backup og meta

ထိုင်ခုံလွတ် ကုသမှု (The Empty Chair Technique) ဆိုတာ ဘာလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိုင်ခုံလွတ် ကုသမှု (The Empty Chair Technique) ဆိုတာ ဘာလဲ

    နာမည်လေးက ဆန်းသလို အတော်များများလည်း ကြားဖူးကြမှာ မဟုတ်တဲ့ ခေါင်းစဉ်လေးတခုနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ထိုင်ခုံလွတ်ကုသမှုလို့ခေါ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ကို ကုသရာမှာ အသုံးပြုတဲ့ စိတ်ရောဂါကုသမှု နည်းလမ်းတမျိုးပဲဖြစ်ပါတယ်။ တကယ်တော့ ဒီထိုင်ခုံလွတ်ကုသမှုဟာ Gestalt ကုထုံးလို့ခေါ်တဲ့ စိတ်ရောဂါကုထုံးတခုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။Gestalt ကုထုံးဟာ သင့်ခန္ဓါကိုယ်တခုလုံးနဲ့ ဘေးပတ်ဝန်းကျင်၊တပါးသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံစတာတွေကို ချိတ်ဆက်ကုသပေးတာ ဖြစ်ပါတယ်။ ဒီကုထုံးကို အသုံးပြုရာမှာ အတိတ်က ဖြစ်ခဲ့တာတွေ၊အနာဂါတ်မှာ ဖြစ်လာမှာတွေထက် လက်ရှိပစ္စက္ခမှာ ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစိုက်ရပါတယ်။Gestalt ကုထုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင်လုပ်ကိုင်ဆောင်ရွက်နေတဲ့အရာတွေကို သတိပြုမိလာစေဖို့၊မိမိကိုယ်မိမိ ပြန်လည်သုံးသပ်မိစေဖို့ ဖြစ်ပါတယ်။ ဒီလို သုံးသပ်သိရှိလာခြင်းအားဖြင့် သင်မနှစ်ခြိုက်တဲ့ အခြေအနေတွေကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သိရှိလာမှာ ဖြစ်တဲ့အပြင် သင့်ကိုယ်သင် လက်ခံပြီး တန်ဖိုးထားတတ်လာမှာလည်း ဖြစ်ပါတယ်။

    ထိုင်ခုံအလွတ်တလုံးနဲ့ ဘာလုပ်ရမှာလဲ

    ထိုင်ခုံလွတ် ကုသမှုနည်းလမ်းဟာ Gestalt ကုထုံးမှာ အဓိက အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သင့်စိတ်တွင်း ပဋိပက္ခတွေ၊ဝေခွဲမရမှုတွေကို ကောင်းစွာ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် ရင်ဆိုင်နေရတဲ့ ပြဿနာတရပ်၊အခြေအနေတရပ်ကို မတူညီတဲ့ ရှူထောင့်ကနေ ဝေဖန်ပိုင်းခြားကြည့်နိုင်ပြီး သင့်ခံစားချက်နဲ့ အပြုအမူတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြင်ဆင်နိုင်ဖို့ နည်းလမ်းကောင်း၊အတွေးအမြင်ကောင်းတွေ ရရှိလာမှာပါ။

    အသေးစိတ်က ဘယ်လိုလဲ

    သင်ဟာ ထိုင်ခုံအလွတ်တလုံးရှေ့မှာ ထိုင်နေရပါမယ်။ အဆိုပါ ထိုင်ခုံလွတ်မှာတော့ သင်နဲ့ ပဋိပက္ခဖြစ်နေသူ ဒါမှမဟုတ် သင်ကိုယ်တိုင်ရဲ့ ပုံရိပ်ကို ပုံဖော်ထားရပါမယ်။ ဒီနောက်မှာတော့ ထိုင်ခုံလွတ်ကို စတင်စကားပြောပါ။ သင့်ရဲ့ ခံစားချက်တွေ၊အတွေးအမြင်တွေ၊ရင်ဆိုင်နေရတဲ့ အခြေအနေပေါ် နားလည်သဘောပေါက်မှုတွေကို ရှင်းပြပါ။ အနေအထားကတော့ စိတ်ဝင်စားစရာ ကောင်းလာပါပြီ။ သင့်ဖက်က ခံစားချက်တွေအားလုံးကို ရင်ဖွင့်လို့ ပြီးပြီဆိုရင်တော့ ထိုင်ခုံလွတ်ဆီကို ပြောင်းထိုင်ပါ။ ဒီလို ပြောင်းထိုင်ပြီးတာနဲ့ သင်ပြောခဲ့တာတွေကို ပြန်လည်တုံ့ပြန်ပါ။ ဒီလို တုံ့ပြန်တဲ့အခါ သင်ခုနက ပုံဖော်ဖန်တီးထားသူအဖြစ် မိမိကိုယ်ကို မှတ်ယူပြီး ပြောဆိုရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အမြင်တွေ၊ခံစားချက်တွေကို အငှားခံစားပြီး တုံ့ပြန်ပြောဆိုရမှာပါ။ ပြီးရင် မူလခုံဆီ ပြန်ရွှေ့ပါ။ စကားဆက်ပြောပါ။ ဒီလိုမျိုး ခုံနှစ်ခုံမှာ နေရာပြောင်းထိုင်ပြီး လူနှစ်ယောက်အဖြစ် စကားပြောဆိုခြင်းကို အကြိမ်အတော်များများ ပြုလုပ်ရပါမယ်။ လူနှစ်ယောက် ပုံမှန် စကားပြောနေသလိုပေါ့။ သင်ဒီလို လုပ်နေချိန်မှာ စိတ်ရောဂါအထူးကုဆရာဝန် သို့မဟုတ် ကျွမ်းကျင်ပညာရှင်အနေနဲ့ ဘေးကနေ စောင့်ကြည့်နေမှာဖြစ်ပြီး အပြန်အလှန်စကားပြောဆိုခြင်းကို နားထောင်သုံးသပ်ကာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပါလိမ့်မယ်။

    ထိုင်ခုံလွတ် ကုသမှုက သင့်ကို ဘယ်လိုကူညီနိုင်သလဲ

    ဒီကုသမှုကို ခံယူခြင်းအားဖြင့် သင့်ရဲ့ လက်ရှိပစ္စက္ခခံစားချက် အလုံးစုံကို ပိုမို ဂဃနဏ သိရှိလာနိုင်ပါမယ်။ သင့်စိတ်ထဲ ရှိနေသမျှကို ပါးစပ်ကနေ ပြောထုတ်လိုက်တာကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားကို ပိုမိုရှင်းလင်းစွာ သဘောပေါက်လာပါမယ်။ အခြားသူတယောက်ရဲ့ နေရာကနေလည်း ပြန်တုံ့ပြန်ရတာမို့ တဖက်ခံစားချက်နဲ့ အတွေးအမြင်တွေကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်စိတ်တွင်းပဋိပက္ခတွေကို တိုက်ထုတ်ဖို့အတွက် ဒီကုသမှုနည်းလမ်းကို အသုံးပြုတယ်ဆိုရင်လည်း သင့်စိတ်တွင်းမှာ ဖြစ်ပွားနေတဲ့ ဒွိဟသံသယတွေကို ပိုမိုသိရှိလာပြီး ခွဲခြမ်းစိတ်ဖြာလာစေနိုင်ပါမယ်။ ဒါဆိုရင် အခက်အခဲတွေ ပြေလည်သွားဖို့ လမ်းစပွင့်လာပါပြီ။ ဒီလို ပွင့်လာခြင်းသည်ပင် ထိုင်ခုံလွတ်ကုသမှုရဲ့ အန္တိမရည်မှန်းချက် ဖြစ်ပါတယ်။

    Fritz Perls စတင်တီထွင်ခဲ့တဲ့ Gestalt ကုထုံးကို ၁၉၄၀ ပြည့်နှစ်တွေကတည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတာပါ။ နာမည်လေးဆန်းသလို ကုသမှုပုံစံကလည်း ဆန်းကြယ်တဲ့အပြင် ထိထိရောက်ရောက် အသုံးချနိုင်မယ်ဆိုရင် ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ပြဿနာတွေကို ပိုမိုနားလည်သဘောပေါက်ပြီး ဖြေရှင်းပေးနိုင်မှာဖြစ်တာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement