backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကဘာလဲ။

လစဉ်ဓမ္မတာမလာမီခံစားရတတ်သော နေရထိုင်ရအဆင်မပြေတဲ့လက္ခဏာတွေဖြစ်တယ်၊ နွမ်းနယ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်တတ်ပြီး ဓမ္မတာစတဲ့အခါ ပျောက်သွားတတ်ပါတယ်။

ဒါပေမယ့် တခြားပိုပြင်းထန်တဲ့လက္ခဏာတွေလည်း တွေ့ရ ခံစားရနိုင်ပါတယ်။ ဓမ္မတာလာတာများတာဖြစ်စေ၊ နည်းတာဖြစ်စေ၊ ဒါမှမဟုတ် စက်ဝန်းတစ်ခုလုံးပျောက်သွားတာဖြစ်စေ တခြားအကြောင်းအရင်းပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပုံမှန်ရာသီစက်ဝန်း ဆိုတာလည်း အမျိုးသမီးတစ်ယောက်ချင်းဆီမှာ မတူနိုင်တာကိုလည်း သိထားဖို့လိုပါတယ်။ သင့်အတွက်ပုံမှန်ဖြစ်နေပါတယ်ဆိုတဲ့ စက်ဝန်းကသူများအတွက် ပုံမှန်မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓါကိုယ်ပုံစံကိုသေချာသိရှိထားပြီး တစ်ခုခုပုံမှန်မဟုတ် အပြောင်းအလဲတွေ့ပါက ဆရာဝန်နဲ့ချက်ခြင်းတိုင်ပင်ဆွေးနွေးဖို့ကအရေးကြီးပါတယ်။

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပါတယ်။ အသက်မရွေးဖြစ်နိုင်ပြီး ထိုလက္ခဏာတွေခံစားရစေတဲ့ အခြေအနေတွေ၊ အချက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်သိလိုပါက ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးကြည့်နိုင်တယ်။

လက္ခဏာများ

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့နိုင်ချေများတဲ့လက္ခဏာတွေကတော့ –

PSM – PSM လို့ခေါ်တဲ့ ဓမ္မတာမလာမီ တစ်ပတ်နှစ်ပတ်လောက်မှာခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပြီး တခြားကြုံရနိုင်တဲ့လက္ခဏာတွေကတော့ –

  • ဖောရောင်ခြင်း
  • စိတ်ဆတ်ခြင်း
  • ခါးနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်သားရောင်ခြင်း
  • ဝက်ခြံများပေါက်ခြင်း
  • အစားအစာများချဉ်ခြင်းတက်ခြင်း
  • အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • စိတ်သောကရောက်ခြင်း
  • စိတ်ဖိစီးခြင်း
  • အိပ်မပျော်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းသွားခြင်း
  • ဗိုက်အောင့်ခြင်း တို့ဖြစ်တတ်ပါတယ်။
  • ဓမ္မတာများခြင်း

တခြားပြဿနာတစ်ခုကတော့ သွေးဆင်းများခြင်းဖြစ်တယ်။ ဒါမှမဟုတ် ငါးရက်မှ ခုနှစ်ရက်လောက်ထိ အချိန်ကြာသွားတာလည်းဖြစ်နိုင်ပါတယ်။

  • ဓမ္မတာမလာခြင်း –

တချို့အခြေအနေတွေမှာတော့ ရာသီထိန်ကျန်နေတာမျိုးဖြစ်နိုင်ပါတယ်။ နှစ်မျိုးရှိပြီး ကနဦးရာသီထိန်ခြင်းက အသက် ၁၆ နှစ်ကျော်သည်ထိ ဓမ္မတာမလာခြင်းကိုခေါ်ပြီး pituitary gland လို့ခေါ်တဲ့ ဂလင်းမှာပြဿနာဖြစ်နေတာ၊ ဒါမှမဟုတ် အမျိုးသမီးမျိုးပွားအင်္ဂါမှာပြဿနာဖြစ်နေတာ၊ အပျိုဖော်ဝင်တာနောက်ကျတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ပုံမှန်ရာသီသွေး ၆ လထက်ပိုပျောက်တဲ့အခါခေါ်လေ့ရှိပါတယ်။

ဖော်ပြထားတာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြထားတဲ့လက္ခဏာတွေခံစားရမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ်ကမတူတာကြောင့် မိမိအတွက် အကောင်းဆုံးကိုသိရဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • ကိုယ်ဝန်ရှိခြင်း၊ သို့ နို့တိုက်နေရခြင်း – ရာသီပျောက်ခြင်းဟာ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်သလို နို့တိုက်ကျွေးနေပါကလည်း ကိုယ်ဝန်ဆောင်အပြီး ရာသီပြန်လာခြင်းကိုနောက်ကျစေပါတယ်။
  • စားသောက်မှုမမှန်ခြင်း၊ ကိုယ်အလေးချိန်အလွန်ကျဆင်းခြင်း၊ လေ့ကျင့်ခန်းအလွန်လုပ်ခြင်း – တွေကလည်း ရာသီစက်ဝန်းကိုထိခိုက်စေတတ်ပါတယ်။
  • PCOS လို့ခေါ်သောရောဂါတစ်မျိုး – တွေ့ရလေ့ရှိတဲ့ ဟော်မုန်းရောဂါတစ်မျိုါ်ဖြစ်ပြီး ရာသီမမှန်စေရုံမက သားဥအိမ်တွေမှာပါ အရည်အိတ်တွေဖြစ်ပေါ်စေပါတယ်။
  • စောစီးစွာသားဥအိမ်အလုပ်မလုပ်ခြင်း – အသက် ၄၀ မတိုင်မီမှာ သားဥအိမ်တွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာလုပ်ခြင်း လျော့သွားခြင်းဖြစ်တယ်။ ထိုရောဂါရှိတဲ့အမျိုးသမီးတွေမှာလည်း နှစ်ပေါင်းများစွာကြာအောင် ရာသီစက်ဝန်းမမှန်တာမျိုးကြုံရပါတယ်။
  • PID ဟုခေါ်သော မျိုးပွားအင်္ဂါများတွင် ရောဂါပိုးဝင်ခြင်းေကြာင့်လည်း ပုံမှန်မဟုတ် သွေးဆင်းခြင်းတွေဖြစ်လာနိုင်တယ်။
  • သားအိမ်ရောဂါတစ်မျိုး – ကင်ဆာမဟုတ်သော သားအိမ်တွင်အလုံးပေါ်ခြင်းများကြောင့်လည်း သွေးများများဆင်းခြင်း၊ အချိန်ကြာခြင်းတို့ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အသက်အရွယ် – အသက်အရွယ်ကအဓိကအချက်ဖြစ်တယ်။ အသက် ၁၁ နဲ့အောက်မှာ အပျိုဖော်ဝင်သောမိန်းကလေးတွေမှာ ဓမ္မတာအချိန်ကြာကြာလာခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ ပိုခံစားရတတ်ပါတယ်။ အရွယ်ရောက်သူတွေမှာလည်း သားဥကြွေသောစက်ဝန်း ပုံမှန်မဖြစ်ခင်မှာ သွေးထိန်ခြင်းမျိုးဖြစ်တတ်ပါတယ်။ သွေးဆုံးခါနီးအမျိုးသမီးတွေမှာလည်း ရာသီထိန်ခြင်းမျိုးဖြစ်တတ်ပြီး တခါတခါ သွေးဆင်းများခြင်းများလည်းဖြစ်တတ်ပါတယ်။
  • ကိုယ်အလေးချိန် – အလေးချိန်များလွန်းခြင်း၊ နည်းလွန်းခြင်းတွေကလည်း နာကျင်ကိုက်ခဲခြင်း၊ သွေးပျောက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
  • ဓမ္မတာစက်ဝန်း – အချိန်ကြာပြီး သွေးဆင်းများတတ်သော ဓမ္မတာစက်ဝန်းမျိုးက ဗိုက်အောင့်ခြင်း၊ နာကျင်ကိုက်ခြင်းများပိုဖြစ်တတ်ပါတယ်။
  • ကိုယ်ဝန်ရှိခြင်း – ကိုယ်ဝန်ခဏခဏဆောင်ဖူးတဲ့အမျိုးသမီးတွေမှာ သွေးဆင်းများနိုင်ချေရှိပြီး၊ ကိုယ်ဝန်တခါမှမဆောင်ဖူးသူတွေမှာ နာကျင်ကိုက်ခဲမှုမျိုးပိုကြုံရနိုင်ပါတယ်။ အသက်ငယ်ငယ်နဲ့ ပထမဆုံးကိုယ်ဝန်ဆောင်သူတွေမှာတော့ ထိုကဲ့သို့ခံစားရနိုင်ချေနည်းပါတယ်။
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းဟာ သွေးများများဆင်းစေနိုင်ချေများစေပါတယ်။
  • စိတ်ဖိစီးမှု – ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေက ဟော်မုန်းတွေကို ကပြောင်းကပြန်ဖြစ်စေနိုင်တာကြောင့် ခေတ္တသွေးပျောက်ခြင်းမျိုးဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်ခံစားရတဲ့လက္ခဏာတွေနဲ့ ထိုလက္ခဏာတွေကို ဘယ်လောက်ကြာကြာခံစားနေရလဲ မေးမြန်းပါလိမ့်မယ်။ သင့်ဓမ္မတာစက်ဝန်းပုံစံ၊ ဘယ်လောက်မှန်မှန်လာလဲ၊ ဘာလက္ခဏာတွေခံစားရလဲကိုတော့သိထားဖို့လိုပါလိမ့်မယ်၊ ဒါမှဆရာဝန်က ဘယ်အချက်ကပုံမှန်မဟုတ်လဲ ရှာရလွယ်မှာဖြစ်တယ်။

စမ်းသပ်မှုတွေမှာတော့ မျိုးပွားအင်္ဂါများနှင့်ပတ်သတ်ပြီး စမ်းသပ်နိုင်ချေရှိပြီး မွေးလမ်းကြောင်းဖြစ်စေ၊ သားအိမ်ခေါင်းမှာဖြစ်စေ ပုံမှန်မဟုတ်ခြင်းရှိမရှိစစ်ဆေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေကိုပယ်ဖို့နဲ့ တခြားအကြောင်းတွေရှာဖို့ မွေးလမ်းကြောင်းမှအရည်စစ်ဆေးခြင်းမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဟော်မုန်းပြဿနာကြောင့်ဟုတ်မဟုတ်သိရဖို့အတွက်တော့ သွေးစစ်နိုင်ပြီး ကိုယ်ဝန်ရှိနေတယ်ထင်ပါက သွေး သို့ ဆီးစစ်ကြည့်ပါလိမ့်မယ်။

တခြားစစ်ဆေးမှုတွေကတော့ –

  • သားအိမ်အတွင်းနံရံအသားစစစ်ဆေးခြင်း
  • သားအိမ်တွင်းမှန်ပြောင်းထည့်ကြည့်ခြင်း
  • အယ်လ်ထရာဆောင်းရိုက်ခြင်း

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ လက္ခဏာတွေဖြစ်စေတဲ့ အကြောင်းအရင်းပေါ်မူတည်နိုင်ပြီး သွေးဆင်းများခြင်းကဲ့သို့ လက္ခဏာများကိုတော့ သန္ဓြေတားဆေးသောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ တကယ်လို့ သွေးများခြင်း၊ နည်းခြင်းက ဟော်မုန်းကြောင့်ဖြစ်နေပါက ဟော်မုန်းကုသမှုများလုပ်ရနိုင်တယ်။

နာကျင်ကိုက်ခဲခြင်းတွေကတော့ ဟော်မုန်းကြောင့်လည်းဖြစ်နိုင်သလို တခြားပြဿနာ ဥပမာ- မျိုးပွားအင်္ဂါများ ရောဂါပိုးဝင်ခြင်းမျိုးကြောင့်လည်းဖြစ်နိုင်တာကြောင့် တခြားဆေးကုသမှုမျိုးလိုကောင်းလိုနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုထုံးများ

  • စားသောက်မှုပုံစံ – ဓမ္မတာမလာမီ ၁၄ ရက်ခန့်မှစပြီး စားသောက်မှုပုံစံပြောင်းလဲကြည့်ခြင်းက ဗိုက်အောင့်ခြင်းလိုမျိုး ကိုက်ခဲခြင်းလက္ခဏာတချို့ကိုသက်သာစေနိုင်ပါတယ်။ ကျန်းမာရေးညီညွတ်မယ့် အစားအသောက်ပုံစံကတော့ အစေ့အဆန် ကဆီဓါတ်အလုံလောက်ပါပြီး လတ်ဆတ်တဲ့အသီးအနှံ၊ အသီးအရွက်တွေပါသင့်ပါတယ်။ ပြည့်ဝဆီရှောင်သင့်ပြီး အမြန်စာတွေလျှော့သင့်တယ်။ ဆားဓါတ်မျှတစွာစားခြင်းက ဖောရောင်ခြင်းကိုသက်သာစေပါလိမ့်မယ်။ ကဖန်းဓါတ်၊ သကြားဓါတ်၊ အယ်ကိုဟော ထိန်းသိမ်းခြင်းကလည်း အကျိုးရှိပါတယ်။
  • သွေးအားနည်းခြင်းကိုကာကွယ်ပါ၊ ကုသပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။ နာကျင်ကိုက်ခဲခြင်းသက်သာစေပါလိမ့်မယ်။
  • ကာမဆက်ယှက်ခြင်း – ဓမ္မတာကြောင့်ကိုက်ခဲနာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းများကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။
  • အနွေးဓါတ်ပေးခြင်း – ဝမ်းဗိုက်တဝိုက်ကိုရေနွေးအိတ်ကပ်ခြင်း၊ အနွေးဓါတ်ပေးခြင်းကလည်း ကိုက်ခဲခြင်းကိုသက်သာစေပါတယ်။
  • သန့်ရှင်းမှုဂရုပြုခြင်း – အမျိုးသမီးသုံးပစ္စည်းကို ၄ နာရီမှ ၆ နာရီကြာတစ်ခါလဲပါ၊ ဖြစ်နိုင်ရင် အနံ့ပါသောပစ္စည်းမသုံးပါနဲ့။ ပုံမှန်ရှိနေကျ ဘတ်တီးရီးယားများပါ သတ်နိုင်တာကြောင့် မိန်းမကိုယ်ထဲ တိုက်ရိုက်ပိုက်ထည့်ဆေးကြောခြင်းအားမပေးပါ။ ရေပုံမှန်ချိုးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement