backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mold allergy ( မှိုဖြင့်ဓါတ်မတည့်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

မှိုဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။

Mold ဆိုတာဟာ မှိုအသေးစားလေးတွေဖြစ်ပြီး ယင်းတို့ရဲ့ မျိုးမှုန်တွေဟာ လေထဲကနေပြန့်နှံ့တတ်ကြပါတယ်။ သူတို့ဟာ စိုထိုင်းသော ပတ်ဝန်းကျင်ကို ကြိုက်ကြပြီး အာဟာရ၊ လေ၊ သင်တော်မယ့်အပူချိန်နဲ့ ရေ စသည့်အရာ၄မျိုးကို ကြီးထွားဖို့ လိုအပ်ပါသည်။ မှိုတွေကို အပြင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ အခြားအဆောက်အအုံတွေမှာဖြစ်စေ တွေ့နိုင်ပါတယ်။

လူတိုင်းက မှိုမျိုးမှုန်တွေကို ရှုသွင်းကြပြီး ပမာဏများတဲ့အခါ ဓါတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်တို့ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအခြေအနေကို မှိုဖြင့်ဓါတ်မတည့်ခြင်းလို့ခေါ်ပါတယ်။

မှိုဖြင့်ဓါတ်မတည့်တဲ့အခါ ခန္ဓါကိုယ်က မှိုမျိုးမှုန်တွေကို ရှုသွင်းမိတဲ့အခါ လိုတာထက်ပိုပြီး တုံ့ပြန်ကြပါတယ်။ မှိုမျိုးမှုန်တွေက ချောင်းဆိုးအောင်၊ မျက်လုံးယားအောင်နဲ့ အခြားစိတ်ရှုတ်စရာကောင်းတဲ့ရောဂါလက္ခဏာတွေပေါ်လာအောင် ပြုလုပ်ပါတယ်။ အချို့လူတွေမှာ ပန်းနာရင်ကြပ်နဲ့ ဆက်စပ်နေနိုင်ပြီး မှိုမျိုးမှုန်တွေကို ရှုသွင်းမိလိုက်သည့်အခါ အသက်ရှုခက်ခြင်းနဲ့ အခြားသောလေပြွန်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

မှိုဖြင့်ဓါတ်မတည့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

မှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

မှိုဖြင့်ဓါတ်မတည့်ခြင်းက အခြားလေပြွန်ဓါတ်မတည့်မှုလက္ခဏာတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ရရှိစေပါတယ်။ မှိုဖြင့်ဓါတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။

  • နှာချီခြင်း
  • နှာရည်ယို၊နှာပိတ်ခြင်း
  • ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း
  • မျက်လုံး၊နှာခေါင်းနဲ့ လည်ချောင်းတို့ယားခြင်း
  • မျက်ရည်ထွက်ခြင်း
  • အရေပြားခြောက်ခြင်း၊ အကြေးခွံပုံစံဖြစ်ခြင်း

မှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပြီး အနည်းငယ်ကနေ ပြင်းထန်သည်အထိရှိနိုင်ပါတယ်။ နှစ်စဉ်ပြန်ဖြစ်တတ်ပြီး တစ်ခါတစ်ရံ နှစ်တစ်နှစ်ရဲ့ ပေါ်နေကျအချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ရာသီဥတုက စိုထိုင်းနေရင် သို့မဟုတ် ပတ်ဝန်းကျင်မှာ မှိုတွေအရမ်းများနေရင် ရောဂါလက္ခဏာတွေကို သတိထားမိနိုင်ပါတယ်။

မှိုဖြင့်ဓါတ်မတည့်ခြင်းနှင့်ပန်းနာရင်ကြပ်ရောဂါ

ပန်းနာရင်ကြပ်လက္ခဏာတွေဟာ မှိုမျိုးမှုန်များဖြင့် ထိတွေ့ကာ ဖြစ်ပေါ်လာနိုင်ပါတယ်။ မှိုဖြင့်ထိတွေ့မိတဲ့ အချို့လူတွေမှာ ပြင်းထန်တဲ့ပန်းနာရင်ကြပ်ရောဂါဖောက်တာတွေ တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကြပ်ရဲ့ ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ချောင်းဆိုးခြင်း
  • အသက်ရှုလျှင်တရွှီရွှီမြည်ခြင်း
  • အသက်ရှုကြပ်ခြင်း
  • ရင်ဘတ်တောင့်ခြင်း
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    အောက်ပါတို့ရှိနေပါက ဆရာဝန်ဖြင့်ဆက်သွယ်သင့်ပါတယ်။

    နှာရည်ယိုခြင်း၊ နှာချီခြင်း၊ မျက်ရည်ကျခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရှုလျှင်တရွှီရွှီမြည်ခြင်းနှင့် တော်တောင်ဖြင့်မပျောက်နိုင်သောအခြားစိတ်ညစ်စရာကောင်းသည့် လက္ခဏာများ

    သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ

    ဘာတွေက မှိုဖြင့်ဓါတ်မတည့်ခြင်း ဖြစ်ပွားစေသလဲ။

    တခြားဓါတ်မတည့်ခြင်းတွေလိုပဲ မှိုဖြင့်ဓါတ်မတည့်ခြင်းဟာ အလွန်အကျွန်တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ရတာပါ။ မှိုမျိုးမှုန်သေးသေးလေးတွေကို ရှုသွင်းမိတဲ့အခါ ခန္ဓါကိုယ်က ယင်းတို့ကို ပြင်ပကျူးကျော်သူတွေအဖြစ်သတ်မှတ်ပြီး ပဋိပစ္စည်းတွေ ထုတ်လုပ်ကာ တိုက်ခိုက်ပါတယ်။

    ထိတွေ့ပြီးနောက်လည်း ထိုကျူးကျော်သူတွေကို မှတ်မိတဲ့ ပဋိပစ္စည်းတွေ ထပ်ထုတ်နေတဲ့အတွက်ကြောင့် မှိုနဲ့ထိတွေ့မိရင် ဓါတ်ပြုအုန်းမှာပါပဲ။ ထိုဓါတ်ပြုမှုက ဟစ်စတမင်းလိုမျိုး ဒြပ်ပေါင်းတွေထုတ်လုပ်စေပြီး မှိုဖြင့်ဓါတ်မတည့်မှု ဖြစ်လာစေပါတယ်။

    မှိုတွေမှာ အပြင်ကော၊ အတွင်းမှာပါ အတွေ့များပါတယ်။ အမျိုးအစားများစွားရှိသော်လည်း မှိုအမျိုးအစားအချို့ကသာ ဓါတ်မတည့်မှုဖြစ်စေတာပါ။ ဓါတ်မတည့်မှုအဖြစ်များဆုံးမှိုတွေကတော့ Alternaria, Aspergillus, Cladosporium နှင့် Penicillium တို့ဖြစ်ပါတယ်။

    မှိုတစ်မျိုးမျိုးဖြင့် ဓါတ်မတည့်တာက အခြားသော မှိုအမျိုးအစားတွေနဲ့လည်း ဓါတ်တည့်မှာမဟုတ်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက မှိုဖြင့်ဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    မှိုဖြင့်ဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ဖြစ်ပါတယ်။

    • မိသားစုထဲတွင် ဓါတ်မတည့်ဖူးသူရှိခြင်း – မိသားစုထဲမှာ ဓါတ်မတည့်ခြင်းတွေနဲ့ ပန်းနာရင်ကြပ်ဖြစ်ဖူးသူတွေရှိမယ်ဆိုရင် သင့်မှာမှိုဖြင့်ဓါတ်မတည့်ခြင်းရှိနေနိုင်ပါတယ်။
    • မှိုဖြင့်ထိတွေ့နေရသောအလုပ်ကိုလုပ်ကိုင်နေခြင်း – လယ်တောအလုပ်၊ နို့နှင့်ဆိုင်သောအလုပ်၊ သစ်ခုတ်ခြင်း၊ မုန့်ဖုတ်ခြင်း၊ စက်ရုံအလုပ်သမားများ၊ လက်သမားများ၊ သစ်ပင်ပန်းပင်ဖန်လုံအိမ်လုပ်သားများ၊ ဝိုက်ချက်သူများနှင့် ပရိဘောဂအလုပ်သမားများလိုမျိုး အလုပ်အကိုင်တွေဟာ မှိုပမာဏများများဖြင့် ထိတွေ့ရပါတယ်။
    • စိုထိုင်းမှုမြင့်သောအိမ်တွင်နေထိုင်ခြင်း – အိမ်တွင်းစိုထိုင်းဆ ၅၀ရာခိုင်နှုန်းထက်မြင့်နေပြီဆိုရင် မှိုဖြင့်ထိတွေ့မှုများနေနိုင်ပါတယ်။ မှိုတွေဟာ အဆင်ပြေတဲ့ ဘယ်နေရာမှာမဆို ပေါက်ရောက်ကြီးထွားနိုင်ကြပါတယ်။ မြေအောက်ခန်း၊ ဘောင်နောက်ကနံရံ၊ ကြွေပြား၊ကျောက်ပြား၊ အခြားစိုထိုင်းသောမျက်နှာပြင်များ၊ ကော်ဇောများ၊ ပတ်များပါဝင်ပါတယ်။ အိမ်သုံးပစ္စည်းတွေမှာ မှိုအမျောက်အမြားရှိနေမယ်ဆိုရင် ဓါတ်မတည့်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
    • စိုထိုင်းမှုများသောအဆောက်အအုံအတွင်း၌နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း – ဥပမာ ယိုစိမ့်နေသောပိုက်များနဲ့ မုန်တိုင်းများ၊ ရေကြီးခြင်းများဖြစ်ပွားနေစဉ်အတွင်း ရေယိုစိမ့်ခြင်းတို့ဖြစ်ပါတယ်။ အမြင်တစ်မျိုးနဲ့ပြောရရင် အဆောက်အအုံအကုန်လုံးနီးပါက စိုထိုင်းမှုတွေ တစ်နည်းနည်းနဲ့တော့ များပြားကြပါတယ်။ ထိုစိုထိုင်းမှုက မှိုတွေပွင့်လာစေပါတယ်။
    • လေဝင်လေထွက်မကောင်းသောအိမ်တွင်နေထိုင်ခြင်း – တံခါးပေါက်၊ ပြတင်းပေါက်တွေပိတ်ထားခြင်းက အစိုဓါတ်တွေကို အိမ်တွင်း၌ပိတ်မိစေပြီး လေဝင်လေထွက် မကောင်းစေကာ မှိုတွေကြီးထွားပေါက်ရောက်ဖို့အတွက် အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။ ရေချိုးခန်း၊ မီးဖိုချောင်နဲ့ မြေအောက်ခန်းတို့လိုမျိုး စိုထိုင်းတဲ့နေရာတွေက အဖြစ်များဆုံးပါ။

    နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    မှိုဖြင့်ဓါတ်မတည့်ခြင်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ရောဂါလက္ခဏာတွေကို မစဉ်းစားခင်မှာ ဆရာဝန်က အခြားသောရောဂါတွေကို သိရှိဖယ်ထုတ်ဖို့ရာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အမည်တပ်နိုင်သော ဓါတ်မတည့်မှုရှိမရှိကိုသိဖို့ စစ်ဆေးမှုအချို့လည်း ပြုလုပ်ခိုင်းနိုင်ပါတယ်။ အောက်ပါတို့ပဲဖြစ်ပါတယ်။

    • အရေပြားအပ်ထိုးစမ်းသပ်ခြင်း – နေထိုင်ရာနေရာဒေသတွင်တွေ့ရတတ်သော မှိုလိုမျိုး အတွေ့ရများသည့် သို့မဟုတ် သံသယဖြစ်သည့် ဓါတ်မတည့်တဲ့ပစ္စည်းကို အားပျော့စေပြီး အသုံးပြုခြင်းဖြစ်ပါတယ်။ ထိုပစ္စည်းတွေကို လက်မောင်း သို့မဟုတ် ကျောဘက်တို့မှာ အပ်ဖြင့်ထိုးသွင်းလိုက်ပါတယ်။ ဓါတ်မတည့်ဘူးဆိုရင် အင်ပျဉ်ပုံစံမျိုးတွေ ထွက်လာပါလိမ့်မယ်။
    • သွေးစစ်ခြင်း – ရေဒီယိုအလာဂျိုဆောဘန့်လို့ခေါ်သော သွေးစစ်မှုက ခန္ဓါကိုယ်ရဲ့ မှိုအပေါ်ကိုယ်ခံအားတုံ့ပြန်မှုအား သွေးတွင်း ပဋိပစ္စည်း အမျိုအစား E ကို တိုင်းတာခြင်းဖြင့် သိနိုင်ပါတယ်။ သွေးကို ဓါတ်ခွဲခန်းသို့ပို့ပြီး ဓါတ်မတည့်သော မှိုအမျိုးအစားကို သိရှိဖို့ ပြုလုပ်ပါတယ်။

    မှိုဖြင့်ဓါတ်မတည့်ခြင်းကို ဘယ်လိုကုသလဲ။

    ဓါတ်မတည့်မှုတိုင်းအတွက် အကောင်ဆုံးနည်းလမ်းကတော့ ဓါတ်မတည့်တဲ့အရာတွေနဲ့ ရှောင်ကျဉ်ခြင်းပါပဲ ဒါပေမယ့်လည်း မှိုတွေက အတွေ့ရများတာကြောင့် အပြည့်အဝတော့ ရှောင်ကျဉ်နိုင်မှာမဟုတ်ပါဘူး။ မှိုဖြင့်ဓါတ်မတည့်မှုကြောင့်ဖြစ်သော နှာခေါင်းအတွင်းပိုင်းရောင်ခြင်းအတွက် ရေရာတဲ့ နည်းလမ်းမရှိသေးသော်လည်း ဆေးတော်တော်များများက ရောဂါလက္ခဏာတွေ သက်သာစေနိုင်ပါတယ်။ အောက်ပါတို့ဖြစ်ပါတယ်။

    ကော်တီကိုစတီးရွိုက်နှာခေါင်းတွင်းဖြန်းဆေး – ထိုဆေးက မှိုဖြင့်ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သော အသက်ရှုလမ်းကြောင်းပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ လူတော်တော်များများအတွက် ယင်းတို့က အထိရောက်ဆုံးဆေးတွေဖြစ်ပြီး ဦးစားပေးတဲ့ဆေးတွေလည်းဖြစ်ပါတယ်။

    ဥပမာအားဖြင့် ciclesonide (Omnaris), fluticasone (Flonase), mometasone (Nasonex), triamcinolone (Nasacort AQ) နှင့် budesonide (Rhinocort Aqua) တို့ပါဝင်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းနှင့် နှာခေါင်းခြောက်ခြင်းတို့က ထိုဆေးရဲ့ အတွေ့ရများဆုံး ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့်တော့ ရေရှည်အသုံးပြုဖို့ ဘေးကင်းကြပါတယ်။

    ဟစ်စတမင်းဆန့်ကျင်ဆေးများ – ယားယံခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ဓါတ်မတည့်မှုဖြစ်ပေါ်တဲ့အချိန်မှာ ကိုယ်ခံအားစနစ်ကနေ ထုတ်လွှတ်ပေးလိုက်တဲ့ ဓါတုဒြပ်ပေါင်းတွေ မထွက်အောင် ပိတ်ပေးတာဖြစ်ပါတယ်။

    အလွယ်တကူဝယ်ယူရရှိနိုင်မယ့် ဟစ်စတမင်းဆန့်ကျင်ဆေးတွေက loratadine (Alavert, Claritin), fexofenadine (Allegra) နှင့် cetirizine (Zyrtec Allergy) တို့ဖြစ်ပါတယ်။ ယင်းတို့က အိပ်ငိုက်စေနိုင်သလို၊ မအိပ်ငိုက်တာလည်းရှိပါတယ်။ ခံတွင်းတော့ခြောက်မှာပါ။ Clemastine လိုမျိုး အရင်ဟစ်စတမင်းဆန့်ကျင်ဆေးတွေလည်းရှိပေမယ့် အိပ်ငိုက်စေပြီး ကျောင်းနဲ့အလုပ်တို့ကို အနှောက်အယှက်ဖြစ်စေကာ ခံတွင်းလည်းခြောက်စေပါတယ်။

    azelastine (Astelin, Astepro) နှင့် olopatadine (Patanase) တို့လိုမျိုး နှာခေါင်းတွင်းဖြန်းဆေးတို့ကိုလည်း ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ နှာခေါင်းတွင်းဖြန်းဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ခံတွင်း၌ခါးခြင်းနဲ့ နှာခေါင်းခြောက်တို့ဖြစ်ပါတယ်။

    ရင်ကျပ်ပျောက်ဆေး – Sudafed နဲ့ Drixoral တို့ဖြစ်ပါတယ်။ ရင်ကျပ်ပျောက်ဆေးတွေက သွေးပေါင်ချိန်မြင့်တက်စေတဲ့အတွက်ကြောင့် သွေးတိုးရှိနေရင် ရှောင်ကျဉ်ရပါမယ်။ ဖြစ်ပွားလာနိုင်မယ့် ဘေးထွက်ဆိုးကျိုးတွေက သွေးတိုးခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရင်တုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ယောက်ယက်ခတ်ခြင်းတို့ဖြစ်ပါတယ်။

    နှာခေါင်းပွင့်ဆေးများ – Oxymetazoline (Afrin နှင့်အလားတူဆေးဝါးများ) ပါဝင်ပါတယ်။ သုံး၊လေးရက်ထက်ပိုပြီးမသုံးပါနှင့်။ ဆေးဖြတ်လိုက်တဲ့အခါ ပိုဆိုးတဲ့ နှာပိတ်ခြင်းမျိုးဖြစ်လာတတ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့လည်းဖြစ်နိုင်ပါတယ်။

    မွန်တီလုကပ် – Montelukast (Singulair) ဟာ အကျိအချွဲတွေထွက်စေသော ကိုယ်ခံအားက ဓါတ်မတည့်မှုကို တုံ့ပြန်ပေးသည့် လူကိုတရွိုင်အင်းကို ပိတ်သောဆေးဖြစ်ပါတယ်။ ပန်းနာရင်ကြပ်နဲ့ မှိုဖြင့်ဓါတ်မတည့်ခြင်းတို့ကို ကုသရာမှာ ထိရောက်ကြောင်း သက်သေပြပြီးပါပြီ။ ဟစ်စတမင်းဆန့်ကျင်ဆေးလိုပဲ ကော်တီကိုစတီးရွိုက်ဖြန်းဆေးတွေလောက်တော့ ထိရောက်မှာမဟုတ်ပါဘူး။ ခန္ဓါကိုယ်က နှာခေါင်းဖြန်းဆေးတွေကို မခံနိုင်ဘူး သို့မဟုတ် ပန်းနာရင်ကြပ်အနည်းငယ်ရှိမယ်ဆိုရင် ထိုဆေးကိုအသုံးပြုနိုင်ပါတယ်။

    မှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့အခြားသောကုသမှုများ

    ကိုယ်ခံအားစနစ်အားကုသခြင်း – ဓါတ်မတည့်စေသောအရာအား ထိုးသွင်းခြင်းက ဟေးဖီဖာလိုမျိုးရောဂါတွေအတွက် အများကြီးထိရောက်ပါတယ်။ မှိုဖြင့်ဓါတ်မတည့်ခြင်းအချို့အမျိုးအစားတွေအတွက်သာ အသုံးပြုနိုင်ပါတယ်။

    နှာခေါင်းဆေးခြင်း – နှာခေါင်းအတွင်း၌နေရထိုင်ရခက်ခြင်းအတွက် နှာခေါင်းကို ဆားရည်ဖြင့် နေ့စဉ်ဆေးဖို့ အကြံပြုပါတယ်။ နှာခေါင်းအတွင်းသို့သွင်းရန် ဆေးဘူးအတူအထုပ်ထဲတွင်ပါလာသော အထူးပြုလုပ်ထားသော ညှစ်လို့ရသည့်ဘူးများကို အသုံးပြုနိုင်ပါတယ်။ Nasal Lavage လို့ခေါ်သော ထိုအိမ်တွင်းဆေးနည်းက နှာခေါင်းကို နေရထိုင်ရခက်အောင်လုပ်နေသော အရာတွေ ရှင်းသွားစေမှာပါ။

    ပေါင်းပြန်ထားသော၊ ပိုးသတ်ထားသော၊ အပူပေးပြီးအအေးခံထားသော၊ ၁မိုက်ခရွန်အရွယ်အစားသာရှိသောအပေါက်များပါသည့်ရေစစ်ဖြင့် စစ်ထားသော ရေကိုအသုံးပြုပါ။ ခုနကရေကိုပဲ အသစ်ပြန်သုံးပြီး သုံးပြီးသွားတဲ့ ပစ္စည်းကိရိယာတွေကို ဆေးကြောပေးပါ။ လေဖြင့် အခြောက်ခံပေးပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မှိုဖြင့်ဓါတ်မတည့်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မှိုဖြင့်ဓါတ်မတည့်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ရေပိုက်ယိုခြင်း၊ ရေယိုစိမ့်ခြင်းလိုမျိုး မြေအောက်ခန်းရှိ စိုထိုင်းမှုတို့ရဲ့ အကြောင်းအရင်းများကို ဖယ်ရှားပါ။
    • အောက်စော်နံနေသော နေရာတွေမှာ အစိုဓါတ်ဖယ်ရှားပေးသောကိရိယာကို အသုံးပြုပေးပါ။ စိုထိုင်းဆကို ၅၀ရာခိုင်နှုန်းအောက်ထားပါ။ ရေပုံးနဲ့ ကွိုင်တို့ကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနှင့်။
    • အဲကွန်းအသုံးပြုပြီး ဖြစ်နိုင်ရင် HEPA Filter တပ်ဆင်ပေးပါ။ HEPA Filter က အပြင်က မှိုမျိုးမှုန်တွေ အိတ်ထဲသို့မဝင်အောင် ဖမ်းထားပေးနိုင်ပါတယ်။
    • အဲကွန်းနဲ့ မီးဖိုတို့ရှိ စစ်ထုတ်ကိရိယာကို ပုံမှန်လဲလှယ်ပေးပါ။ အပူပေးပိုက်လိုင်းတွေကို စစ်ဆေးပြီး လိုအပ်ပါက သန့်ရှင်းရေလုပ်ပါ။
    • ရေချိုးခန်းတို့ကို လေဝင်လေထွက်ကောင်းစေပြီး ရေချိုးနေစဉ်အတွင်းနဲ့ ချိုးပြီးနောက်မှာ လေအပြင်ထုတ်ပေးတဲ့ပန်ကာကို ဖွင့်ထားပေးပါ။ ပန်ကာမရှိဘူးဆိုရင် ရေချိုးနေစဉ်အတွင်းမှာ ပြတင်းပေါက်၊ တံခါးပေါက်တို့ကို ဖွင့်ထားပါ။
    • မြေအောက်ခန်းနဲ့ ရေချိုးခန်းတို့ကို ကော်ဇောမခင်းပါနှင့်။
    • သစ်ရွက်သစ်ကိုင်းတွေကို အိမ်အောက်ခြေပတ်လည်မှာ ရှင်းလင်းပေးပြီး မြောင်းတွေဖော်ကာ၊ ရှင်းလင်းကာ ရေမဝပ်အောင်၊ ရေစီးရေလာကောင်းအောင် ပြုလုပ်ပါ။
    • ကောက်ရိုး၊လျော်၊ခြင်းတောင်းတို့ဖြင့် ပြုလုပ်ထားသော ထည့်စရာတွေကို သန့်သန့်ရှင်းရှင်း၊ခြောက်ခြောက်သွေ့သွေ့ထားပါ။
    • စားအုပ်အဟောင်းတွေ၊ သတင်းစာအဟောင်းတွေကို ပစ်လိုက်ပါ သို့မဟုတ် ပြန်လည်သုံးစွဲလိုက်ပါ။ မြေအောက်ခန်းလိုမျိုး စိုထိုင်းတဲ့နေရာတွေမှာ သိမ်းထားမယ်ဆိုရင် မှိုတွေလျင်မြန်စွာ တက်လာပါလိမ့်မယ်။
    • အပြင်က မှိုတွေမဝင်ရအောင် ပြတင်းပေါက်ပိတ်အိပ်ပါ။ ရာသီဥတုက အေးပြီး စိုစွတ်နေမယ်ဆိုရင် ညဘက်မှာ မှိုမျိုးမှုန်ပမာဏအရမ်းများပါတယ်။
    • သစ်ရွက်တွေလှည်းရမယ်၊ မြက်ရိတ်ရမယ်၊ သစ်ရွက်ဆွေးတွေနားမှာ အလုပ်လုပ်ရမယ်ဆိုရင် နှာခေါင်းစည်းဝတ်ဆင်ပါ။
    • မိုးမုန်တိုင်းကျပြီး၊ မြူထူနေချိန်၊ စိုစွတ်နေချိန်၊ လေထဲရှိမှိုပမာဏများနေချိန်တို့မှာ အပြင်သို့မထွက်ပါနှင့်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement