Neck Pain (ဇက်ကြောနာ/တက်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Neck Pain (ဇက်ကြောနာ/တက်ခြင်း) ကဘာလဲ။

ဇက်ကြောနာ/တက်ခြင်းမှာ အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ လည်ပင်းမှကြွက်သားများမှာ ပုံစံမမှန်ခြင်း ဥပမာ – ကွန်ပျူတာ သို့မဟုတ် အလုပ်စားပွဲကို ငုံ့ကြည့်ရခြင်း တို့ကြောင့် ဒဏ်ဖြစ်နိုင်သည်။ အရိုးအဆစ်ရောင်ခြင်းကလည်း ဇက်ကြောနာ/တက်ခြင်းကိုဖြစ်ပွားစေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

ဇက်ကြောနာ/တက်ခြင်းသည် ပြင်းထန်သည့်ရောဂါတစ်ခုကြောင့် ဖြစ်ရခြင်းမှာ အလွန်ရှားပါသည်။ ခြေလက်များ ထုံခြင်း သို့မဟုတ် ခွန်အားနည်းခြင်းများ သို့မဟုတ် ပုခုံတွင် စူးအောင့်နေခြင်းမှ လက်မောင်တစ်လျှောက်ထိဆင်းသွားခြင်းမျိုးဆိုလျှင် ချက်ချက်ကုသမှုခံယူပါ။

Neck Pain (ဇက်ကြောနာ/တက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Neck Pain (ဇက်ကြောနာ/တက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဇက်ကြောနာ/တက်ခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ –

  • ခေါင်းပုံစံတစ်ခုတည်းကို အချိန်ကြာမြင့်စွာထိန်းထားရသည့်အခါ နာကျင်မှုမှာဆိုးဝါးခြင်း ဥပမာ – ကားမောင်းခြင်း၊ ကွန်ပျူတာနှိပ်ခြင်း
  • ကြွက်သားများတောင့်ပြီး မာနေခြင်း
  • ခေါင်းကိုကောင်းကောင်းမလှည့်နိုင်ခြင်း
  • ခေါင်းကိုက်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ဆိုးဝါးလာလျှင်
  • မသက်သာပဲ ရက်များစွာကြာနေလျှင်
  • လက် သို့မဟုတ် ခြေတစ်လျှောက်ထိပါ နာခြင်း
  • ခေါင်းကိုက်၊ ထုံခြင်း၊ ကျင်ခြင်း၊ အားနည်းခြင်းတို့ပါ တွဲနေလျှင်
  • အိမ်တွင်ဂရုစိုက်ရုံမျှဖြင့် မသက်သာလျှင်

ဆိုးဝါသော ဇက်ကြောနာ/တက်ခြင်းမှာ ထိခိုက်မှုတစ်ခုခုကြောင့် ဥပမာ ကားမတော်တဆဖြစ်ခြင်း၊ ပြုတ်ကျခြင်းတို့ကြောင့်ဆိုပါက ဆေးကုသမှု ချက်ချင်းခံယူပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Neck Pain (ဇက်ကြောနာ/တက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လည်ပင်းမှာ ပျော့ပျောင်းပြီး ခေါင်းအလေးချိန်ကို အထောက်အကူပေးရ၏။ ထို့ကြောင့် နာကျင်မှုများ၊ လှုပ်ရှားမရမှုများကိုဖြစ်စေသော ထိခိုက်မှုတို့အတွက် ခံနိုင်ရည်မရှိတတ်ပါ။ ဖြစ်ပွားရသည့်အကြောင်းများမှာ –

  • ကြွက်သားဒဏ်ဖြစ်ခြင်း – ကွန်ပျူတာ၊ ဖုန်း အကြားကြီးသုံးခြင်းတို့သည် ကြွက်သာများကို ဒဏ်ဖြစ်စေ၏။ အသေးစားအလုပ်များဖြစ်သည့် အိပ်ယာထဲတွင်စာဖတ်ခြင်း၊ သွားကြိတ်ခြင်း စသည်တို့ကတောင်မှ ကြွက်သားများကို ဒဏ်ဖြစ်စေနိုင်သည်။
  • ဒဏ်ဖြစ်သောအဆစ်များ – ခန္ဓာကိုယ်မှ တခြားသော အဆစ်များကဲ့သို့ပင် လည်ပင်းမှအဆစ်များလည်း အသက်ရသည်နှင့်အမျှ ဒဏ်ဖြစ်လာနိုင်ပါသည်။ အရိုးအဆစ်ရောင်ခြင်းသည် လည်ပင်ဒရိုးအဆစ်များကြားမှ အဆစ်ကူရှင်များဖြစ်သော အရိုးနုများကို ပျက်စီးစေတတ်သည်။ ထိုအခါအရိုးကျီးပေါင်းတက်ပြီး အဆစ်လှုပ်ရှားမှုကိုဆိုးစေရာ နာကျင်မှုဖြစ်လာစေပါသည်။
  • အာရုံကြောညှပ်ခြင်း – လည်ပင်းရိုးဆစ်များမှ အရိုးနုချပ်ပြားများ ကျွံခြင်း သို့မဟုတ် အရိုးကျီးပေါင်းတက်ခြင်းက ကျောရိုးအာရုံကြောမကြီးမှ အာရုံကြောခွဲများကို ဖိထားနိုင်ပါသည်။
  • ထိခိုက်ဒဏ်ရာများ – ကားနောက်မြီးမှဝင်တိုက်ခံရခြင်းမျိုး သည် ကြာပွတ်ရိုက်သလိုဒဏ်ရာမျိုးကို ဖြစ်စေသည်။ ထိုအခြေအနေတွင် ခေါင်းသည် နောက်ကိုခေါက်ကနဲ လန်ကျပြီးနောက် ရှေ့ကို ပြန်ငိုက်သွားရာမှာ လည်ပင်းရှိ ကြွက်သားတစ်ရှူးများ ဒဏ်ဖြစ်သွားပါသည်။
  • ရောဂါများ – လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း သို့မဟုတ် ကင်ဆာတို့မှလည်း ဇက်ကြောနာ/တက်ခြင်းကို ဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Neck Pain (ဇက်ကြောနာ/တက်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဇက်ကြောနာ/တက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • နေ့စဉ်လုပ်ငန်းများမှ အကျင့်ဆိုးနှင့် ပုံစံမမှန်မှုများ – နာတာရှည် ဇက်ကြောနာ/တက်ခြင်းမှာ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သော တီဗီ၊ စာအုပ်တို့အားကြည့်ခြင်း၊ ကွန်ပျူတာမော်နီတာကို အမြင့် သို့ အနိမ့်တွင်ထားခြင်း၊ သက်တောင့်သက်သာ မရှိသောပုံစံနှင့် အိပ်ခြင်း၊ နာရီချီအောင် စားပွဲတွင် ငုံ့လုပ်ရခြင်း၊ လေ့ကျင့်ခန်းလုပ်ရာတွင် ခေါင်းကိုဇွတ်လိမ်ခြင်းမျိုးတို့ကြောင့် ဖြစ်နိုင်ပါသည်။
  • ထိခိုက်ခြင်း ဒဏ်ရာခြင်း
  • လည်ပင်းတွင် ပျက်စီးယိုယွင်းမှုဖြစ်ခြင်း ဥပမာ အရိုးနှင့်အကြောများရောင်ခြင်း၊ အရိုးနုချပ်ပြား ကျွံခြင်း
  • ဖိုင်ဖရိုမိုင်အဲလ်ဂျီးယား
  • ကျောရိုးမတွင် ပြည်တည်ခြင်း သို့မဟုတ် ဦးနှောက်အမြှေးရောင်ခြင်းတို့လို ပိုဝင်ခြင်းများ
  • ကိုယ်ခံအားရောဂါများဖြစ်သော လေးဘက်နာကဲ့သို့ အဆစ်ရောင်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ polymyalgia rheumatic
  • အာရုံကြောရောဂါများဖြစ်သော လေဖြတ်ခြင်း၊ ကြွက်သားကျုံ့သေးသွားခြင်းနှင့် မာတီးပယ်စကလရိုးစစ်
  • ကျေားရိုးမကိုကူးလာသော ကင်ဆာ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Neck Pain (ဇက်ကြောနာ/တက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ရောဂါရာဇ၀င်မေးခြင်းနှင့် စမ်းသပ်မှုတို့ ပြုလုပ်ပါလိမ့်မည်။ နာခြင်း၊ ထုံခြင်း၊ ကြွက်သားအားနည်းတို့ ရှိမရှိစစ်ဆေးပါလိမ့်မည်။ ထို့အပြင် ခေါင်းကို ဘယ်ညာ ထက်အောင် ဘယ်လောက်ထိရွေ့နိုင်ကြောင်းပါ စစ်ပါလိမ့်မည်။

ပုံရိပ်ဖော်စစ်ဆေးခြင်းများ

ဇက်ကြောနာ/တက်ခြင်း၏အကြောင်းရင်းကို သိရနိုင်ရန်အတွက် ဆရာဝန်သည် ပုံရိပ်ဖော်စစ်ဆေးခြင်းများကို ပြုလုပ်ပါလိမ့်မည်။

  • ဓာတ်မှန် – ဓာတ်မှန်သည် လည်ပင်းမှ အာရုံကြောခွဲများ နှင့် အာရုံကြောမကြီးအား အရီုးကျီုးပေါင်းမှဖိထားခြင်း ရှိမရှိ သို့မဟုတ် ယိုယွင်းသောပြောင်းလဲမှုများရှိမရှိ ဖော်ပြနိုင်ပါသည်။
  • ကွန်ပျူတာဓာတ်မှန် – ၎င်းသည် လည်ပင်းအား ကန့်လန့်ဖြတ်ပုံရိပ်များကိုရိုက်ယူပြီး အစိတ်အပိုင်းအသေးစိတ်များကို မြင်ရနိုင်မည်ဖြစ်သည်။
  • MRI – ၎င်းသည် ရေဒီရိုလှိုင်းနှင့် သံလိုက်စက်ကွင်းကို အသုံးပြုပြီး အရိုးများတစ်ရှူးပျော့များ၊ အာရုံကြောမကြီးနှင့် အာရုံကြောခွဲများကို အသေးစိတ် ပုံရိပ်ဖော်နိုင်မည်ဖြစ်သည်။

လက္ခဏာမပြပါပဲနှင့်လည်း လည်ပင်း၌ဖွဲ့စည်းမှုပုံစံပြဿနာ ရှိနေကြာင်းကို ဓာတ်မှန်နှင့် MRI တို့တွင် တွေ့နိုင်ပါသည်။ ပုံရိပ်ဖော်စစ်ဆေးခြင်းများကို ရောဂါရာဇ၀င်နှင့် စမ်းသပ်ခြင်းတို့တို့ဖြင့် ချိန်ညှိကာ နာကျင်ရသည့်အကြောင်းရင်းကို အတည်ပြုနိုင်မည်ဖြစ်သည်။

တခြားသောစစ်ဆေးမှုများ

  • Electromyography (EMG) – ဆရာဝန်မှ သင်၏ ဇက်ကြောနာ/တက်ခြင်းမှာ အာရုံကြောညှပ်ခြင်းနှင့် ဆက်စပ်ကြောင်းသံသယရှိပါက EMG လုပ်ခိုင်းနိုင်သည်။ ၎င်းတွင် ကြွက်သားများထဲသို့ အပ်ငယ်များကိုစိုက်ပြီး အာရုံကြောများကောင်းကောင်းလုပ်မလုပ် အာရုံကြောမြန်နှုန်းကို စစ်ဆေးမည်ဖြစ်သည်။

သွေစစ်ခြင်းများ – သွေးစစ်ခြင်းများကို တစ်ခါတစ်ရံတွင် ရောင်ရမ်းနာများ ပိုးကူးစက်ခြင်းများရှိမရှိသိရန် ပြုလုပ်ခိုင်းနိုင်ပါသည်။

Neck Pain (ဇက်ကြောနာ/တက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အပျော့စားနှင့် အလယ်အလတ် ဇက်ကြောနာ/တက်ခြင်းများကို နှစ်ပတ်သုံးပတ်ခန့် ကိုယ့်ကိုယ်ကိုဂရုစိုက်ရုံဖြင့် ပျောက်ကင်းပါသည်။ ဇက်ကြောနာ/တက်ခြင်းအချိန်ကြာနေလျှင် ဆရာဝန်မှတခြားကုထုံးများကို လမ်းညွှန်ပါလိမ့်မည်။

ဆေးဝါးများ

အလွယ်တကူဝယ်ရနိုင်သောဆေးများထက်ပြင်းသည့် အကိုက်အခဲပျောက်ဆေးများကို လမ်းညွှန်နိုင်သလို ကြွက်သားပျော့ဆေးများနှင့် ထရိုင်ဆိုက်ကလစ် စိတ်ကျကုဆေးများကို နာကျင်မှုသက်သာစေရန် ပေးနိုင်ပါသည်။

ကုထုံးများ

  • ကိုယ်လက်လှုပ်ရှားမှုကုထုံး – ကုထုံးဆရာမှ မှန်ကန်သည်ပုံစံ၊ အလိုင်းမန့်ညီမညီနှင့် လည်ပင်းအားသန်စေသော လေ့ကျင့်ခန်းများကို သင်ပြပေးပါလိမ့်မည်။ ထို့အပြင် အပူ အအေး လျှပ်စစ် နှင့် တခြားအရာများကိုသုံးကာ နာကျင်မှုကို သက်သာစေရန် ပြန်မဖြစ်စေရန် ပြုလုပ်ပေးပါလိမ့်မည်။
  • အရေပြားမှဖြတ်ပြီး အာရုံကြောလျှပ်စစ် လှုံ့စော်ပေးသောကိရိယာ (TENS) – လျှပ်ခေါင်းများကို နာကျင်မှုဖြစ်နေသောနားမှ အရေပြားတွင်ချိတ်ကာ နာကျင်မှုကိုသက်သာစေသော လျှပ်စစ်လှုံ့စော်မှုများကို လွှတ်ပေးပါလိမ့်မည်။
  • အလေးဆွဲခြင်း – အလေးများ လေအိတ်များကိုသုံးပြီး ဆွဲခြင်းက လည်ပင်းကို အနည်းငယ်ဆွဲဆန့်စေပါသည်။ ဤကုထုံးကို ကျွမ်းကျင်ပညာရှင် ကုထုံးဆရာဝန်တို့၏ ကြီးကြပ်မှုဖြင့် လုပ်ရမည်ဖြစ်ပြီး ဇက်ကြောနာ/တက်ခြင်းအား အထူးသဖြင့် အာရုံကြောကြောင့်ဆိုလျှင် သက်သာစေပါသည်။
  • ခဏတာမလှုပ်ရှားပဲနေခြင်း – ပျော့သောကော်လာတစ်ခုဖြင့် လည်ပင်းအား ထောက်ကန်ထားပြီး လည်ပင်းမှအစိတ်ပိုင်းများအား ဖိအားမပေးခြင်းကလည်း နာကျင်မှုကိုသက်သာစေပါသည်။ သို့သော် တစ်ကြိမ်လျှင် သုံးနာရီထက်ပြီးပြီး တစ်ပတ်နှစ်ပတ်လောက်ထက်ပိုသုံးလျှင် ကော်လာမှာ အကောင်းထက်အဆိုးကိုပိုဖြစ်စေပါလိမ့်မည်။

ခွဲစိတ်ခြင်းနှင့်တခြားလုပ်ထုံးများ

  • စတီးရွိုက်များထိုးခြင်း – ဆရာဝန်သည် အာရုံကြောအမြစ်များနား၊ လည်ပင်းဆစ်ရိုးမှ အဆစ်များကြား၊ လည်ပင်းကြွက်သားများကြားသို့ ကော်တီကိုစတီးရွိုက်များ ထိုးခြင်းဖြင့် နာကျင်မှုကို သက်သာစေပါလိမ့်မည်။ ထုံးဆေးများဖြစ်သော လစ်ဒိုကိန်းတို့ကိုလဲ နာကျင်မှုသက်သာစေရန် ထိုးနိုင်ပါသည်။
  • ခွဲစိတ်ခြင်း – ဇက်ကြောနာ/တက်ခြင်းအတွက် လိုအပ်သည်မှာရှား၏။ ခွဲစိတ်ခြင်းမှာ အာရုံကြောအမြစ်များ သို့မဟုတ် အာရုံကြောမ အဖိခံရခြင်းအား သက်သာစေရန်ပြုလုပ်နိုင်သည့် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဇက်ကြောနာ/တက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဇက်ကြောနာ/တက်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • အလွယ်ဝယ်ရနိုင်သော အကိုက်အခဲပျောက်ဆေးများ – (Advil, Motrin IB, others), naproxen sodium (Aleve) နှင့် acetaminophen (Tylenol)
  • အပူအအေးတစ်လှည့်စီပေးခြင်း – ရေခဲဝတ်ကို မိနစ် ၂၀ ခန့် ခဏခဏအုပ်ပေးခြင်းက ရောင်ရမ်းမှုကိုလျော့ကျစေပါသည်။ သို့မဟုတ် အပူအအေးတစ်လှည့်စီလုပ်နိုင်ပါသည်။ ရေနွေးနွေးဖြင့်ချိုးခြင်းသို့မဟုတ် ရေနွေးဝတ်ကပ်ခြင်းတို့ ပြုလုပ်နိုင်သည်။
  • အိမ်တွင်းလေ့ကျင့်ခန်း – ညင်ညင်သာသာ အကြောဆန့်ခြင်းဖြစ်သော လည်ပင်းလှိမ့်ခြင်း၊ ပုခုံးလှိမ့်မခြင်းများအား နာကျင်မှုသက်သာသွားသည်နှင့် ပြုလုပ်ပါ။ ဖြည်းဖြည်းခြင်းနှင့် ခေါင်းကိုလှည့်ပေးပါ။ လည်ပင်းနှင့် နောက်ကျောတို့အား ရေနွေးဝတ်ကပ်ခြင်း သို့မဟုတ် ရေနွေးနွေးနှင့်စိမ်ချိုးခြင်းများကို လေ့ကျင့်ခန်းမလုပ်ခင် ပြုလုပ်ပေးပါ။ ထိုလေ့ကျင့်ခန်းများအား ကာယကုထုံးဆရာဝန်မှ လမ်းညွှန်ပါလိမ့်မည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။