backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း) ကဘာလဲ။

Lactic Acid Test ဟာ ကိုယ်ခန္ဓါ အတွင်းမှာရှိတဲ့ လက်တစ်အက်ဆစ် (lactic acid) ပမာဏကို တိုင်းတာတဲ့ သွေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ Lactic Acid အတော်များများကို ကြွက်သားတစ်ရှူးတွေနဲ့ သွေးနီဥတွေက ပြုလုပ်တာဖြစ်ပါတယ်။ ကိုယ်ခန္ဓါအတွင်းမှာ အောက်စီဂျင်ပမာဏက ပုံမှန်ဆိုရင် ကာဗိုဟိုက်ဒရိတ် တွေဟာ ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြိုကွဲပါတယ်။ အောက်စီဂျင်ပမာဏက နည်းတယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်တွေဟာ စွမ်းအင်အဖြစ်ကို ပြိုကွဲပြီး Lactic Acid ပြုလုပ်လိုက်ပါတယ်။

Lactic Acid ပမာဏတွေဟာ အပြင်းအထန်အားကစားလုပ်ပြီးရင် (သို့) အခြားအခြေအနေတွေဖြစ်တဲ့ နှလုံးရပ်ခြင်း၊ ပြင်းထန်စွာရောဂါပိုး ဝင်ခြင်း၊ ရှောခ့် ရခြင်း အစရှိတဲ့ ကိုယ်ခန္ဓါတစ်ခုလုံးမှာ သွေးနဲ့ အောက်စီဂျင်စီးဆင်းမှု နိမ့်ကျနိုင်တဲ့ အခြေအနေတွေမှာ မြင့်တတ်နိုင်ပါတယ်။ အသည်းက Lactic Acid ကို ဖြိုခွဲတာကြောင့် အသည်းက ပြင်းထန်စွာ ဒဏ်ရာရရင်လည်း Lactic Acid ပမာဏ မြင့်မားနိုင်ပါတယ်။

Lactic Acid အလွန်များခြင်းဟာ အလွန်ပြင်းထန်ပြီး အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ lactic acidosis ကို ဖြစ်စေနိုင်ပါတယ်။ Lactic acidosis ဟာ metformin သောက်နေတဲ့ ဆီးချိုရောဂါသည်တွေမှာ နှလုံး၊ ကျောက်ကပ်ထိခိုက်ရင်၊ ရောဂါပိုးဝင်ရင်လည်း ဖြစ်နိုင်ပါတယ်။

Lactic Acid Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

အောက်ပါအခြေအနေတွေမှာ lactic acid test ကို ပြုလုပ်ကြပါတယ်။

• Lactic acidosis ကို စစ်ဆေးရန်၊ လက္ခဏာတွေကတော့ အသက်ရှူမြန်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ အသက်ရှူစဉ် ချိုအီအီ အနံ့ရခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ စိတ်ရှုပ်ခြင်းနဲ့ ကိုမာဝင်ခြင်းတွေပဲဖြစ်ပါတယ်။

• ကိုယ်ခန္ဓါအနှံ့ကို အောက်စီဂျင်ပမာဏ ကောင်းကောင်းရောက်ရှိမှုကို သိရှိရန်

• သွေးအတွင်း အက်ဆစ် ဓါတ်များခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေရန်

ပြင်ဆင်မှု

Lactic Acid Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သွေးကို သွေးပြန်ကြောထက် သွေးလွှတ်ကြောက ယူပြီး စစ်ဆေးတဲ့အခါ Lactic Acid Test ရဲ့ အဖြေဟာ ပိုမို တိကျနိုင်ပါတယ်။ သွေးထုတ်စဉ် လက်သီးဆုပ်ထားခြင်း (သို့) သားရေကြိုးနဲ့ အကြာကြီး ပတ်ထားခြင်းတွေဟာ Lactic Acid ပမာဏကို မှားယွင်းစွာ များနေစေနိုင်ပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်စဉ်မှာ နှလုံးနဲ့ အဆုတ်ဟာ စွမ်းအင်အတွက် အောက်စီဂျင်ပမာဏ လုံလောက်အောင် ထောက်ပံ့ပေးပါတယ်။ လေ့ကျင့်ခန်း တွေက အောက်စီဂျင်ကို နှလုံးနဲ့ အဆုတ် ထောက်ပံ့ပေးနိုင်တာထက် ပိုမို လိုအပ်တာကြောင့် သွေးအတွင်း Lactic Acid ပမာဏများခြင်းကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လေ့ကျင့်ခန်း တွေဟာ လူတွေကို တဖြည်းဖြည်း လေ့ကျင့်မှု နှေးစေ (သို့) ရပ်တန့်စေပါတယ်။ အကြောင်းရင်းကတော့ Lactic Acid စုပုံခြင်းဟာ အလယ်အလတ်ကနေ ပြင်းထန်တဲ့ ကြွက်သား တောင့်တင်းနာကျင်မှုတွေကို ဖြစ်ပေါ်စေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော သေချာလေ့ကျင့်ထားတဲ့ အားကစားသမားတွေဟာ ခဏတာ lactic acid များခြင်းကို ခံနိုင်ရည်ရှိပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်စဉ်မှာ သင်ရှူသွင်းလိုက်တဲ့လေဟာ ကိုယ်ခန္ဓါရဲ့ စွမ်းအင်လိုအပ်ချက်တွေအတွက် သွေးသကြားဓါတ်ကို ပုံမှန်အတိုင်းအသုံးပြုဖို့ လုံလောက်တဲ့ အောက်စီဂျင်ပါဝင်တာကြောင့် Lactic Acid ပမာဏ မတက်နိုင်ပါဘူး။ Lactic Acid ကို သွေးအပြင် အခြားအရည်တွေမှာလည်း တိုင်းတာနိုင်ပါတယ်။ ဥပမာ ဦးနှောက်ရည်ကြည် (CSF) ရောဂါပိုးဝင်ခြင်း ရှိတဲ့အခါ Lactic Acid ပမာဏ မြင့်တက်နိုင်ပါတယ်။ ဦးနှောက်ရည်ကြည် အတွင်းမှာ ပါတဲ့ lactic acid ပမာဏကို ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်ရောဂါပိုးဝင်ခြင်းတွေမှာ တိုင်းတာလေ့ရှိပါတယ်။

Lactic Acid Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Lactic Acid Test ကို ပြင်ဆင်ဖို့-

• စစ်ဆေးမှုမပြုလုပ်ခင် ၈-၁၀ နာရီ ကြား စားသောက်ခြင်း မပြုသင့်ပါဘူး။

• စစ်ဆေးမှုမပြုခင် နာရီပေါင်းများစွာကတည်းက လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ Lactic Acid ပမာဏကို ခဏတာ မြင့်တက်စေနိုင်ပါတယ်။

စစ်ဆေးမှု

Lactic Acid Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြောကို ဖောင်းစေတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာ ဖြစ်ပါတယ်။

သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Lactic Acid Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှုပြီးရင်တော့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်ပြီ ဖြစ်ပါတယ်။ သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အဖြေကို တစ်ရက်အတွင်း ရမှာဖြစ်ပါတယ်။

ပုံမှန်ပမာဏ

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

သွေးပြန်ကြောမှ သွေး – 0.5–2.2 milliequivalents per liter (mEq/L) သို့ 0.5–2.2 millimoles per liter (mmol/L)

သွေးလွှတ်ကြောမှသွေး – 0.5–1.6 mEq/L သို့ 0.5–1.6 mmol/L

ပမာဏများခြင်း

ပုံမှန်မဟုတ်တဲ့ ပမာဏများခြင်းဟာ ကိုယ်ခန္ဓါတစ်ရှူးတွေက အောက်စီဂျင်ကောင်းစွာ မရရှိဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

Lactic acid ပမာဏများခြင်းဟာ lactic acidosis ကို ဖြစ်စေနိုင်ပြီး အောက်ပါအချက်တွေကြောင့် ဖြစ်တတ်ပါတယ်။

• သွေးအတွင်းမှ ရေ ဓါတ် ဆုံးရှုံးခြင်း (ရေဓါတ်ခမ်းခြောက်ခြင်း)

• သွေးပြဿနာများ (သွေးအားနည်းခြင်း၊ သွေးကင်ဆာ)

• သွေးအတွင်းမှ lactic acid ကို ဖြိုခွင်းနိုင်တဲ့ အသည်းစွမ်းဆောင်ချက်ကို ထိခိုက်နိုင်တဲ့ အသည်းရောဂါ (သို့) အသည်းပျက်စီးခြင်း

• သွေးအလွန်ထွက်ခြင်း၊ ရှောခ့်၊ ပြင်းထန်သော ရောဂါပိုးဝင်ခြင်း၊ နှလုံးရပ်ခြင်း၊ အူအတွင်း သွေးသွားနှုန်း ပိတ်ဆို့ခြင်း၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း၊ အဆုတ်သွေးလွှတ်ကြော သွေးခဲပိတ်ခြင်း

• ပြင်းထန်သော အားကစားလုပ်ခြင်း (သို့) လွန်ကဲသော အပူလှုံခြင်း

• အရက် (ethanol)၊ methanol သို့ antifreeze (ethylene glycol) အဆိပ်သင့်ခြင်း

• အချို့ဆေးတွေဖြစ်တဲ့ တီဘီရောဂါအတွက် isoniazid နဲ့ ဆီးချိုအတွက် metformin။ Lactic acidosis ဟာ ဆီးချို ထိန်းချုပ်ဖို့ metformin သောက်နေတဲ့သူတွေမှာ အထူးသဖြင့် ကျောက်ကပ်မကောင်းရင် စိုးရိမ်ရပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Lactic Acid Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Lactic Acid Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement