backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Growth Hormone Test (ကြီးထွားဟော်မုန်းစစ်ဆေးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Growth Hormone Test (ကြီးထွားဟော်မုန်းစစ်ဆေးခြင်း) ကဘာလဲ။

Growth Hormone Test ဟာ ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ကြီးထွားဟော်မုန်း (Growth Hormone) တွေကို တိုင်းတာပါတယ်။ ကြီးထွားဟော်မုန်းတွေကို ဦးနှောက်မှာရှိတဲ့ Pituitary Gland ကနေ ထုတ်ပြီး ကိုယ်ခန္ဓါ ကြီးထွားစေဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓါက အစာကို အားအင်အဖြစ်အသုံးပြုတဲ့ ဖြစ်စဉ်မှာလည်း အရေးကြီးပါတယ်။ သွေးအတွင်းက ကြီးထွားဟော်မုန်း ပမာဏဟာ နေ့အချိန်မှာ ပြောင်းလဲနိုင်ပြီး လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးတို့ပေါ်မှာလည်း မူတည်ပြောင်းလဲနိုင်ပါတယ်။

ကလေးဘဝမှာ ကြီးထွားဟော်မုန်း များခြင်းဟာ ကလေးကို ပုံမှန်ထက်ပိုတဲ့ ကြီးထွားမှုကို ဖြစ်စေပါတယ်။ ကလေးဘဝမှာ ကြီးထွားဟော်မုန်း နည်းခြင်းကတော့ ကလေးငယ်ကို ဖွံ့ဖြိုးမှုနည်းစေပါတယ်။ ဒီအခြေအနေနှစ်ခုလုံးကို စောစီးစွာ သိရှိမယ်ဆိုရင် ကုသနိုင်ပါတယ်။

လူကြီးတွေမှာတော့ ကြီးထွားဟော်မုန်း အများကြီးထုတ်ခြင်းဟာ Pituitary Gland ရဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးကြောင့် ဖြစ်ခြင်း ဖြစ်ပါတယ်။ ကြီးထွားဟော်မုန်း များပြားခြင်းဟာ မျက်နှာ၊ မေးရိုး၊ လက်၊ ခြေထောက်တွေကို ပုံမှန်ထက်ပိုပြီး ကြီးမားစေပါတယ်။

ကြီးထွားဟော်မုန်း ဟာ ကြီးထွားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပေါ်မှာ အကျိုးသက်ရောက်မှု ရှိတဲ့ အခြားအရာတွေ ထုတ်လုပ်မှုကိုလည်း ဖြစ်စေပါတယ်။ ဒီအရာတစ်မျိုးကတော့ Insulin-like growth factor (IGF-1) ပဲ ဖြစ်ပါတယ်။ ကြီးထွားဟော်မုန်း ပမာဏ အလွန်များခဲ့ရင် IGF-1 ပမာဏဟာလည်း အလွန်များနိုင်ပါတယ်။ ကြီးထွားဟော်မုန်း ပမာဏများပြားခြင်းကို အတည်ပြုဖို့ IGF-1 စစ်ဆေးမှုကိုလည်းပြုလုပ်နိုင်ပါတယ်။

Growth Hormone Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Growth Hormone Test ဟာ ကလေးငယ်တွေမှာ ဖွံ့ဖြိုးမှုနည်းတဲ့ လက္ခဏာတွေ ဖြစ်ခဲ့ရင် ပြုလုပ်နိုင်ပါတယ်။

ဥပမာ

• ကလေးငယ်စဉ်မှာ ဖွံ့ဖြိုးမှု ကျဆင်းခြင်း

• အခြားအသက်တူ ကလေးငယ်တွေထက် အရပ်ပုခြင်း

• လူပျိုဖော်၊ အပျိုဖော် ဝင်တာ နောက်ကျခြင်း

• အရိုး ဖွံ့ဖြိုးမှု နှေးကွေးခြင်း

လူကြီးတွေမှာတော့ ကြီးထွားဟော်မုန်းမူမမှန်ပြဿနာ နဲ့ Hypopituitarism (Pituitary gland အလုပ်သိပ်မလုပ်ခြင်း)ရဲ့ လက္ခဏာတွေ ရှိခဲ့ရင် စစ်ဆေးနိုင်ပါတယ်။

• အရိုးသိပ်သည်းဆ ကျဆင်းခြင်း

• ပင်ပန်းနွမ်းနယ်ခြင်း

• အဆီပမာဏ များခြင်း (ဥပမာ ကိုလက်စထရော များခြင်း)

• လေ့ကျင့်ခန်းလုပ်စဉ် မခံနိုင်ခြင်း

ပြင်ဆင်မှု

Growth Hormone Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Growth Hormone ဟာ pituitary gland ကနေ အကြိမ်ကွက်ကြား ထုတ်တာမို့ ရှောင်တခင်စစ်ဆေးခြင်းဟာ အကျိုးမရှိပါဘူး။ ပုံမှန်မဟုတ်တဲ့ အဖြေတွေနဲ့ နေ့စဉ် ပြောင်းလဲမှုတွေကြားမှာ တူညီမှုတွေ အများကြီး ရှိနိုင်ပါတယ်။ ကြီးထွားဟော်မုန်း တွေဟာ မနက်ပိုင်းမှာ များပြားပြီး၊ လေ့ကျင့်ခန်းလုပ်ခြင်း (သို့) စိတ်ဖိစီးမှုတွေကြောင့်လည်း များနိုင်ပါတယ်။

Growth Hormone Test ကို နှောင့်ယှက်နိုင်တဲ့ အချက်တွေကတော့

• ကြီးထွားဟော်မုန်း များစေတဲ့ဆေးတွေ ဖြစ်တဲ့ amphetamines၊ arginine၊ dopamine၊ estrogens၊ glucagon၊ histamine၊ insulin၊ levodopa၊ methyldopa၊ nicotinic acid

• ကြီးထွားဟော်မုန်း နည်းစေတဲ့ ဆေးတွေဖြစ်တဲ့ corticosteroids နဲ့ phenothiazines

အရပ်ပုတဲ့ အခြေအနေ အများစုဟာ ကြီးထွားဟော်မုန်း နည်းတာကြောင့် မဟုတ်ပါဘူး။ သူတို့ဟာ မိသားစုကြောင့်၊ အခြားရောဂါ အခြေအနေတွေနဲ့ မွေးရာပါ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

Growth Hormone Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Growth Hormone Test အမျိုးအစားတွေတိုင်းမှာ ပြင်ဆင်မှုတွေကို သေချာလိုက်နာသင့်ပါတယ်။ သင့်ဆရာဝန်က အောက်ပါအချက်တွေကို ညွှန်ကြားနိုင်ပါတယ်။

• မစစ်ဆေးခင် နာရီပေါင်းများစွာ အစာမစားစေခြင်း

• စစ်ဆေးမှုမပြုခင် ရက်အနည်းငယ်အတွင်းမှာ သောက်ရမည့် ဆေးညွှန်းခြင်း

• စစ်ဆေးမှုမပြုခင် လေ့ကျင့်ခန်းလုပ်ခြင်း

• စစ်ဆေးမှုကို ထိခိုက်နိုင်တဲ့ ဆေးတွေ ရပ်ခြင်း

စစ်ဆေးမှု

Growth Hormone Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ကြီးထွားဟော်မုန်း ပမာဏဟာ လျင်မြန်စွာ ပြောင်းလဲနိုင်တာကြောင့် မတူညီတဲ့ ရက်တွေမှာ တစ်ကြိမ်ထက်ပိုပြီး စစ်ဆေးသင့်ပါတယ်။ Insulin-like growth factor ပြောင်းလဲမှုဟာ ပိုမိုနှေးကွေးတာကြောင့် သူ့ကို ပထမဦးစွာ စစ်ဆေးသင့်ပါတယ်။

သင့်ဆရာဝန်ဟာ

• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။

• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။

• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။

• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။

• အပ်ဖယ်လိုက်ပြီး ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။

• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

Growth Hormone Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

လက်မောင်းမှာ သားရေကြိုးကိုစည်းထားမှာ ဖြစ်တာကြောင့် တင်းကျပ်မှုကို ခံစားရနိုင်ပါတယ်။ အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဂွမ်းစနဲ့ ပလပ်စတာကို မိနစ် ၂၀-၃၀ ကြာပြီးရင် ဖယ်ရှားနိုင်ပါတယ်။ သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Growth Hormone Test (ကြီးထွားဟော်မုန်းစစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ပုံမှန်

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

ပမာဏများခြင်း

ကြီးထွားဟော်မုန်း ပမာဏများခြင်းဟာ ခန္ဓါကိုယ်ကြီးထွားခြင်း (သို့) ခန္ဓါကိုယ်အစိတ်အပိုင်းများ လွန်စွာကြီးမားနေသော အေခရိုမက်ဂလီ ရောဂါ ဖြစ်စေတယ်လို့ ဖေါ်ပြပါတယ်။ ဒီအခြေအနေတွေကို pituitary gland ရဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေကနေ ဖြစ်စေပါတယ်။ Insulin-like growth factor1 (IGF-1) ပမာဏဟာလည်း မြင့်မားနိုင်ပါတယ်။

ကြီးထွားဟော်မုန်း ပမာဏများခြင်းဟာ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ဗိုက်ဆာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေက IGF-1 ပမာဏကိုတော့ မြင့်တက်စေခြင်း မရှိပါဘူး။

ပမာဏနည်းခြင်း

ဒီရလဒ်ဟာ ကြီးထွားဟော်မုန်း ချို့တဲ့ခြင်းကို ဖေါ်ပြပြီး hypopituitarism မှာ တွေ့ရပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Growth Hormone Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ပုံမှန် Growth hormone (GH) ပမာဏ

အမျိုးသား 5 nanograms per milliliter (ng/mL) (226 picomoles per liter[pmol/L]) ထက်နည်း

အမျိုးသမီး 10 ng/mL (452 pmol/L) ထက်နည်း

ကလေး 20 ng/mL (904 pmol/L) ထက်နည်း

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement