Nasal congestion ( နှာခေါင်းပိတ်ခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nasal congestion ( နှာခေါင်းပိတ်ခြင်း) ကဘာလဲ။

နှာခေါင်းတွင်းမှာရှိတဲ့ တစ်ရှူးတွေနဲ့ သွေးကြောတွေအတွင်းမှာ ပုံမှန်ထက်ပိုများတဲ့ အရည်တွေဖြစ်ပေါ်လာတာကြောင့် ဖောင်းကားလာပြီး တခုခု ပိတ်ဆို့နေတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာတာကို နှာခေါင်းပိတ်တယ် (နှာပိတ်တယ်)လို့ ခေါ်ပါတယ်။နှာခေါင်းပိတ်တာဟာ နှာရည်ယိုခြင်းနဲ့ တွဲပြီးဖြစ်ပေါ်တတ်သလို၊နှာရည်မယိုဘဲနဲ့လည်း နှာခေါင်းပိတ်နိုင်ပါတယ်။အသက်နည်းနည်းကြီးတဲ့ ကလေးတွေနဲ့ အရွယ်ရောက်ပြီးလူကြီးတွေမှာ နှာခေါင်းပိတ်ခြင်းဟာ စိတ်ကသိကအောင့်ဖြစ်စေတယ် ဆိုတာထက် မပိုပေမယ့် ငယ်ရွယ်တဲ့ကလေးတွေမှာ နှာခေါင်းပိတ်ရင်တော့ အိပ်မပျော်တာ ဒါမှမဟုတ် အစာကျွေးရ/နို့တိုက်ရခက်တာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Nasal congestion ( နှာခေါင်းပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နှာခေါင်းပိတ်ခြင်းဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • နှာခေါင်းပိတ်တာ ဆယ်ရက်ထက် ပိုကြာနေခြင်း။
  • အဖျားကြီးလာခြင်း။
  • အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် နှပ်ရည်များ ထွက်လာခြင်းနဲ့အတူ နှာခေါင်းရင်းတဝိုက် နာကျင်လာခြင်း၊အဖျားတက်လာခြင်းတို့ ဖြစ်ပေါ်လာမယ်ဆိုရင် ဒါဟာ ဘက်တီးရီးယား ကူးစက်ပိုးဝင်တဲ့ လက္ခဏာဖြစ်ပါတယ်။ဦးခေါင်းထိခိုက်ဒါဏ်ရာရပြီးတဲ့နောက်မှာ နှာခေါင်းထဲက သွေးရောင်ပါတဲ့ နှာရည်တွေ ထွက်လာနိုင်သလို ကြည်လင်နေတဲ့ နှပ်ရည်တွေလည်း တောက်လျှောက်ထွက်နေနိုင်ပါတယ်။

အောက်ပါ အချက်တွေ ပေါ်ပေါက်လာရင် ကလေးဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

  • သင့်ကလေးဟာ အသက်နှစ်လအောက်ဖြစ်ပြီး အဖျားတက်နေခြင်း။
  • နှာရည်ယို၊နှာပိတ်ခြင်းကြောင့် ကလေးကို နို့တိုက်ဖို့အခက်အခဲရှိခြင်း၊ကလေး အသက်ရှုမဝခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အကြောင်းရင်းများ

Nasal congestion ( နှာခေါင်းပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နှာခေါင်းတွင်းမှာရှိတဲ့ တစ်ရှူးတွေကို ထိခိုက်စေ၊ရောင်ရမ်းစေတဲ့ အရာ/အခြေအနေမှန်သမျှဟာ နှာခေါင်းပိတ်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။သာမန်အအေးမိခြင်း၊တုပ်ကွေးမိခြင်း၊ထိပ်ခပ်နာဖြစ်ခြင်း စတဲ့ ကူးစက်ရောဂါတွေ၊ဓာတ်မတည့်ခြင်းတွေ နဲ့ ဆေးလိပ်ငွေ့လိုမျိုး မကောင်းတဲ့ အငွေ့တွေကို ရှုရှိုက်မိတာမျိုးတွေဟာ နှာရည်ယိုခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။လူအချို့ဟာ အကြောင်းရင်းအထူးအထွေ မရှိပါဘဲနဲ့ ကာလကြာရှည် နှာရည်ယိုနေတာမျိုး ဖြစ်နေတတ်ပြီး ဒီလိုအခြေအနေကိုတော့ ဓာတ်မတည့်ခြင်း(အယ်လ်လာဂျီ)ကြောင့် မဟုတ်သော နှာရည်ယိုခြင်းလို့ ခေါ်ပါတယ်။နှာခေါင်းတွင်း polyp လို့ခေါ်တဲ့ အလုံးလေးတွေ ဒါမှမဟုတ် ကင်ဆာကျိတ်တွေကြောင့်လည်း နှာခေါင်းပိတ်တာမျိုး ရှားရှားပါးပါး ဖြစ်ပေါ်တတ်ပါတယ်။

နှာခေါင်းပိတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အခြားသော အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • လတ်တလော ထိပ်ခတ်နာ ဖြစ်ခြင်း။
  • ဓာတ်မတည့်ခြင်း။
  • ကာလတာရှည် ထိပ်ခတ်နာ ဖြစ်ခြင်း။
  • Churg-strauss syndrome
  • သာမန်အအေးမိခြင်း။
  • နှာခေါင်းပိတ်သက်သာစေတဲ့ နှာခေါင်းတွင်းဖြန်းဆေးတွေကို အလွန်အကျွံအသုံးပြုခြင်း။
  • နှာခေါင်းတွင်း အကန့် နေရာစောင်းနေခြင်း။
  • မူးယစ်ဆေးစွဲခြင်း။
  • ပတ်ဝန်းကျင်လေထု ခြောက်သွေ့ခြင်း။
  • အဒီနွိုက်ဂလင်း ကြီးခြင်း။
  • နှာခေါင်းတွင်း ပြင်ပပစ္စည်းဝင်ခြင်း။
  • ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း။
  • တုပ်ကွေးမိခြင်း။
  • သွေးတိုးကျဆေးကဲ့သို့သော ဆေးဝါးများ သုံးစွဲနေရခြင်း။
  • နှာခေါင်းတွင်း polyp ဟုခေါ်သော အလုံးလေးများ ရှိနေခြင်း။
  • ဓာတ်မတည့်ခြင်းကြောင့် မဟုတ်သော နှာရည်ယိုခြင်း။
  • လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်လာရသော ပန်းနာရင်ကြပ်ရောဂါရှိခြင်း။
  • ကိုယ်ဝန်ရှိခြင်း။
  • Respiratory syncytial virus (RSV) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း။
  • စိတ်ဖိစီးမှုများခြင်း။
  • သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။
  • ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း။
  • Wegener’s granulomatosis ခေါ်တဲ့ သွေးကြောတွေရောင်ရမ်းတဲ့ ရောဂါတမျိုးကို ခံစားနေရခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nasal congestion ( နှာခေါင်းပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကာလကြာရှည် နှာခေါင်းပိတ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေအတည်ပြုပြီးနောက်မှာတော့ သင့်ဆရာဝန်အနေနဲ့ သင့်တော်တဲ့ ကုသမှုကို လမ်းညွှန်ပေးပါလိမ့်မယ်။ရောဂါလက္ခဏာတွေကို ပျောက်ကင်းသွားစေဖို့၊သက်သာစေဖို့အတွက် ဆရာဝန်လက်မှတ်မလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားချက်နဲ့မှ သုံးစွဲနိုင်တဲ့ဆေးတွေကို အသုံးပြုပြီး ကုသပေးမှာပါ။

နှာပိတ်ခြင်းကို ကုသဖို့အတွက် အသုံးပြုလေ့ရှိတဲ့ ဆေးတွေကတော့-

  • ဓာတ်မတည့်ခြင်းကို ကုသဖို့ ဟစ်စတမင်း ဆန့်ကျင်ပစ္စည်းပါဝင်တဲ့ သောက်ဆေးများ ဥပမာ loratadine (Claritin) နဲ့cetirizine (Zyrtec)
  • ဟစ်စတမင်း ဆန့်ကျင်ပစ္စည်းပါဝင်တဲ့ နှာခေါင်းတွင်းဖြန်းဆေးများ ဥပမာ azelastine (Astelin, Astepro)
  • နှာခေါင်းတွင်း ဖြန်းရတဲ့ စတီးရွိုက်ဆေးများ ဥပမာ mometasone (Asmanex Twisthaler) သို့မဟုတ် fluticasone (Flovent Diskus, Flovent HFA)
  • ပဋိဇီဝပိုးသတ်ဆေးများ။
  • ဆရာဝန်လက်မှတ်မလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားချက်နဲ့မှ သုံးစွဲနိုင်တဲ့ နှာခေါင်းပိတ်ပျောက်ဆေးတွေ ဥပမာ Sudafed

တကယ်လို့ သင့်နှာခေါင်းတွင်းလမ်းကြောင်းမှာ အဖုအလုံးလေးတွေ ဒါမှမဟုတ် ကင်ဆာကျိတ်တွေ ရှိနေရင်တော့ သူတို့တွေဟာ အကျိအချွဲတွေကို တောက်လျှောက်ထွက်နေစေမှာဖြစ်တဲ့အတွက် ခွဲစိတ်ကုသမှုခံယူပြီး အဆိုပါ အလုံးအကျိတ်တွေကို ဖြတ်တောက်ဖယ်ရှားပစ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာခေါင်းပိတ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှာခေါင်းပိတ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ဆရာဝန်နဲ့ မပြသရသေးခင်မှာ သင့်ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက် အောက်ဖော်ပြပါ ရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။

  • နှာခေါင်းတရှုံ့ရှုံ့လုပ်ခြင်း၊မြိုချခြင်း သို့မဟုတ် နှာကောင်းကို အသာအယာမှုတ်ခြင်း။
  • ဓာတ်မတည့်စေနိုင်မှန်း သိပြီးသား အရာတွေကို ရှောင်ကျဉ်ခြင်း။

တကယ်လို့ သင့်အနေနဲ့ ကာလကြာရှည် နှာရည်ယိုဝေဒနာကိုပါ ခံစားနေရပြီး နှာရည်တွေက အရည်ကျဲနေမယ်၊နှာချေဆတ်ခြင်း၊မျက်စိယားယံခြင်း၊မျက်ရည်ပူကျခြင်း တွေကိုပါ ပူးတွဲခံစားနေရဦးမယ်ဆိုရင်တော့ သင့်လက္ခဏာတွေဟာ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဟစ်စတာမင်းဆန့်ကျင်ဆေးဝါးတွေကို သုံးစွဲနိုင်ပါတယ်။ဆေးညွှန်းကိုတော့ တိတိကျကျ လိုက်နာသောက်သုံးရမှာပါ။

ကလေးငယ်လေးတွေမှာဆိုရင်တော့ (ဆေးတိုက်ရင်အသုံးပြုရတဲ့ ညှစ်တံလေးတွေကို သုံးပြီး) အကျိအချွဲလေးတွေ၊နှာရည်လေးတွေကို ညင်သာစွာ ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။

သင့်လည်ချောင်းနောက်ဖက်မှာ အကျိအချွဲတွေ စုပုံများပြားလာတာကို သက်သာစေဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

  • စီးကရက်၊ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ပတ်ဝန်းကျင် စိုထိုင်းဆ ရုတ်တရက် ပြောင်းလဲခြင်းတွေကို ရှောင်ကျဉ်ရပါမယ်။
  • အရည်ဓာတ်ဟာ နှာရည်ထွက်ခြင်းကို သက်သာစေတာကြောင့် ရေများများ သောက်ပါ။
  • နှာခေါင်းတွင်းဖြန်းဆေး ဒါမှမဟုတ် ဆေးရည်တွေကို အသုံးပြုကြည့်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 8, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။