backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nightmare Disorder (အိပ်မက်ဆိုးဝေဒနာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်။

အိပ်မက်ဆိုးဝေဒနာဆိုတာဘာလဲ။

အိပ်မက်ဆိုးဆိုတာ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု စတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့၊ သင့်ကို အိပ်ပျော်နေရာက လန့်နိုးစေနိုင်လောက်တဲ့အထိ အနှောင့်အယှက်ပေးတဲ့ အိပ်မက်ကို ဆိုလိုပါတယ်။

တကယ်လို့ သင်ဟာ မကြာခဏဆိုသလို အိပ်မက်ဆိုးတွေမက်မယ်၊ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲဖြစ်မယ်၊ နောက်ဆက်တွဲအနေနဲ့ နေ့ဘက် အလုပ်လုပ်ရာမှာ အနှောင့်အယှက်ဖြစ်လာမယ် ဒါမှမဟုတ် အိပ်ရမှာတောင် ထိတ်လန့်လာမိတယ် ဆိုရင်တော့ ဒါကို အိပ်မက်ဆိုးဝေဒနာလို့ ခေါ်ရမှာဖြစ်ပါတယ်။

အိပ်မက်ဆိုးဝေဒနာဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အိပ်မက်ဆိုးမက်တာက အလွန်အဖြစ်များပေမယ့် အိပ်မက်ဆိုးဝေဒနာကတော့ အဖြစ်နည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကလေးငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ အိပ်မက်ဆိုးမက်တာမျိုးကတော့ စိုးရိမ်စရာမရှိတာ များပါတယ်။

အသက် ၃နှစ်ကနေ ၆နှစ်အရွယ်ကြားမှာ အိပ်မက်ဆိုးမက်တာ စဖြစ်လေ့ရှိပြီး အသက် ၁၀နှစ်ကျော်လာရင် တဖြည်းဖြည်း အကြိမ်ရေနည်းလာမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်ဘဝမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာရင် အိပ်မက်ဆိုး ပိုမက်လေ့ရှိပြီး တချို့လူတွေမှာတော့ အရွယ်ရောက်တဲ့ထိအောင် အိပ်မက်ဆိုးမက်ကြတာကို တွေ့ရနိုင်ပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

အိပ်မက်ဆိုးဝေဒနာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အိပ်မက်ဆိုးဝေဒနာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ညအိပ်ချိန်ရဲ့ ဒုတိယတစ်ဝက်မှာ အိပ်မက်ဆိုးမက်နိုင်ချေ ပိုများပါပြီး တစ်ညကို အကြိမ်အနည်းငယ်ကနေ အကြိမ်များစွာ မက်နိုင်ပါတယ်။ အိပ်မက်ဆိုးမက်တဲ့အချိန်က ယေဘုယျအားဖြင့် တိုတောင်းပေမယ့် သင့်ကိုအိပ်ရာက လန့်နိုးစေသလို ပြန်အိပ်ပျော်ဖို့ရာလည်း အခက်တွေ့စေပါတယ်။

အိပ်မက်ဆိုးတစ်ခုရဲ့ လက္ခဏာတွေကတော့

အိပ်မက်ဟာ ပြတ်သားလွန်းပြီး လက်တွေ့ဖြစ်နေသလို ခံစားရခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ စိတ်အနှောင့်အယှက် ပိုဖြစ်စေခြင်း

မိမိရဲ့လုံခြုံမှု သို့မဟုတ် အသက်ကို ခြိမ်းခြောက်ခံရသည့် အကြောင်းအရာမျိုး သို့မဟုတ် အခြားစိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာမျိုးကို အိပ်မက်မက်ခြင်း

လန့်နိုးစေခြင်း

၎င်းအိပ်မက်ကြောင့် ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဒေါသ၊ ဝမ်းနည်းမှု သို့မဟုတ် ရွံရှာမှုကို ခံစားရခြင်း

ဇောချွေးပြန်ခြင်း၊ နှလုံးတုန်ခြင်း

နိုးလာလျှင် အိပ်မက်ကို အစအဆုံးပြန်မှတ်မိခြင်း

သင့်ကို အလွယ်အတကူ ပြန်အိပ်မပျော်စေနိုင်လောက်အောင် အနှောင့်အယှက်ပေးခြင်း

အိပ်မက်ဆိုးဝေဒနာအဖြစ် သတ်မှတ်နိုင်တဲ့ အခြေအနေတွေကတော့

မကြာခဏ အိပ်မက်ဆိုးမက်ခြင်း

နေ့ဘက်မှာပါ စိတ်ပူပင်သောက ရောက်ရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြဖြစ်နေခြင်း၊ အမြဲထိတ်လန့်နေခြင်း၊ ညအိပ်ရာဝင်ရမည်ကို စိုးရိမ်နေခြင်း

အာရုံစိုက်မရခြင်း၊ မေ့တတ်ခြင်း၊ အတွေးထဲမှ အိပ်မက်ဆိုးပုံရိပ်များကို ဖျောက်မရခြင်း

နေ့ဘက်တွင် အိပ်ငိုက်ခြင်း၊ ခြေကုန်လက်ပမ်းကျခြင်း၊ နုံးနေခြင်း

အလုပ်၊ ကျောင်း၊ လူမှုရေးပတ်ဝန်းကျင်မှာ အခက်အခဲတွေ့ခြင်း

အိပ်ချိန်၊ အမှောင်ကို ကြောက်ရွံ့မှုနှင့် ဆက်စပ်သော အပြုအမူဆိုင်ရာ ပြဿနာများရှိလာခြင်း

ကလေးငယ်ဖြစ်ပါက ညညမအိပ်နိုင်သည့်အတွက် မိဘများ၊ ကလေးစောင့်ရှောက်သူများ စိတ်ပူပင်သောက ရောက်ရခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

မကြာခဏ၊ ကာလကြာရှည် အိပ်မက်ဆိုးမက်ခြင်း

အိပ်စက်မှုကို အမြဲအနှောင့်အယှက်ဖြစ်စေခြင်း

အိပ်ရာဝင်ရမှာ ထိတ်လန့်နေခြင်း

နေ့ဘက်တွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်း၊ အပြုအမူဆိုင်ရာ ပြဿနာများကြုံတွေ့ရခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက အိပ်မက်ဆိုးဝေဒနာ ဖြစ်ပွားစေသလဲ။

အိပ်မက်ဆိုးဝေဒနာကို ဆရာဝန်များက parasomnia လို့ ခေါ်ကြပါတယ်။ အိပ်ပျော်စပြုစဉ်၊ အိပ်ပျော်နေစဉ်နဲ့ အိပ်ရာနိုးစဉ်မှာ မလိုလားအပ်တဲ့ အနှောင့်အယှက်ဖြစ်စရာ အတွေ့အကြုံတွေ ကြုံတွေ့ရခြင်းကို ခေါ်ပါတယ်။ REM လို့ခေါ်တဲ့ အိပ်စက်ခြင်းအဆင့်မှာ အများဆုံးမက်လေ့ရှိပြီး ဘာကြောင့် အိပ်မက်ဆိုးမက်ရတယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အိပ်မက်ဆိုးမက်စေနိုင်တဲ့ တချို့သောအကြောင်းရင်းတွေကတော့

စိတ်ဖိစီးမှု သို့မဟုတ် စိတ်ပူပင်မှု

တခါတလေမှာ နေ့စဉ်ကြုံတွေ့မြဲဖြစ်တဲ့ သာမန်စိတ်ဖိစီးမှုတွေ (ဥပမာ အိမ်မှာ၊ ကျောင်းမှာ ဖြစ်တဲ့ သာမန်ပြဿနာ) က အိပ်မက်ဆိုးမက်အောင် လှုံ့ဆော်တတ်ပါတယ်။

နေရာသစ်ဆီ ပြောင်းရွှေ့တာ၊ ချစ်ခင်ရသူတစ်ယောက်ယောက် ကွယ်လွန်တာ စတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတစုံတရာ ကြုံတွေ့ရရင်လည်း အိပ်မက်ဆိုးမက်ဖို့ အလားအလာရှိပါတယ်။ စိုးရိမ်ပူပင်မှုနဲ့ ရင်ဆိုင်ရခြင်းဟာလည်း အိပ်မက်ဆိုးမက်နိုင်ချေ မြင့်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

ဒဏ်ရာ

မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ကိုယ်ကာယ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရမှုနဲ့ အခြား နာကျင်စရာ အဖြစ်အပျက်တစ်ခုခုကို ရင်ဆိုင်ရပြီးတဲ့နောက် အိပ်မက်ဆိုးမက်တတ်တာကို တွေ့ရပါတယ်။ ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ (PTSD) ခံစားနေရသူတွေဟာ အိပ်မက်ဆိုးမက်လေ့ရှိကြပါတယ်။

လုံလောက်စွာမအိပ်စက်ရခြင်း

တနေ့တာ လုပ်ငန်းဆောင်ရွက်မှုအချိန်ဇယား အပြောင်းအလဲရှိတဲ့အခါ အိပ်ချိန်၊ထချိန် ပုံမမှန်ခြင်း၊ အိပ်ချိန်နည်းခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရခြင်း စတဲ့ အကြောင်းအချက်တွေကြောင့် အိပ်မက်ဆိုးမက်နိုင်ချေ ပိုများပါတယ်။ အိပ်မပျော်ခြင်းဟာလည်း အိပ်မက်ဆိုး ပိုမက်စေနိုင်ပါတယ်။

ဆေးဝါးများ

အချို့သော စိတ်ကျရောဂါသက်သာဆေးများ၊ သွေးညှိဆေးများ၊ နှလုံးခုန်ထိန်းဆေးများ၊ ပါကင်ဆန်ရောဂါ ကုသဆေးများ၊ ဆေးလိပ်ဖြတ်ဆေးများကြောင့် အိပ်မက်ဆိုးမက်တတ်ပါတယ်။

အရက်၊ မူးယစ်ဆေး သုံးစွဲခြင်း

အရက်နဲ့ အခြား စိတ်အပန်းဖြေဖို့ အသုံးပြုတဲ့ မူးယစ်ဆေးဝါးတွေကြောင့်ဖြစ်စေ၊ ဆေးမသုံးရတဲ့ အခြေအနေမှာဖြစ်စေ အိပ်မက်ဆိုးမက်နိုင်ပါတယ်။

အခြား ရောဂါများ

စိတ်ကျရောဂါနဲ့ အခြားစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဟာလည်း အိပ်မက်ဆိုးမက်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါစတဲ့ အချို့သော ရောဂါဝေဒနာ ခံစားနေရသူတွေမှာ အိပ်မက်ဆိုးမက်နိုင်ချေရှိသလို အိပ်ရေး၀၀မအိပ်နိုင်အောင် အနှောင့်အယှက်ပေးတဲ့ အိပ်စက်ခြင်းဆိုင်ရာ အခြားရောဂါတွေကြောင့်လည်း အိပ်မက်ဆိုးမက်နိုင်ပါတယ်။

ထိတ်လန့်စရာ စာအုပ်များ၊ ရုပ်ရှင်များ

အချို့သူတွေမှာတော့ မအိပ်ခင် ကြောက်စရာကောင်းတဲ့ စာအုပ်တွေဖတ်မိရင်ဖြစ်ဖြစ်၊ ထိတ်လန့်စရာ ရုပ်ရှင်ကြည့်မိရင်ဖြစ်ဖြစ် အိပ်မက်ဆိုးမက်တတ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက အိပ်မက်ဆိုးဝေဒနာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

တကယ်လို့ သင့်မိသားစုဆွေမျိုးတွေထဲမှာ အိပ်မက်ဆိုးမက်တတ်တဲ့ ရာဇဝင်ရှိမယ်၊ အိပ်နေရင်း စကားပြောခြင်းကဲ့သို့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာ တစုံတရာရှိမယ်ဆိုရင်တော့ အိပ်မက်ဆိုးမက်နိုင်ချေ ပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

အိပ်မက်ဆိုးဝေဒနာ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အိပ်မက်ဆိုးဝေဒနာ ဟုတ်မဟုတ် ပုံမှန်စစ်ဆေးတဲ့နည်းလမ်းရယ်လို့ မရှိပါဘူး။ သင့်ကို အမြဲစိုးရိမ်ပူပင်ရအောင်၊ အိပ်ရေး၀၀ မအိပ်နိုင်လောက်အောင် အနှောင့်အယှက်ပေးတဲ့ အနေအထားအထိ ရောက်ကာမှ အိပ်မက်ဆိုးဝေဒနာအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ဒီဝေဒနာဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့အတွက် သင့်ဆရာဝန်က သင့်ရဲ့ ရောဂါရာဇဝင်၊ ဖြစ်ပွားနေတဲ့ လက္ခဏာတွေကို မေးမြန်းသုံးသပ်မှာဖြစ်ပါတယ်။

ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးခြင်း – သင့်မှာ အိပ်မက်ဆိုးမက်စေတတ်တဲ့ ရောဂါတစုံတရာရှိမရှိ စစ်ဆေးစမ်းသပ်မှာဖြစ်ပြီး အကယ်၍ အိပ်မက်ဆိုး ထပ်ကာထပ်ကာမက်ရတဲ့ အကြောင်းရင်းခံဟာ စိုးရိမ်ပူပင်မှု ဖြစ်နေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေး ပညာရှင်တစ်ယောက်ယောက်နဲ့ ဆွေးနွေးဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

သင့်မှာဖြစ်နေတဲ့ လက္ခဏာများအကြောင်း ဆွေးနွေးခြင်း

ပုံမှန်အားဖြင့် အိပ်မက်ဆိုးဝေဒနာ ဟုတ်မဟုတ်ကို သင်ပြောပြသမျှ သင်ခံစားနေရတဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး အတည်ပြုတာဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင့်မိသားစုဝင်တွေမှာ အိပ်စက်ခြင်းနဲ့ဆက်စပ်တဲ့ ပြဿနာရှိမရှိမေးမြန်းမှာဖြစ်ပြီး သင့်အိမ်ထောင်ဖက်ကိုလည်း သင့်ရဲ့အိပ်စက်ခြင်း အပြုအမူတွေအကြောင်း မေးမြန်းမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအပေါ်မူတည်ပြီး အိပ်မက်ဆိုးဝေဒနာ ဖြစ်နိုင်ချေအကြောင်း ဆွေးနွေးပါလိမ့်မယ်။

ညဘက် အိပ်စက်မှုကို လေ့လာခြင်း

အိပ်မက်ဆိုးတွေကြောင့် အိပ်စက်ရာမှာ ဆိုးဆိုးရွားရွား အနှောင့်အယှက်ဖြစ်မယ်ဆိုရင်တော့ ဒီအိပ်မက်ဆိုးတွေဟာ အခြား အိပ်စက်ခြင်းဆိုင်ရာ ဝေဒနာတွေနဲ့ ဆက်စပ်မှုရှိမရှိ သိရအောင် ညဘက်အိပ်စက်မှုကိုလေ့လာတဲ့ နည်းလမ်းအသုံးပြုဖို့ အကြံပြုပါလိမ့်မယ်။ သင့်ခန္ဓါကိုယ်မှာ အာရုံခံကိရိယာတွေ တပ်ဆင်ပေးပြီး အိပ်နေစဉ်မှာဖြစ်ပေါ်တဲ့ ဦးနှောက်လှိုင်းတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရှုပုံ၊ မျက်လုံးနဲ့ ခြေထောက်လှုပ်ရှားမှု တွေကို စောင့်ကြည့်မှတ်သားထားမှာ ဖြစ်ပါတယ်။ အိပ်စက်မှု စက်ဝန်းတွေအတွင်း ဖြစ်ပေါ်လာတဲ့ သင့်ရဲ့အပြုအမူတွေကို ဗီဒီယိုမှတ်တမ်းတင်ကောင်း တင်ထားမှာ ဖြစ်ပါတယ်။

အိပ်မက်ဆိုးဝေဒနာ ကို ဘယ်လိုကုသလဲ။

ပုံမှန် အိပ်မက်ဆိုးမက်ရုံနဲ့တော့ သာမန်အိပ်မက်ဆိုးမက်ရုံနဲ့တော့ ကုသမှုခံယူဖို့ မလိုပါဘူး။ ဒါပေမယ့် နေ့ဘက်မှာပါ ပုံမှန်လုပ်ငန်းဆောင်တာ မလုပ်နိုင်တဲ့အထိ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ ကုသမှုခံယူဖို့ လိုပါလိမ့်မယ်။

ဒီလိုကုသတဲ့နေရာမှာ အိပ်မက်ဆိုးဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းအပေါ်မူတည်ပြီး ကုသမှုပေးရတာဖြစ်ပါတယ်။

ကုသမှုနည်းလမ်းတွေကတော့

နဂိုရောဂါအခံကို ကုသခြင်း – ရှိရင်းစွဲ ရောဂါအခံတစ်ခုခုကြောင့် အိပ်မက်ဆိုးမက်သူတွေအနေနဲ့ မိမိမှာရှိတဲ့ ရောဂါအခံကို ကုသဖို့လိုအပ်မှာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု သို့မဟုတ် စိတ်ပူပင်မှုကို သက်သာစေမည့် ကုထုံး – အထက်ပါအကြောင်းအရင်းတွေကြောင့် အိပ်မက်ဆိုးမက်ရတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်နဲ့တွေ့ဆုံပြီး စိတ်ဖိစီးမှုလျော့ချတဲ့ နည်းစနစ်၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း၊ စိတ်ကုထုံးတွေ အသုံးပြုဖြေရှင်းဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

ကြိုတင်လေ့ကျင့်ခြင်းကုထုံး – ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသူတွေမှာ မကြာခဏအသုံးပြုတဲ့ ကုထုံးတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်မှတ်မိထားတဲ့ အိပ်မက်ဆိုးရဲ့ ဇာတ်သိမ်းကို နိုးနေစဉ်အချိန်မှာ ပြောင်းလဲပစ်ခြင်းအားဖြင့် ဒီအိပ်မက်ဆိုးဟာ ကိုယ့်ကို မခြိမ်းခြောက်နိုင်တော့တဲ့အထိ လေ့ကျင့်ပြီး အသစ်ဖန်တီးလိုက်တဲ့ ဇာတ်သိမ်းကို စိတ်ထဲမှာစွဲနေအောင် ထပ်မံလေ့ကျင့်ရမယ့် ကုထုံးဖြစ်ပါတယ်။ ဒီကုထုံးကို အသုံးပြုခြင်းအားဖြင့် အိပ်မက်ဆိုးမက်တဲ့ အကြိမ်ရေကို လျော့နည်းစေပါတယ်။

ဆေးဝါး – အိပ်မက်ဆိုးမက်ခြင်းအတွက် ဆေးပေးလေ့မရှိပေမယ့် ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာကြောင့် အိပ်မက်ဆိုး ပြင်းပြင်းထန်ထန် မက်တတ်သူတွေအတွက်တော့ ဆေးဝါးအကူအညီ ရယူဖို့ လိုကောင်းလိုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အိပ်မက်ဆိုးဝေဒနာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အိပ်မက်ဆိုးဝေဒနာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အိပ်ရာမဝင်မီ ကိုယ်စိတ်ဖြေလျော့တဲ့ အလေ့အထ ပုံမှန်တည်ဆောက်ပါ

အိပ်ရာဝင်အလေ့အထတစ်ခု စွဲစွဲမြဲမြဲတည်ဆောက်ဖို့ အရေးကြီးပါတယ်။ မအိပ်ခင်မှာ စာအုပ်ဖတ်တာ၊ ပဟေဠိကစားတာ၊ ရေနွေးစိမ်တာ စတဲ့ အေးအေးငြိမ်ငြိမ် အလုပ်တစ်ခုခု လုပ်သင့်ပါတယ်။ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ လူကိုပြေလျော့စေတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဖြင့်လည်း အကျိုးရှိနိုင်ပါတယ်။ ကိုယ့်ရဲ့အိပ်ခန်းကိုလည်း သက်သောင့်သက်သာ တိတ်တိတ်ဆိတ်ဆိတ်ရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။

နှစ်သိမ့်မှုပေးပါ

တကယ်လို့ သင့်ကလေးက အိပ်မက်ဆိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် သူ့အပေါ် စိတ်ရှည်တည်ငြိမ်ပြီး နှစ်သိမ့်မှုပေးသင့်ပါတယ်။ ကလေးက အိပ်မက်ဆိုးကြောင့် အိပ်ရာကလန့်နိုးလာခဲ့မယ်ဆိုရင် မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး သူ့နံဘေးမှာ ချော့မော့ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် နောက်ထပ်အိပ်မက်ဆိုးတွေ မမက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အိပ်မက်အကြောင်း စကားပြောကြည့်ပါ

အိပ်မက်ဆိုးမက်တတ်တဲ့ ကလေးကို သူမက်တဲ့အိပ်မက်အကြောင်း ပြောပြဖို့ တိုက်တွန်းကြည့်ပါ။ အိပ်မက်ထဲမှာ ဘာတွေဖြစ်လဲ၊ ဘယ်သူတွေပါလဲ၊ ဘာကြောင့် ကြောက်စရာကောင်းရသလဲ စသဖြင့် မေးမြန်းကြည့်ပါ။ အိပ်မက်ဆိုတာ အစစ်အမှန်မဟုတ်ကြောင်း၊ ကိုယ့်ကို တကယ်မထိခိုက်နိုင်ကြောင်း ကလေးကို ရှင်းပြပေးပါ။

အိပ်မက်ဇာတ်သိမ်းကို ပြန်ရေးပါ

အိပ်မက်ဆိုးရဲ့ ကြောက်စရာဇာတ်သိမ်းနေရာမှာ အစားထိုးနိုင်မယ့် ပျော်စရာဇာတ်သိမ်းတစ်ခုခု စဉ်းစားကြည့်ပါ။ အိပ်မက်ဆိုးမက်တတ်တဲ့ သင့်ကလေးကို အိပ်မက်အကြောင်း ပုံဆွဲပြဖို့၊ အိပ်မက်ထဲမှာ ပါတဲ့သူတွေကို စကားပြောကြည့်ဖို့ ဒါမှမဟုတ် ချရေးဖို့ တိုက်တွန်းကြည့်ပါ။ တခါတလေမှာ ဒီလိုတီထွင်ဖန်တီးမှုတွေကလည်း အကူအညီပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေရှင်းပါ

တကယ်လို့ အိပ်မက်ဆိုးမက်ရတဲ့ မူလဇစ်မြစ်က စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့မယ်ဆိုရင် ဒီအကြောင်းကို ဖွင့်ပြောပါ။ အသက်ပြင်းပြင်းရှူခြင်း၊ ကိုယ်စိတ်ဖြေလျော့ခြင်း စတဲ့ စိတ်ဖိစီးမှုကို သက်သာစေမယ့် ရိုးရိုးရှင်းရှင်း လှုပ်ရှားမှုတွေ လုပ်ကြည့်ပါ။ လိုအပ်ရင် တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးပညာရှင်ရဲ့ အကူအညီရယူပါ။

သက်သောင့်သက်သာအိပ်နိုင်အောင် ကူညီပေးပါ

သင့်ကလေးအနေနဲ့ သူအကြိုက်ဆုံး အရုပ်၊ စောင်၊ တခြားအရာဝတ္ထုတစ်ခုခုကို အိပ်ရာထဲထားပြီး အိပ်ခွင့်ရမယ်ဆိုရင် ပိုပြီးလုံခြုံသလို ခံစားရမှာဖြစ်ပါတယ်။ အိပ်ချိန်မှာ တစ်ယောက်ထဲ အထီးကျန်စိတ်မဖြစ်ပဲ သက်သောင့်သက်သာရှိအောင် ကလေးရဲ့ အိပ်ခန်းတံခါးအပြင် မိဘတွေရဲ့ အိပ်ခန်းတံခါးကိုပါ ဖွင့်ထားပေးသင့်ပါတယ်။

ညအိပ်မီး ထွန်းပေးပါ

ကလေးရဲ့ အိပ်ခန်းထဲမှာ ညအိပ်မီးထွန်ပေးထားပါ။ ညဘက်နိုးလာတဲ့အခါမျိုးမှာ ဒီညအိပ်မီးကြောင့် စိတ်သက်သောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement