Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကဘာလဲ။

ကိုယ်ဝန်သက်တမ်း အပတ်၂၀မတိုင်ခင် ကိုယ်ဝန်ဆောင်စဉ် တခုခု လွဲချော်ခြင်း/ သန္ဓေသားကောင်းစွာ မကြီးထွားခြင်းတို့ကြောင့် အလိုလျောက်ကိုယ်ဝန်ကို ဆုံးရှုံးရခြင်းကို ခေါ်ပါတယ်။ ကိုယ်ဝန်ရှိမှန်းသြိပီးသူများမှာ ကိုယ်ဝန်ပျက်ကျနှုန်း ၁၀-၂၀%ရှိတယ်လို့ မှတ်တမ်းများရှိပါတယ်။

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်ပျက်ကျခြင်းဟာ အတော်အဖြစ်များပါတယ်။ အမျိုးသမီးတစ်ဦး တစ်လရာသီမထိန်ခင်၊ သူမကိုယ်တိုင် ကိုယ်ဝန်ရှိမှန်း မသိလိုက်ခင်မှာပဲ ၅၀%သော ကိုယ်ဝန်များဟာ ပျက်ကျတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အပတ်၂၀ကျော်လာလျှင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ဗိုက်နာခြင်း/ ခါးကိုက်ခြင်း
  • မိန်းမကိုယ်မှ အရည်၊ အသားစများ ဆင်းခြင်း
  • သွေးဆင်းနည်းရာမှ များလာခြင်း
  • အလွန်ကိုက်ခဲလာခြင်း
  • ဖျားခြင်း
  • အားနည်းခြင်း တို့ဖြစ်ပါတယ်။

 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဗိုက်ထဲက ကလေးမှာ ပါလာတဲ့ မျိုးဗီဇဆိုင်ရာပြဿနာများက ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ ဒီပြဿနာဟာ သင့်ကြောင့် ဖြစ်လေ့မရှိပါ။

သင့်သားအိမ်ခေါင်းမလုံခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းက အားနည်းလွန်းပြီး ကိုယ်ဝန်ကို ထိန်းထားနိုင်စွမ်းမရှိတဲ့အခါ ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ ဒီလိုကိုယ်ဝန်ပျက်ကျမှုမျိုးဟာ ဒုတိယသုံးလပတ်မှာ အဖြစ်များပါတယ်။ သားအိမ်ခေါင်းမလုံတဲ့ အချို့လက္ခဏာတွေကြောင့် သင်ဟာရုတ်တရက် ဖိအားကို ခံစားလာရပြီး ရေမွှာပေါက်ပြီး သိပ်မနာမကျင်ဘဲ ကလေးနဲ့အချင်းပါထွက်ကျလာပြီး ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျစေတဲ့ အခြားအကြောင်းအရင်းများကတော့

  • ရောဂါပိုးဝင်ခြင်း
  • ဆီးချို၊ သိုင်းရွိုက်ရောဂါ စတဲ့ရောဂါများ
  • ဟော်မုန်းဆိုင်ရာ ပြဿနာများ
  • ခုခံအားစနစ်၏တုန့်ပြန်မှု
  • သင့်ရဲ့ ခန္ခာကိုယ် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
  • သားအိမ်ပုံမမှန်ခြင်းများ တို့ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ကိုယ်ဝန်ပျက်ကျခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်အရွယ်။ သင့်အသက် ၃၅နှစ်ထက်ကျော်လျှင် အမျိုးသမီးငယ်များထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်။
  • ယခင်က ကိုယ်ဝန်ပျက်ကျဖူးခြင်း။ နှစ်ကြိမ်ထက်ပိုပြီး ဆက်တိုက် ကိုယ်ဝန်ပျက်ကျဖူးလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများပါတယ်။
  • ဆီးချိုမထိန်းနိုင်ခြင်း စသည့် နာတာရှည်ရောဂါများ ရှိခြင်း
  • သားအိမ်၊ သားအိမ်ခေါင်းနှင့် ပတ်သတ်သော ပြဿနာများ ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တားမြစ်ဆေးများသုံးစွဲခြင်း။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သူများဟာ ဆေးလိပ်မသောက်သူများထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
  • ကိုယ်အလေးချိန်။ ကိုယ်အလေးချိန် နည်းလွန်းခြင်း/ များလွန်းခြင်းတို့ကြောင့်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် အချင်းအပိုင်းအစ နမူနာယူခြင်း၊ ရေမွှာရေစုပ်ယူခြင်း စတဲ့ အတွင်းကျတဲ့ စမ်းသပ်မှုများကလည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေကို အနည်းငယ် ပိုမို မြင့်မားစေပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ ကိုယ်ဝန်ပျက်ကျခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုယ်ဝန်ပျက်ကျခြင်းကို အတည်ပြုဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုများ ပြုလုပ်ပါမယ်။

  • တင်ပါးဆုံပိုင်းစစ်ဆေးမှုဖြင့် သင့်သားအိမ်ခေါင်း စပွင့်နေပြီလား သိနိုင်ပါတယ်။
  • အာထရာဆောင်းဖြင့် သန္ဓေသားရဲ့ နှလုံးခုန်နှုန်းနဲ့ ကောင်းစွာကြီးထွားမှု ၇ှိမရှိ သိနိုင်ပါတယ်။
  • သင်ကိုယ်ဝန်ပျက်ကျခဲ့လျှင် သန္ဓေသားနဲ့ အချင်းအစိတ်အပိုင်းအားလုံးပါ မပါသိဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းနဲ့ betaHCG ကို စစ်ကြည့်နိုင်ပါတယ်။
  • ထွက်ကျလာတဲ့ တစ်သျှူးအသားစကို ဓါတ်ခွဲခန်းပို့ပြီး ကိုယ်ဝန်ပျက်ကျတာ ဟုတ်မဟုတ် စစ်ဆေးနိုင်ပါတယ်။

 

 

 

 

 

 

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကို ဘယ်လိုကုသပါသလဲ

သင့်မှာ ကိုယ်ဝန်ပျက်ကျလုနီးပါးဖြစ်တာကို သိလျှင် သွေးဆင်းတာ၊ နာတာမပျောက်မချင်း အနားယူရပါမယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။ သို့မှသာ သင့်ကို သက်သောင့်သက်သာရှိစေမှာပါ။ ထို့ပြင် ခရီးသွားခြင်းကိုလည်းရှောင်သင့်ပါတယ်။ အထူးသဖြင့် ဆေးကုသမှု ချက်ခြင်းမရနိုင်တဲ့ နေရာများသို့သွားလာခြင်း။

သန္ဓေသား အသက်ရှင်မရှင်၊ ကိုယ်ဝန်တကယ်ရှိမရှိ၊ ကိုယ်ဝန်ပျက်ကျခြင်းကို ရှောင်လွှဲလို့ မရနိုင်တော့ဘူးလားဆိုတာတွေကို အာထရာဆောင်းရိုက်ကြည့်လျှင် သိနိုင်ပါတယ်။

သင်စဉ်းစားရွေးချယ်နိုင်တဲ့ နည်းလမ်းတွေကတော့ စောင့်ကြည့်ကုသခြင်း၊ ဆေးဖြင့်ကုသခြင်း၊ ခွဲစိတ်ခြင်းတို့ဖြစ်ပါတယ်။

သင့်မှာရောဂါပိုးဝင်တဲ့ လက္ခဏာမရှိလျှင် စောင့်ကြည့်တဲ့နည်းကို သုံးနိုင်ပါတယ်။ သဘာဝအတိုင်း ကိုယ်ဝန်ပျက်ကျမှုဖြစ်စေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ သူ့အလိုလို မထွက်ကျလာပါက ဆေးနဲ့ သို့မဟုတ် ခွဲစိတ်နည်းကို ရွေးရပါမယ်။

ကိုယ်ဝန်ပျက်ခြင်းကို မြန်မြန်ပြီးစေချင်လျှင် ဆေးသုံးဖို့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ ဆေးဝါးများက သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ကိုယ်ဝန်တစ်သျှူးများနဲ့ အချင်းကို မြန်မြန်ထွက်လာအောင် ကူညီပေးပါလိမ့်မယ်။ မိန်းမကိုယ်ထဲသို့ ဆေးပြားထည့်ခြင်းဖြင့် ပိုမိုထိရောက်စေနိုင်တဲ့အပြင် ဆေးသောက်လျှင်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်းတို့ မဖြစ်စေနိုင်တဲ့အတွက် ဆေးသောက်ခြင်းအစား ဒီနည်းကို အကြံပြုကြပါတယ်။

အခြားကုသမှုနည်းလမ်းတစ်ခုကတော့ အသေးစားခွဲစိတ်မှုတစ်ခုဖြစ်တဲ့ D&C သားအိမ်ခြစ်ခြင်း ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ ဆရာဝန်က သင့်သားအိမ်ခေါင်းကို ချဲ့ပြီး သားအိမ်အထဲက တစ်သျှူးများကို ဖယ်ထုတ်ပါတယ်။ သင်ဟာ ကိုယ်ဝန်ပျက်ပြီး သွေးအလွန်ဆင်းနေလျှင်၊ ရောဂါပိုးဝင်တဲ့ လက္ခဏာများတွေ့ရလျှင် ခွဲစိတ်ကုသဖို့ လိုပါတယ်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကိုယ်ဝန်ပျက်ကျခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကိုယ်ဝန်ပျက်ကျခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • သွေးအလွန်ဆင်းခြင်း၊ ဖျားခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်လျှင် ဆရာဝန်ခေါ်သင့်ပါတယ်။
  • ကိုယ်ဝန်ပျက်ပြီး နှစ်ပတ်အထိ လိင်ဆက်ဆံခြင်း၊ မိန်းမကိုယ်ထဲသို့ တခုခုထည့်ခြင်း ဥပမာ tampon သုံးခြင်း တို့ကို ရှောင်သင့်ပါတယ်။
  • နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ သင့်စိတ်ရော ကိုယ်ပါ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပြီးမှ ကိုယ်ဝန်ယူသင့်ပါတယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 16, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။