backup og meta

ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း MRI ဆိုတာ ဘာလဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း MRI ဆိုတာ ဘာလဲ။

    အာထရာဆောင်း၊ X Ray၊ CT scan ဆိုပြီး အဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာတွေ အားလုံး ကြားဖူးကြမှာပါ။ သူတို့ထဲမှာ ခုပြောမယ့် MRI ကတော့ နောက်ထပ် အဆင့်မြင့်လာတဲ့ ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း တစ်ခုပေါ့။ တစ်ချို့ သိပြီးသားဖြစ်တဲ့သူတွေရှိသလို MRI ဆိုတာ ဘာလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။

    MRI ဆိုတာဘာလဲ ။ ။

    MRI ရဲ့ အရှည်ကောက်က Magnetic resonance imagingဖြစ်ပြီး သံလိုက်စက်ကွင်း ရေဒီယိုလှိုင်းတွေနဲ့ ကွန်ပျူတာနည်းပညာတို့ကိုသုံးပြီး ကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေကို အသေးစိတ်ပုံဖော်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ CT scan နဲ့ မတူတာက MRI မှာ ဓါတ်ရောင်ခြည် X-rays တွေလုံးဝသုံးထားခြင်းမရှိတာပါပဲ။

    MRI ကိုခုနောက်ပိုင်း ဘာ့ကြောင့် အသုံးများလာတာလဲ။

    MRI က ရောဂါဟုတ်မဟုတ် အဖြေရှာမှာ ကူညီပေးတဲ့အပြင် ဆေးကုသမှုခံယူထားလို့ရှိရင်လည်း ဆေးကုသမှု ဘယ်လောက်အောင်မြင်လဲဆိုတာပါ ကူညီပြီး အဖြေရှာပေးဦးမှာပါ။ ကိုယ်တွင်းမှာရှိတဲ့ soft tissue ( တစ်ရှူးဆဲလ်) တွေနနဲ့ အာရုံကြောစနစ်ကြီးကို ပုံဖော်ဖို့ဆို MRI က အသ့င့်တော်ဆုံး ဖြစ်ပါတယ်။

    MRI ကို ဘယ်လိုနေရာတွေမှာ သုံးကြသလဲ။

    ဦးနှောက်နဲ့ ပင်မကျောရိုးကြီးကို MRI ရိုက်တဲ့အခါ မြင်တွေ့နိုင်တာတွေက

    • ဦးနှောက်သွေးကြောတွေ ထိခိုက်နေလား
    • ဦးနှောက်မှာ ဒဏ်ရာ တစ်ခုခုရနေလား
    • ကင်ဆာရှိလား
    • ဦးနှောက်ဆဲလ်ကျုံ့တဲ့ ရောဂါ ( Multiple Sclerosis) ရှိနေလား
    • ပင်မကျောရိုး spinal cord မှာ ထိခိုက်ဒဏ်ရာရနေလား
    • လေဖြတ်တဲ့ လက္ခဏာတွေရှိလား ဆိုတာတွေကို သိနိုင်မှာပဲ ဖြစ်ပါတယ်။

    နှလုံးနဲ့ သွေးကြောတွေကို MRI ရိုက်တဲ့အခါ

    • သွေးကြောပိတ် နေတာရှိလား
    • နှလုံးကြွက်သားအခြေအနေ
    • နှလုံးဖွဲ့စည်းပုံအခြေအနေနဲ့
    • အခြား နှလုံးရောဂါ မျိုးစုံကို သိနိုင်မှာ ဖြစ်ပါတယ်။

    နောက်ပြီး အခြား ကိုယ်တွင်းကျန်းမာရေးအခြေအနေတွေဖြစ်တဲ့

    • အရိုးမှာရှိနိုငိတဲ့ ပြဿနာတွေ
    • အဆစ်အမြစ်တွေ ကောင်းမကောင်း
    • ခါးဆစ်ရိုးကျွံတဲ့ ပြဿနာတွေ
    • အကြောညပ်ပြီး လည်ပင်းနာ၊ ခါးနာဖြစ်တာတွေ
    • ရင်သားမှာဖြစ်နေနိုင်တဲ ပြဿနာတွေ
    • အသည်း၊ ကျောက်ကပ်၊ မုန့်ချိုအိပ်ပြဿနာတွေနဲ့
    • သားဥအိမ် နဲ့ ဆီးကျိတ် ပြဿနာတွေကို MRI က တိကျမှန်ကန်စွာ အဖြေရှာပေးနိုင်မှာပါ။

    MRI စစ်ဆေးမှု ခံယူတော့မယ် ဆို ဆရာဝန်ကို ဘာတွေ ကြိုပြောထားသင့်လဲ။

    MRI နဲ့ စစ်ဆေးမှု မခံယူခင် ဆရာဝန်ကို ကြိုပြောပြထားသင့်တာတွေက

    • ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါ ရှိမရှိ
    • လောလောလတ်လတ် ခွဲစိတ်မှု ခံယူထားတာ ရှိမရှိ
    • ပန်းနာရင်ကြပ်ရောဂါနဲ့ အခြား ဆေး အစားအစာတွေနဲ့ ဓါတ်မတည့်တဲ့ ပြဿနာတွေ ရှိမရှိ
    • ကိုယ်ဝန် ရှိမရှိ ဆိုတာတွေကို ကြိုပြောပြာထားရမှာပဲ ဖြစ်ပါတယ်။

    နောက်ပြီး MRI က သံလိုက်စက်ကွင်းနဲ့ ပုံရိပ်ဖော်တာဖြစ်တဲ့အတွက်ကြောင့် သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်မယ့် သတ္တုတွေ ( လက်ဝတ်ရတနာ၊ လက်ပတ်နာရီ၊ ခါးပတ်) စတာတွေကို လုံးဝဝတ်ဆင်လို့ မရတဲ့အပြင် ဆဲလ်ဖုန်းကိုလည်း အခန်းထဲ ယူသွားလို့မရပါဘူး။ တစ်ချို့ Tattoo ဆေးမှင်ရည်တွေမှာ သတ္တုဓါတ်တွေပါနိုင်တာကြောင့် ကိုယ်ပေါ်မှာ တက်တူးထိုးထားရင်လည်း ဆရာဝန်ကို ကြိုပြောပါ။

    ကိုယ်တွင်းမှာ စတီးချောင်းထည့်ထားတာ၊ နှလုံးအဆို့ရှင်ထည့်ထားတာ၊ သွားမှာ ရွေတပ်ထားတာ၊ နှလုံးခုန်စက်Pacemaker ထည့်ထားတာ၊ အရိုးကို screw စုပ်ထားတာတွေက MRI ရဲ့ သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်တဲ့ အရာတွေပါ။ ဒါ့ကြောင့် ကိုယ့်မှာ ဒါတွေရှိခဲ့ရင် ဆရာဝန်ကို ကြိုပြောပြပါ။

    MRI နဲ့ ဘယ်လို စစ်ဆေးကြလဲ။

    MRI တစ်ခါ ရိုက်ရင် အနည်းဆုံးမိနစ် ၂၀ ကနေ အများဆုံး မိနစ် ၉၀ အထိကြာတတ်ပါတယ်။

    လူနာအနေနဲ့ ကိုယ်ပေါ်မှာ ရှိသမျှ လက်ဝတ်လက်စားတွေ နဲ့ အခြား သတ္တုပါတဲ့ အရာအားလုံးကိုချွတ်ပြီးပေါ့ပါးတဲ့ အဝတ်ကို ဝတ်သွားရမှာ ဖြစ်ပါတယ်။ စစ်ဆေးရမယ့်အချိန်ရောက်ရင်တော့ ဆေးရုံကပေးတဲ့ ဝတ်ရုံကြီးကို ဝတ်ပြီး အခန်းထဲ ဝင်သွားရမှာပါ။

    အခန်းထဲရောက်ရင် ကိုယ့်ပုံရိပ်ဖော်ချင်တဲ့နေရာပေါ်မူတည်ပြီး gadolinium လို့ခေါ်တဲ့ဆိုးဆေးတစ်မျိုးကို လက်မောင်းက သွေးပြန်ကြောထဲ ထိုးသွင်းပါလိမ့်မယ်။ အဲဒီ ဆေးထိုးလိုက်တဲအခါ ပါးစပ်ထဲ ဖန်သွတ်သွတ်အရသာ ခံစားရတတ်ပါတယ်။

    လူနာအနေနဲ့ နောက်ပိုင်းကျရင် MRI စက်ထဲ ရွေ့သွားမယ့် ခုံတစ်ခုပေါ် လှဲနေရမှာ ဖြစ်ပြီး ကိုယ်ခန္ဓါ ရွေ့မသွားအောင် ကြိုးတွေနဲ့ ပတ်ထားပါလိမ့်မယ်။ ကိုယ်အနေအထား နည်းနည်းလေးစောင်းသွားတာနဲ့ ပုံရိပ်ဖော်တဲ့နေရာမှာ လွဲမှားသွားနိုင်တာကြောင့်ပါ။ စက်ကြီးထဲ တစ်ကိုယ်လုံးဝင်ရသလို တစ်ဝက်လောက်ပဲ ဝင်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ စက်ကြီးထဲ ရောက်တဲ့အခါမှာ သံလိုက်စက်ကွင်းတွေ ကိုယ်ခန္ဓါအနှံပြန့်သွားပြီး ကွန်ပျူတာဆီကို အချက်ပြစနစ်တွေ ပို့ပေးပါတယ်။ ပို့လိုက်တဲ့ အ ချက်ပြစနစ်ပေါ် မူတည်ပြီး ကွန်ပျူတာက ပြန် ပုံရိပ်ဖော်တာဖြစ်ပါတယ်။

    စစ်ဆေးမှု လုပ်နေစဉ်အချိန်မှာ ဆူညံတဲ့ အသံတွေ ကြားရတတ်တာကြောင့် မဝင်ခင် နားထဲထည့်မယ့် ဂွမ်းတွေ တောင်းသွားလို့ရပါတယ်။ MRI သံလိုက်စက်ကွင်းတွေက အာရုံကြောတွေကို လှုံ့ဆော်တာကြောင့် စစ်ဆေးနေစဉ် ကိုယ်ပေါ်မှာ ကျင်သလိုလို၊ ထုံသလိုလို ။ ယားသလိုလို ခံစားမှုတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်တတ်တဲ့အရာတစ်ခုပါ။

    ဘယ်သူတွေက MRI စစ်ဆေးမှု ခံယူဖို့ မသ့င့်တော်ဘူးလဲ။

    • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
    • ဆိုးဆေးနဲ့ ဓါတ်မတည့်တဲ့သူတွေ
    • ကျောက်ကပ်ရောဂါရှိတဲ့သူတွေ
    • နှလုံးထဲ စက်ထည့်ထားရတဲ့သူတွေ
    • သွေးကြောထဲ ပစ္စည်းထည့်ပြီးချဲ့ထားရတဲ့သူတွေ နဲ့
    • Cochlear implants နားအကြားအာရုံခံ ပစ္စည်းထည့်ထားရတဲ့သူတွေက MRI နဲ့ စစ်ဆေးမှု ခံယူဖို့မသင့်တော်တဲ့ သူတွေပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement