Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ))

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ကဘာလဲ။

ဗီတာမင်စီချို့တဲ့ခြင်းကို စကာဗီလိုခေါ်ပါတယ်။ ထိုရောဂါဟာ သွေးအားနည်းခြင်း၊ ခြေလက်များတွင်နာကျင်ခြင်း၊ ခန္ဓာကိုယ်အချို့နေရာများတွင် ရောင်ရမ်းခြင်း၊ သွားဖုံးများတွင် သွေးထွက်ခြင်းနှင့် သွားများကျွတ်ခြင်းတို့အထိ ဖြစ်သွားစေနိုင်ပါတယ်။

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) က ဘယ်လောက်အဖြစ်များသလဲ

စကာဗီဆိုတာဟာ ရှေးဂရိခေတ်နဲ့ အီဂျစ်ခေတ်ကတည်းက သိရှိခဲ့ကြတာ ဖြစ်ပြီး ၁၅ရာစုကနေ ၁၈ရာစုအတွင်းမှာတော့ သင်္ဘောသားတွေမှာ လုံလောက်တဲ့ လတ်လတ်ဆတ်ဆတ်အစားအစာတွေ မရှိတာကြောင့် အဖြစ်များတတ်ပါတယ်။ သေကြတာများပါတယ်။ ၁၈၄၅ အိုင်ယာလန်အငတ်ဘေးနဲ့ အမေရိကန်ပြည်တွင်းစစ် အတွင်းမှာလည်း စကာဗီဖြစ်ပွားသွားပါတယ်။ ၂၀၀၂ခုနှစ် အာဖကန်နစ်စတန်မှာဖြစ်သွားတာကတော့ မကြာသေးပါဘူး။ ယခုခေတ်မှာတော့ စကာဗီဟာ တော်တော်လေးကို ရှားသွားပါပြီ။ အထူးသဖြင့် အစားအသောက်လုံလုံလောက်လောက်ရရှိနေတဲ့ နိုင်ငံတွေမှာ မရှိသလောက်ရှားနေပါပြီ။ ဒါပေမယ့်လည်း ဗီတာမင်စီမျှတစွာ မစားသောက်တဲ့သူတွေမှာတော့ ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာတွေဟာ ဗီတာမင်စီချို့တဲ့ပြီး ၈ပတ်ကနေ ၁၂ပတ်အတွင်းမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မကျေမနပ်ဖြစ်ခြင်းနဲ့ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ခြင်းတို့ဟာ ရှေးဦးလက္ခဏာတွေပဲဖြစ်ပါတယ်။

၁လကနေ ၃လအတွင်းမှာ အောက်ပါလက္ခဏာတွေပြနိုင်ပါတယ်။

  • သွေးအားနည်းခြင်း
  • အရိုးနဲ့ကြွက်သားများနာကျင်ခြင်း
  • ရောင်ခြင်း၊ ဖောင်းခြင်း
  • အရေပြားတွင်အနီစက်များထွက်လာခြင်း
  • အမွှေး၏အမြစ်တွင်သွေးထွက်ပြီး အဆို့ဖောက်တံပုံစံအမွှေးများရှိခြင်း
  • သွားကျွတ်ခြင်းနှင့် သွားဖုံးရောဂါများရှိခြင်း
  • အနာကောင်းကောင်းမကျက်ခြင်း
  • အသက်ရှုမ၀ခြင်း
  • စိတ်ဓာတ်ကျခြင်းနှင့် စိတ်ခံစားမှုအပြောင်းအလဲများဖြစ်ခြင်း

ကြာသွားရင် တစ်ကိုယ်လုံဖောရောင်ခြင်း၊ အသားဝါခြင်း၊ သွေးနီဥပေါက်ခြင်း(Haemolysis)၊ ရုတ်တရက်နှင့် ဆက်တိုက်သွေးထွက်ခြင်း၊ အာရုံကြောများချို့ယွင်းခြင်း၊ အဖျားကြီးခြင်းနှင့် တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ထိုလက္ခဏာများဟာ သေစေနိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

စကာဗီရှိတဲ့ ကလေးတွေဟာ စိတ်တို၊ စိတ်လှုပ်ရှားနေပါလိမ့်မယ်။ နာကျင်ခြင်းကိုခံစားရပြီး ဖားခြေထောက်ပုံစံအနေအထားနဲ့နေမှ သက်သာကြပါတယ်။ ခန္ဓာကိုယ်အရိုးချောင်းအဆုံးတွင် သွေးထွက်ခြင်း (Subperiosteal hemorrhage) လည်း ရှိနိုင်ပါသေးတယ်။

တရိစ္ဆာန်တွေကို လေ့လာချင်းအားဖြင့် ကိုယ်ဝန်ဆောင်တွေမှာ ဗီတာမင်စီချို့တဲ့တာဟာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုမှာ ပြဿနာဖြစ်စေနိုင်တယ်လို့ သိရှိရပါတယ်။ အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိလိုသည်များရှိနေသေးလျှင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတို့ဖြစ်နေပါက ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။

  • အလွန်ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရပြီး တစ်ချိန်လုံးအားနည်းနေခြင်း
  • စိတ်တိုပြီး ၀မ်းနည်းနေခြင်း
  • အဆစ်နဲ့ ခြေထောက်တို့ နာကျင်ခြင်း
  • သွားဖုံးရောင်ပြီးသွေးထွက်ခြင်း၊ တစ်ခါတစ်ရံသွားများကျွတ်ထွက်ခြင်း
  • အရေပြားပေါ်တွင် အနီကွက်၊အပြာကွက်များရှိခြင်း (အထူးသဖြင့် ညို့သကျည်း)
  • အလွယ်တကူ အညိုအမဲစွဲလွယ်ခြင်း

ထိုအချက်များများသည် စကာဗီ၏ ရောဂါလက္ခဏာများ ဖြစ်နိုင်ဖွယ်ရှိပါသည်။

အထက်ဖော်ပြပါလက္ခဏာတွေရှိနေမယ် ဒါမှမဟုတ် သိချင်တာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓာကိုယ်တုံ့ပြန်ပုံချင်းမတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ကိုဘာတွေကဖြစ်စေသလဲ

လူ့ခန္ဓာကိုယ်ဟာ ဗီတာမင်စီကို သူ့ဘာသာမထုတ်နိုင်ပါဘူး။ ဗီတာမင်စီကို သစ်သီးသစ်ရွက်တွေ ဒါမှမဟုတ် အားဖြည့်တင်းစာတွေလိုမျိုး ပြင်ပရင်းမြစ်များမှရရှိပါတယ်။ စကာဗီဟာ စားသောက်မှုပုံစံတွင် ဗီတာမင်စီ အနည်းဆုံး၃လခန့် မပါဝင်ခြင်းကြောင့် ဖြစ်ရတာပါ။

ဖြစ်နိုင်ခြေများ

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

စကာဗီဖြစ်နိုင်ခြေမှာနည်းပါးသော်လည်း အောက်ပါအခြေအနေများတွင်တော့ ရာခိုင်နှုန်းများသွားနိုင်ပါတယ်။

  • ဗီတာမင်စီမရှိသလောက်နည်းပါးသော ကိုယ်အလေးချိန်ကျစားသောက်မှုပုံစံအား ကျင့်သုံးနေခြင်း
  • ဓာတုကုထုံးလိုမျိုး အစားအသောက်ပျက်စေသော ကုသမှုများကြောင့် အစာစားချင်စိတ်မရှိခြင်း ဒါမှမဟုတ် အေနိုရက်စီးယားခေါ်သော အစာမစားချင်သည့်ရောဂါရှိနေခြင်း စသည်တို့ကြောင်း အစားနည်းနည်းသာ စားနေခြင်း
  • ကျန်းမာရေးနှင့်မကိုက်ညီသော စားသောက်မှုပုံစံရှိသည့်အပြင့် ဆေးလိပ်သောက်ခြင်း (ဆေးလိပ်က အစားအစာထံမှ ဗီတာမင်စီ စုပ်ယူမှုကို နှောင့်ယှက်ပါတယ်)
  • ကျန်းမာရေးနှင့် မကိုက်ညီသော စားသေက်မှုပုံစံရှိသည့်အပြင် ကိုယ်ဝန်ရှိခြင်း ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေခြင်း (ထိုအချိန်တွင် ကိုယ်ခန္ဓာက ဗီတာမင်စီ သာမန်ထက်ပိုလိုပါတယ်)

စကာဗီဖြစ်နိုင်ခြေများတဲ့ အခြားသော လူတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • Crohn’s disease နှင့် အူရောင်အနာပေါက်ရောဂါလိုမျိုး အစာအိမ်အူလမ်းကြောင်း ချို့ယွင်းချင်ရှိသူများ
  • သတ်မှတ်ထားသော ဗီတာမင် အလုံအလောက်မရသည့် ကလေးငယ်များ (ကလေးများအတွက်ဗီတာမင် ခေါင်းစဉ်တွင် ဖတ်ရှုနိုင်ပါတယ်)
  • ဟင်းချက်ရကော ကျန်းမာသော စားသောက်မှုပုံစံကိုပါ ထိန်းသိမ်းဖို့ ခက်ခဲသည့် သက်ကြီးရွယ်အိုများ
  • ဆေးနဲ့အရက်စွဲနေသောသူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်မည့်အပြင် သွေးထဲရှိဗီတာမင်စီပမာဏကိုလည်း ဓာတ်ခွဲခန်းမှာ တိုင်းတာပါလိမ့်မယ်။

စကာဗီကြောင့်ဖြစ်တဲ့ အတွင်းအင်္ဂါထိခိုက်မှုတွေကိုတော့ ပုံရိပ်ဖော်ခြင်းနည်းပညာဖြင့် သိရှိနိုင်ပါတယ်။

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ ဖြည့်စွက်ဗီတာမင်စီကို ပါးစပ်မှ သောက်သုံးခြင်း ဒါမှမဟုတ် အကြောထဲသို့ထိုးသွင်းခြင်းပါပဲ။

သတ်မှတ်ထားတဲ့ ဆေးပမာဏအချိုးအစားတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • တစ်နေ့ကို ၁ ဂရမ် ကနေ ၂ ဂရမ်အတွင်း ၂ ရက်ကနေ ၃ရက်အထိ ပေးပါ။
  • နောက်ထပ်၇ရက်ကို ၅၀၀မီလီဂရမ်ပေးပါ။
  • ၁လကနေ ၃လအထိ ၁၀၀မီလီဂရမ်ပေးပါ။

ပင်ပန်းနွမ်းနယ်ခြင်း၊ မလုပ်ချင်မကိုင်ချင်ဖြစ်ဖြင်း၊ နာကျင်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းနဲ့ စိတ်ရှုတ်ထွေးခြင်းလိုမျိုး လက္ခဏာတွေ သက်သာလာတာကို ၂၄နာရီအတွင်း တွေ့ရမှာပါ။ ၁ပတ်ကနေ ၂ပတ်အတွင်းမှာ အညိုအမဲစွဲခြင်း၊ သွေးထွက်ခြင်း၊ အားနည်းခြင်းတို့ စတင်သက်သာလာပါမယ်။

၃လကြာရင်တော့ လုံဝသက်သာသွားနိုင်ပါပြီ။ အကြီးအကျယ်သွားကျန်းမာရေးထိခိုက်မှုတွေကလွဲပြီး ကျန်တာတွေမှာတော့ နာတာရှည်ဝေဒနာတွေခံစားရနိုင်ခြေနည်းပါးပါတယ်။

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

စကာဗီကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက စကာဗီကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

စကာဗီကို ဗီတာမင်စီအား စားသောက်မှုပုံစံတွင် ထည့်သွင်းစားသောက်ခြင်းအပြင် ဖြည့်စွက်အာဟာရစားသောက်ခြင်းနည်းလမ်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

အကောင်းဆုံးဗီတာမင်စီ အရင်းမြစ်တွေကတော့ သစ်သီးသစ်ရွက်တွေပဲဖြစ်ပါတယ်။

လုံလောက်တဲ့ ဗီတာမင်နဲ့ ဓာတ်သတ္ထုဓာတ်တွေရရှိဖို့နည်းလမ်းကတော့ ကျန်းမာပြီး ညီညွတ်မျှတသော စားသောက်မှုပုံစံပါပဲ။

သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 8, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 8, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ