Meniere's Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ကဘာလဲ။

Meniere’s ရောဂါ ဆိုသည်မှာ နားအတွင်းပိုင်းပြဿနာတစ်ခုဖြစ်ပြီး ချာချာလည်ခေါင်းမူးခြင်း၊ နားကြားတစ်ချက် မကြားတစ်ချက်ဖြစ်ခြင်း၊ တစ်ဖြည်းဖြည်းနှင့် အကြားအာရုံ လုံးဝဆုံးရှုံးခြင်း၊ နားအူခြင်း၊ နားထဲတွင်တစ်စုံတစ်ရာနှင့်ပြည့်နှက်နေသကဲ့သို့ ဖိအားခံစားရခြင်းတို့ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

Meniere’s ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပေမဲ့ အသက် ၂၀ မှ ၅၀ ကြားမှာ စဖြစ်လေ့ရှိပါတယ်။ ၎င်းဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်သော်လည်း ကုသမှုအမျိုးမျိုးဟာ ရောဂါလက္ခဏာတွေကို သက်သာစေပြီး သင့်ဘ၀အပေါ် ရေရှည်သက်ရောက်နိုင်မှုကို လျော့နည်းစေပါတယ်။

Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Meniere’s ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မကြာခဏခေါင်းချာလည်နေအောင်မူးခြင်း။ ချာချာလည်နေသလိုခံစားရမှုသည် ရုတ်တရက်ဖြစ်ကာ ရုတ်တရက်ပျောက်သွားခြင်းတို့ကြုံတွေ.ရနိုင်သည်။ ၎င်းသည် ကြိုတင်အသိပေးခြင်းမျိုးမရှိကာ တစ်ခါဖြစ်လျှင် မိနစ် ၂၀ မှ နာရီပေါင်းများစွာကြာနိုင်သော်လည်း ၂၄ နာရီထက်တော့ပိုမကြာနိုင်ပါ။ ပြင်းထန်သော ခေါင်းချာချာလည်မူးခြင်းသည် ပျို.အန်ခြင်းကိုဖြစ်စေနိုင်သည်။
  • အကြားအာရုံဆုံးရှုံးခြင်း ။ ရောဂါအစပိုင်းတွင် အကြားအာရုံဆုံးရှုံးခြင်းသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေနိုင်ပြီး နောက်ဆုံးမှာတော့ အများစုဟာအကြားအာရုံလုံးဝဆုံးရှုံးသွားနိုင်ပါတယ်။
  • နားအူခြင်း ။ နားအူခြင်း ဆိုသည်မှာ သင်၏နားထဲတွင် အသံမြည်ခြင်း၊ တ၀ီဝီမြည်နေခြင်း၊ ဟိန်းသံ၊လေချွန်သံသို့မဟုတ်နှာမှုတ်သံကဲ့သို့ကြားရခြင်း။
  • နားထဲတွင်ပြည့်နေသကဲ့သို့ခံစားရခြင်း ။ Meniere’s ရောဂါခံစားရသူအများစုသည် ရောဂါဖြစ်သည့်ဖက်မှ နား သို့မဟုတ် ဦးခေါင်းဖက်ခြမ်းတွင် ဖိအားခံစားရခြင်း (နားတွင်းဖိအားခံစားရမှု) ကိုခံစားရလေ့ရှိပါသည်။
  • အဆိုပါ လက္ခဏာများသည် ဖြစ်ပေါ်ပြီးနောက် တဖြည်းဖြည်းသက်သာကာ လုံးဝပျောက်ကွယ်သွားတတ်သည်။ တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တပတ်များ သို့မဟုတ် နှစ်ခြား၍ပင်ဖြစ်ပေါ်နိုင်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Meniere’s ရောဂါရဲ့ အကြောင်းရင်းကိုတော့ မသိရှိနိုင်သေးပါဘူး။ သက်သေမပြရသေးတဲ့ နာမည်ကြီးယူဆချက်တစ်ခုကတော့ နားအတွင်းပိုင်းရှိအရည် (endolymph) ပမာဏမူမမှန်မှုကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။ ဤအချက်ကို ရင်ခွဲစစ်ဆေးမှုများ၌် မကြာခဏတွေ့ရှိရပေမဲ့ ၎င်းကြောင့် ခေါင်းချာချာလည်မူးသည့်အကြိမ်များ ဖြစ်ရသလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

Meniere’s ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • နားအတွင်းရည် စီးဆင်းမှု သင့်တော်ခြင်းမရှိမှု ။ တစ်စုံတစ်ရာပိတ်ဆို့နေခြင်း သို့မဟုတ် ခန္ဓာဗေဒမူမမှန်ခြင်း
  • ခန္ဓာကိုယ်တုန့်ပြန်မှုစနစ် မူမမှန်ခြင်း
  • ဓာတ်မတည့်မှုများ
  • ဗိုင်းရပ်စ်ပိုးကူစက်ခံရခြင်း
  • မျိုးရိုးဗီဇအရ ဖြစ်နိုင်ခြေများနေသူဖြစ်ခြင်း
  • ဦးခေါင်းထိခိုက်ဖူးခြင်း
  • ခေါင်းတစ်ခြမ်းကိုက်ခြင်းများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်ကစစ်ဆေးခြင်းတစ်ရပ်ကိုလုပ်ဆောင်ပြီးရောဂါရာဇ၀င်လည်းယူပါမယ်။ ၎င်းရောဂါဟုအတည်ပြုနိုင်ဖို့

  • ချာချာလည်အောင်ခေါင်းမူးခြင်းနှစ်ကြိမ် – တစ်ကြိမ်လျှင် မိနစ် ၂၀နှင့်အထက် ပိုကြာနိုင်ပြီး ၂၄နာရီထက်ပိုမကြာရ
  • အကြားအာရုံစမ်းသပ်မှုအရအတည်ပြုထားသည့်အကြားအာရုံဆုံးရှုံးခြင်း
  • နားအူခြင်း သို့မဟုတ် နားအတွင်းပြည့်နှက်နေသည်ဟုခံစားရခြင်း
  • အထက်ပါလက္ခဏာများဖြစ်ပေါ်စေနိုင်သည့် အခြားအကြောင်းရင်းများကို ဖယ်ထုတ်ပြီးခြင်း

အကြားအာရုံကို အကဲဖြတ်ခြင်း

အကြားအာရုံစစ်ဆေးခြင်းဆိုသည်မှာ မတူညီသော အသံအနိမ့်အမြင့်များကို သင်ဘယ်လောက်သိသလဲဆိုတာနဲ့ အသံဆင်တူသော စာလုံးများကို ဘယ်လောက်ခွဲခြားနိုင်သလဲ ဆိုတာကိုစစ်ဆေးခြင်းဖြစ်ပါတယ်။ အဆိုပါရောဂါခံစားနေရသူများသည် ကြိမ်နှုန်းနိမ့်အသံများ သို့မဟုတ် ကြိမ်နှုန်းနိမ့်မြင့်ပေါင်းစပ်ထားသောအသံများကို နားထောင်ရာ၌ပြဿနာရှိတတ်ပြီး ကြိမ်နှုန်းအလယ်အလတ်အသံများကိုနားထောင်ရာ၌ ပုံမှန်အတိုင်းကြားရနိုင်ပါတယ်။

ဟန်ချက်ထိန်းနိုင်မှုအကဲဖြတ်ခြင်း

၎င်းရောဂါရှိသူများသည် ခေါင်းချာချာလည်မူးသည့်ဖြစ်စဉ်များမဖြစ်သည့်အချိန်တွင် ပုံမှန်ဟန်ချက်ထိန်းနိုင်မှုအာရုံပြန်လည်ရရှိပါတယ်။  သို့သော်ဟန်ချက်ထိန်းမှုပြဿနာများဆက်လက်ရှိနေနိုင်ပါသေးတယ်။ နားအတွင်းပိုင်း၏လုပ်ဆောင်ချက်ကိုစစ်ဆေးမှုများမှာ

  • Videonystagmography (VNG) : မျက်လုံးလှုပ်ရှားမှုကိုစစ်ဆေး၍ဟန်ချက်ထိန်းနိုင်မှုကိုတွက်ချက်ခြင်းဖြစ်ပါတယ်။ အတွင်းပိုင်းနားမှဟန်ချက်နှင့်ဆိုင်သောအာရုံခံအင်္ဂါများသည် မျက်လုံးလှုပ်ရှားမှုကို ထိန်းချုပ်သောကြွက်သားများနှင့်ဆက်စပ်နေပါတယ်။ ဤအချက်ကြောင့်ပဲ မျက်လုံးကတစ်နေရာထဲကိုကြည့်နေလျက်နှင့် သင့်ခေါင်းကိုလှုပ်ရှားနိုင်ခြင်းဖြစ်ပါတယ်။ VNG စစ်ဆေးမှုတွင် ရေပူနှင့်ရေအေး သို့မဟုတ် လေပူနှင့်လေအေးတို့ကို နားအတွင်းပိုင်းသို့ရောက်ရှိစေပါတယ်။ ထို့နောက် ဤလှုံ့ဆော်မှုကြောင့် ထိန်းချုပ်မှုမဲ့မျက်လုံးကြွက်သားများလှုပ်ရှားမှုကိုအထူးပြုလုပ်ထားသော မျက်မှန်ဖြင့်တိုင်းတာပါတယ်။
  • Rotary-chair testing : VNG ကဲ့သို့ပင် ဤစမ်းသပ်မှုကလဲ နားအတွင်းပိုင်းလုပ်ဆောင်ချက်ကို မျက်လုံးလှုပ်ရှားမှုအပေါ်မူတည်၍အကဲဖြတ်ခြင်းဖြစ်ပါတယ်။ သင်က ကွန်ပြူတာနဲ့ထိန်းချုပ်ထားတဲ့ နားအတွင်းပိုင်းကိုလှုံ့ဆော်ပေးမဲ့ ဆုံလည်ခုံပေါ်ထိုင်နေရမှာပါ။
  • Vestibular evoked myogenic potentials (VEMP) testing : ဤစမ်းသပ်မှုအသစ်သည် ရောဂါအတည်ပြုရုံသာမက ရောဂါအခြေအနေ စောင့်ကြည့်ရာ၌လည်း အသုံးပြုနိုင်ပါသည်။ ၎င်းမှ Meniere’s ရောဂါ၏ ၀ိသေသလက္ခဏာပြောင်းလဲမှုများကို ဖြစ်ပွါးရာ နားဖက်အခြမ်းတွင် ပြသပေးမှာဖြစ်ပါတယ်။
  • Posturography : ဤကွန်ပြူတာဖြင့်စစ်ဆေးမှုသည် အမြင်အာရုံ၊ နားအတွင်းပိုင်းလုပ်ဆောင်ချက် သို့မဟုတ် အရေပြား၊ကြွက်သားများ၊ အရွတ်များနှင့် အဆစ်များမှအာရုံခံစားမှုများစသည့် ဟန်ချက်ထိန်းစနစ်၏မည်သည့်နေရာကို သင်အားအထားဆုံး နှင့်မည်သည့်နေရာမှပြဿနာဖြစ်နေသည်ကိုဖော်ပြနိုင်ပါတယ်။ အန္တရာယ်ကင်းသိုင်းကြိုးဝတ်ထားချိန်တွင် ခြေဗလာဖြင့်ရပ်နေရပြီး အမျိုးမျိုးသောအခြေအနေတွေမှာ ဟန်ချက်ထိန်းရမှာဖြစ်ပါတယ်။
  • Video head impulse test (vHIT) : ဤစမ်းသပ်မှုအသစ်ဟာ ရုတ်တရက်လှုပ်ရှားမှုများအပေါ်မျက်လုံးမှတုန့်ပြန်သည့်ဗီဒီယိုများကိုအသုံးပြုစစ်ဆေးပါတယ်။ သင်ကတစ်နေရာကို အာရုံစိုက်နေချိန်မှာ သင့်ဦးခေါင်းကိုမမျှော်လင့်ထားချိန်တွင်မြန်မြန်လှည့်လိုက်မှာဖြစ်ပါတယ်။ ခေါင်းလှည့်သည့်အချိန်တွင် မျက်လုံးများ ပစ်မှတ်နေရာမှ ရွေ့သွားပါက မူမမှန်သောတုန့်ပြန်မှုရှိနေပြီဖြစ်ပါတယ်။
  • Electrocochleography (ECoG) : ဤစစ်ဆေးမှုသည် နားအတွင်းပိုင်း၏အသံများအပေါ်တုံ့ပြန်မှုကိုကြည့်ရှုမှာဖြစ်ပါတယ်။ ၎င်းသည်မူမမှန်သောအစည်စုဝေးမှုများဖြစ်ပေါ်ခြင်းကို တိုင်းတာနိုင်သော်လည်း Meniere’s ရောဂါအတည်ပြုရန်အတွက်တော့ တိကျမှုမရှိပါ။

အခြားအခြေအနေများကိုဖယ်ထုတ်ပစ်ရန်စစ်ဆေးမှုများ

သွေးစစ်ဆေးမှုများနှင့် အခြားစမ်းသပ်စစ်ဆေးမှုများ ကို သုံး၍ Meniere’s ရောဂါနှင့်ဆင်တူသော ပြဿနာများကို ထုတ်ဖယ်ပစ်နိုင်ပါသည်။ ဥပမာ ဦးနှောက်အကျိတ် သို့မဟုတ် အာရုံကြောစနစ်များ မာကြောချို့ယွင်းလာသည့်ရောဂါ (multiple sclerosis)

  • သံလိုက်ဓာတ်မှန်ကဲ့သို့သောပုံရိပ်ဖော်သည့်စစ်ဆေးချက်များကိုလည်းသုံးနိုင်ပါသည်။

Meniere’s Disease ((မန်နီယဲစ်)Meniere’s ရောဂါ) ကို ဘယ်လိုကုသပါသလဲ

Meniere’s ရောဂါကိုပျောက်ကင်းအောင်ကုသနည်းမရှိပါဘူး။ ဒါပေမဲ့ အချို့သောကုသနည်းတွေက ရောဂါပြင်းထန်မှုလျော့နည်းအောင်နဲ့ ခေါင်းမူးသည့်အကြိမ်ရေနည်းသွားအောင်ကူညီနိုင်ပါတယ်။ ၎င်းရောဂါကြောင့်အကြားအာရုံဆုံးရှုံးမှုအတွက်တော့ ကုသရန်နည်းလမ်းမရှိပါဘူး။ သိပ်မပြင်းထန်တဲ့ကုသမှုပဲဖြစ်ဖြစ် ပြင်းထန်တဲ့ ကုသမှုပဲဖြစ်ဖြစ် ခေါင်းမူးတာကိုရပ်တန့်စေဖို့ပဲ ကုသတာ ဖြစ်ပါတယ်။

ခေါင်းချာချာလည်မူးနေတဲ့အချိန်မှာသူ့ရဲ့ပြင်းထန်မှုကိုသက်သာစေမဲ့ဆေးတွေကို သင့်ဆရာဝန်ကပေးနိုင်ပါတယ်။

  • ရွေ့လျားမှုကြောင့်ဖြစ်သည့်အန်ချင်မှုအတွက်ဆေးများ။ မက်ကလီဇင်း(meclizine) သို့မဟုတ် ဒိုင်ယာဇီပန် (diazepam)/ ဗေလီယန် (valium) တို့သည် ချာလည်နေသောခံစားမှုကိုလျော့စေကာ ပျို့ခြင်းအန်ခြင်းတွေကိုထိန်းချုပ်ပေးနိုင်ပါတယ်။
  • ပျို့အန်မှုပျောက်ဆေးများ။ ပရိုမက်သာဇီဒင်း (promethazidine) ကဲ့သို့ဆေးများသည် ချာချာလည်မူးနေချိန်တွင် ပျို့အန်ခြင်းကိုထိန်းချုပ်ပေးနိုင်ပါတယ်။
  • ရေရှည်သောက်ရသည့်ဆေးများ။ သင့်ဆရာဝန်က ဆီးဆေး (diuretic) ကဲ့သို့ အရည်စုဝေးမှုကိုလျော့နည်းစေတဲ့ဆေးတွေပးနိုင်ပါတယ်။ အချို့သူများတွင် ဆီးဆေးဖြင့် Meniere’s ရောဂါ၏ပြင်းထန်မှုနှင့် ဖြစ်နှုန်းအကြိမ်အရေအတွက်ကိုထိန်းချုပ်နိုင်ပါတယ်။ အများအားဖြင့် ဆီးဆေးကို အစားအစာထဲတွင် အငန်စားသုံးမှုကန့်သတ်ခြင်းနှင့် ပေါင်းစပ်လေ့ရှိပါတယ်။

Meniere’s ရောဂါရှိသူအချို့သည် ခန္ဓာကိုယ်ကိုထိုးဖောက်စရာမလိုသည့် အောက်ပါကုသနည်းလမ်းများမှ အကျိုးရှိနိုင်ပါသည်။

  • ပြန်လည်ထူထောင်ခြင်း ။ အကယ်၍ခေါင်းချာလည်မူးသည့်အချိန်များ၌ ဟန်ချက်ထိန်းမှုပြဿနာများရှိပါက နားအတွင်းရှိဟန်ချက်အာရုံခံအင်္ဂါ (vestibule) ပြန်လည်ထူထောင်လေ့ကျင့်ကုသခြင်းကသင့်ဟန်ချက်ထိန်းမှုကိုတိုးတက်လာစေပါလိမ့်မယ်။
  • အကြားအာရုံအကူကိရိယာ။ Meniere’s ရောဂါရှိသောနားထဲရှိ အကြားအာရုံအကူကိရိယာ တစ်ခုကသင့်အကြားအာရုံကိုတိုးတက်စေနိုင်ပါတယ်။ သင့်ဆရာဝန်က နားအထူးကုဆီကို ညွှန်းပေးပြီး မည်သည့်အကြားအာရုံအကူကိရိယာရွေးချယ်မှုကသင့်အတွက်အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ဆွေးနွေးစေနိုင်ပါတယ်။
  • မန်နီယက် (Meniett) ကိရိယာ။ ကုသရန်ခက်တဲ့ ချာလည်မူးခြင်းအတွက်ဖြစ်ပါတယ်။ ဤကုသမှုတွင်နားအလည်ပိုင်းကိုဖိအားပေး၍အရည်လဲလှယ်စေခြင်းပါဝင်ပါတယ်။ Meniett သွေးခုန်နှုန်းထုတ်လွှတ်ကိရိယာ က လေ၀င်လေထွက်လုပ်သည့်ပြွန်တစ်ခုမှတစ်ဆင့် နားပြွန်အတွင်းသို့ ဖိအားခုန်နှုန်းများကိုပေးပါတယ်။ ဤကုသမှုကိုအိမ်မှာပြုလုပ်နိုင်ပြီး အများအားဖြင့် တစ်ကြိမ်လျှင် ၅မိနစ် တစ်နေ့လျှင် ၃ကြိမ် ပြုလုပ်ပါတယ်။ အစပိုင်း အစီရင်ခံစာတွေမှာ ချာလည်မူးခြင်း၊ နားအူခြင်းနှင့် နားတွင်းဖိအားတွေကိုသက်သာတိုးတက်မှုပြပေမဲ့ ရေရှည်အကျိုးသက်ရောက်မှုကိုတော့ မဆုံးဖြတ်နိုင်သေးပါဘူး။

အထက်တွင်ဖော်ပြထားသော မပြင်းထန်သည့်ကုသမှုများမအောင်မြင်ပါက သင့်ဆရာဝန်မှ အောက်ပါပြင်းထန်သည့်ကုသမှုများအနက်မှအချို့ကို ထောက်ခံနိုင်ပါတယ်။

နားအလည်ပိုင်းသို့ဆေးထိုးထည့်ခြင်း။ ဆေးများကိုနားအလည်ပိုင်းသို့ထိုးကာအတွင်းနားသို့စုပ်ယူစေပြီး ချာချာလည်မူးသည့်လက္ခဏာများသက်သာစေခြင်း။

  • ဂျန်တာမိုင်စင်(Gentamicin)၊ နားအတွင်းပိုင်းကိုအဆိပ်ဖြစ်စေသောပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး ၎င်းနား၏ဟန်ချက်ထိန်းမှုကိုလျော့ကျစေကာ အခြားနားတစ်ဖက်မှ ဟန်ချက်ထိန်းမှုကိုတာဝန်ယူစေသည်။ သင့်ဆရာဝန်၏ရုံးခန်း၌ထုံဆေးသုံး၍လုပ်ဆောင်နိုင်သောဤကုသနည်းသည် ခေါင်းချာလည်မူးသည့်အကြိမ်ရေနှင့်ပြင်းထန်မှုကို မကြာခဏလျှေ့ချပေးနိုင်သော်လည်း ပို၍ပင်အကြားအာရုံဆုံးရှုံးနိုင်သော အန္တရာယ်တော့ရှိပါသည်။
  • စတီးရွိုက် (steroids)၊ ဥပမာ ဒက်ဆာမက်သာဇုန်း (dexamethasone) ကလဲ အချို့သူတွေမှာခေါင်းချာလည်မူးခြင်းများကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။ ၎င်းကိုလည်း သင့်ဆရာဝန်မှ ထုံဆေးပေး၍ ပြုလုပ်နိုင်ပါတယ်။ Gentamicin ထက်အနည်းငယ် ထိရောက်မှုနည်းသော်လည်း Dexamethasone သည်အကြားအာရုံပိုမိုဆုံးရှုံးမှုဖြစ်နိုင်ချေကတော့ ပိုနည်းပါတယ်။

ခွဲစိတ်မှု

အကယ်၍ Meniere’s ရောဂါကြောင့်ဖြစ်သော ခေါင်းချာလည်မူးခြင်းများသည် ပြင်းထန်ကာ အားလျော့ထိခိုက် (နေ့စဉ်လုပ်ငန်းဆောင်တာများမလုပ်နိုင်သည်အထိ ထိခိုက်)စေပြီး အခြားကုသမှုများကအကူအညီမဖြစ်လျှင် ခွဲစိတ်ခြင်းဟာရွေးချယ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။ ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကတော့

  • နားအတွင်းအရည်အိတ် ကုသနည်းလမ်း။ နားအတွင်းအရည်အိတ်သည် အတွင်းပိုင်းနား၏အရည်အဆင့်ကိုထိန်းညှိရာမှာ ပါဝင်ပါတယ်။ နားအတွင်းအရည်အိတ်ဖိအားလျော့နည်းစေခြင်းတွင် ၎င်းအိတ်အပေါ်မှ အရိုးပိုင်းလေးတစ်ခုကိုဖယ်ရှားလိုက်ပါတယ်။ အချို့မှာ ဤနည်းလမ်းနှင့်အတူ လမ်းလွှဲကိရိယာပြွန်တစ်ခုထည့်ကာ နားတွင်းမှပိုနေသောအရည်များကိုစီးဆင်းစေပါတယ်။
  • Vestibular အာရုံကြောကိုဖြတ်ခြင်း။ ဤနည်းလမ်းသည် နားအတွင်းပိုင်းမှ ဟန်ချက်နှင့်လှုပ်ရှားမှုအာရုံခံအင်္ဂါများနှင့် ဦးနှောက်ကို ဆက်စပ်ပေးသောအာရုံကြော (vestibular nerve) ကို ဖြတ်ခြင်းဖြစ်သည်။ ဤကုသနည်းသည် ရောဂါဖြစ်နေသောနား၏အကြားအာရုံကို ဆက်လက်ထိန်းသိမ်းထားပေးကာ ခေါင်းချာလည်မူးသည့်ပြဿနာများကို ပြင်ဆင်ပေးပါတယ်။ မေ့ဆေးလိုအပ်ပြီး ဆေးရုံမှာ ညအိပ်နေကာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
  • နားတွင်းဝင်္ကပါဖြတ်ထုတ်ခြင်း။ ၎င်းကုသနည်းတွင်ခွဲစိတ်ဆရာဝန်မှ နားအတွင်းရှိဟန်ချက်ထိန်းသောအပိုင်းကိုဖြတ်ထုတ်ပါတယ်။ ထို့ကြောင့်ဟန်ချက်ထိန်းမှုနှသ့်အကြားအာရုံတို့နှစ်ခုလုံးဖယ်ရှားပစ်တာဖြစ်ပါတယ်။ ဤနည်းလမ်းကို ဖြစ်သောနား၏လုံးဝနီးပါး သို့မဟုတ် လုံးဝကိုအကြားအာရုံဆုံးရှုံးနေမှသာ လုပ်ဆောင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Meniere’s ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်  Meniere’s ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ခေါင်းမူးလာလျှင် ထိုင်ချလိုက်ပါ သို့မဟုတ် လှဲချလိုက်ပါ။ ချာချာလည်မူးနေစဉ်အတွင်း ရုတ်တရက်လှုပ်ရှားခြင်း၊ တောက်ပသောအလင်းရောင်များ၊ တီဗီကြည့်ခြင်း၊ စာဖတ်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများကိုပိုမိုဆိုးဝါးစေမည့် အရာများကိုရှောင်ကြဉ်ပါ။
  • ခေါင်းမူးစဉ်နှင့်မူးပြီးနောက် အနားယူပါ။ ပုံမှန်လုပ်ငန်းဆောင်တာများကိုအမြန်ပြန်မလုပ်ပါနှင့်။
  • ဟန်ချက်ပျက်နိုင်သည်ကို ဂရုပြုပါ။ လဲကျပါက ပြင်းထန်သောဒဏ်ရာရနိုင်သည်။ ညဖက်ထလျှင် အလင်းရောင်ကောင်းမွန်စွာအသုံးပြုပါ။ ရေရှည်ဟန်ချက်ထိန်းပြဿနာများရှိပါကတည်ငြိမ်စေရန် ကြိမ်တောင်ဝှေးသုံး၍လမ်းလျှောက်ဖို့ကိုစဉ်းစားပါ။
  • မကြာခဏခေါင်းချာလည်အောင်မူးတတ်ပါက ကားမောင်းခြင်းနှင့် စက်ပစ္စည်းကြီးများကို မောင်းနှင်ခြင်းကို ရှောင်ကြဉ်ပါ။ ထိုသို့မောင်းနှင်ပါက မတော်တဆဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

အငန်ဓာတ်နှင့် စိတ်ဖိစီးမှာသာ် အကြားအာရုံနှင့် ဟန်ချက်ကိုသက်ရောက်စေနိုင်သည်။ ခေါင်းချာချာလည်မူးခြင်းကိုအစမပျိုးမိစေရန် အောက်ပါအချက်များကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။

  • အငန်ဓာတ်လျော့စားပါ။ အငန်ဓာတ်များသောအစားအစာနှင့်အဖျော်ယမကာများစားသုံးပါက ခန္ဓာကိုယ်မှအရည်ကိုပိုဆွဲထားနိုင်သည်။ တစ်နေ့လျှင် ဆိုဒီယမ်ကို ၁၅၀၀ မှ ၂၀၀၀ မီလီဂရမ်ထိကန့်သတ်ပြီး ၎င်းပမာဏကိုတစ်နေ့လုံး ညီမျှစွာ ဖြန့်ကျက်စားသုံးပါ။
  • စိတ်ဖိစီးမှုကိုထိန်းကွပ် စီမံပါ။ စိတ်ဖိစီးမှုလျော့နည်းအောင်စီမံခြင်းသည် Meniere’s ရောဂါ၏ပြင်းထန်မှုကိုလျော့ကျစေပြီး သင့်ကို၎င်းနှင့် လိုက်လျောညီထွေနေနိုင်အောင်ကူညီပါလိမ့်မယ်။ စိတ်ကုထုံးဖြင့်ကုသခြင်းသည် သင့်ကိုစိတ်ဖိစီးစေသောအရာများကို ဖော်ပြပေးနိုင်ပြီး သင့်အခြေအနေနှင့် လျော်ညီစွာနေနိုင်ဖို့ နည်းလမ်းတွေကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။