – ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းသွားခြင်း၊ သွေးတိုးခြင်း
    • လူအများမှမယုံကြည်ခြင်း၊ လစ်လျှူရှုခြင်း
    • မိသားစုလုပ်ငန်းများတွင်မပါဝင်နိုင်ခြင်း
    • မကူညီနိုင်ခြင်း
    • နေ့စဉ်လှုပ်ရှားမှုမရှိတော့ခြင်း၊ ဦးတည်ရာမဲ့သည်ဟုခံစားရခြင်း
    • ဘဝတွင်လမ်းပျောက်ခြင်း

    တကယ်လို့သင်ခံစားနေရတဲ့နာကျင်မှုကြောင့် သင့်မှာ ဖော်ပြထားတဲ့ ပြဿနာတွေကြုံနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်၊ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်မှနာကျင်မှုကိုသက်သာစေဖို့၊ နောက်ထပ်နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်ဖို့ ကုသမှုပေးပါလိမ့်မယ်။

    ရောဂါရှာဖွေခြင်း

    နာတာရှည်နာကျင်မှုဟာများသောအားဖြင့် ခန္ဓါကိုယ်အတွင်း အင်္ဂါများကြေုာင့်ဖြစ်တတ်ပြီး ကိုယ်တွင်းအင်္ဂါများကြောင့်နာကျင်မှုဟာ တခြားပြင်ပကနာကျင်မှုတွေထက် ဖော်ပြရပိုခက်ပါတယ။် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ နာကျင်ခြင်းကိုခံနိုင်ရည်ရှိမှုကလည်း ရောဂါရှာဖွေခြင်းကို ကွဲပြားစေနိုင်ပါတယ်။ ဆရာဝန်အတွက် နာကျင်မှုပုံစံ၊ ဘယ်လောက်နာကျင်လဲ၊ အချိန်၊ နေရာ စသည့်အချက်တွေကို အမှီပြုဖို့လိုပါလိမ့်မယ်။

    ထိုဖော်ပြချက်တွေက နာကျင်မှု့ပုံစံကိုဖော်ပြီး အကောင်းဆုံးရောဂါရှာဖွေဖို့အတွက်အကူအညီပေးနိုင်ပါတယ်။ နာကျင်မှုကိုကုသဖို့က ကျွမ်းကျင်သူတွေလိုအပ်ပြီး ကုသနေတဲ့တလျှောက်လုံး ထိုကျွမ်းကျင်သူတွေနဲ့ဆက်သွယ်နေဖို့ လိုပါလိမ့်မယ်။ ထိုကုသမှုမှာ မိသားစုနဲ့ သူငယ်ချင်းတွေလည်း တစိတ်တပိုင်းပါဝင်တယ်။

    အလုပ်သွားလို့ရလား၊ ဈေးဝယ်လို့ရလား၊ အိပ်လို့ လှုပ်ရှားလို့ရလား စသည်ဖြင့် ဆရာဝန်ကိုသေချာပြောပြဖို့လိုပါလိမ့်မယ်။

    တခါတလေမှာ ကုသမှုထိရောက်ခြင်းရှိမရှိက မကုသခင်မလုပ်နိုင်တဲ့အလုပ်တွေ ပြန်လုပ်နိုင်လာတာဖြစ်တယ်။ ဒါကြောင့် လူနာရဲ့ကုသမှုနဲ့ပတ်သတ်လို့ ဆက်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဆရာဝန်အနေနဲ့ထိုအချက်ကိုပါ သိနေဖို့လိုပါတယ်။

    ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကတော့ သွေးစစ်ဆေးမှု၊ ဓါတ်မှန်၊ စီတီစကမ်၊ အမ်အာအိုင်၊ အရိုးစစ်ဆေးမှု၊ အလ်ထရာဆောင်းရိုက်ခြင်း၊ EMG စသည်တို့ဖြစ်တယ်။

    ကုသခြင်း

    ကုသခြင်းရဲ့ရည်ရွယ်ချက်က နာကျင်မှုသက်သာဖို့နဲ့ လုပ်ဆောင်ချက်တွေပြန်ကောင်းဖို့ဖြစ်တယ်။ အတွေ့ရအများဆုံး ကုသနည်းတွေကတော့ –

    • အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော၊ NSAID ၊ စတီးရွိုက်၊ အတက်ကျဆေး ကဲ့သို့ဆေးများ။
    • အပ်စိုက်ကုသခြင်း၊ လျှပ်စီးဖြင့်လှုံဆော်ခြင်း၊ ခွဲစိတ်ခြင်း
    • စိတ်ပိုင်းဆိုင်ရာကုသခြင်း၊ ဖြေလျှော့ခြင်း၊ အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုများ
    • စုပေါင်းကုသမှုများ၊ ပြောင်းလဲကုသမှုများ၊ တရားထိုင်ခြင်း၊ နှိပ်ခြင်း နှင့်တခြားသောကုသနည်းများ
    • တရားထိုင်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ သွက်လက်တက်ကြွစွာနေခြင်း၊ မိသားစုအလုပ်တွင်ပါဝင်လှုပ်ရှားခြင်းကဲ့သို့ ကောင်းမွန်သောအလေ့အကျင့်များကို ပျိုးထောင်ခြင်း၊ နာကျင်မှုကိုကိုင်တွယ်ထိန်းသိမ်းနိုင်ရန် ပရိုဂရမ်များတွင် ပါဝင်လေ့ကျင့်ခြင်း။

    နာကျင်မှုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

    နာတာရှည်နာကျင်မှုကိုချက်ခြင်းမကုသနိုင်သေးရင်တောင်မှ နာကျင်မှုနဲ့ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းနည်းတွေရှိပါတယ်။

    • ကျန်းမာရေးနဲ့ညီညွတ်သော ကိုယ်အလေးချိန်ရအောင် စားပါ၊ လေ့ကျင့်ခန်းလုပ်ပါ။
    • ဆေးလိပ်ဖြတ်ပါ။
    • စိတ်ဖိစီးမှုကို ကိုယ်လက်လှုပ်ရှားမှု၊ တရားထိုင်ခြင်း၊ တခြားသော စိတ်ဖိစီးမှုဖြေလျှော့ခြင်းများနှင့် ဖြေလျှော့ပါ။
    • စိတ်ဓါတ်ကျခြင်း၊ သောကရောက်ခြင်းများရှိပါက အကူအညီယူပါ။
    • အလုပ်မှာထိခိုက်ဒဏ်ရာမရအောင်သတိထားပါ။

    နာတာရှည်နာကျင်မှုကို လုံးဝပျောက်သွားအောင်လုပ်ဖို့က အမြဲမဖြစ်နိုင်ပေမယ့် လူနာရဲ့ဦးတည်ချက်က အရင်ကထက် ပိုပြီး နေ့စဉ်လှုပ်ရှားမှုတွေပြန်လုပ်နိုင်အောင်ဦးတည်ထားတာ ဖြစ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement