backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vaginal Hysterectomy (မိန်းမကိုယ်မှတဆင့် သားအိမ်ခွဲစိတ်ထုတ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

မိန်းမကိုယ်မှတဆင့် သားအိမ်ထုတ်ခြင်းဆိုတာဘာလဲ။

သင့်ရဲ့သားအိမ်နဲ့သားအိမ်ခေါင်းတို့ကို ဖယ်ထုတ်တဲ့ခွဲစိတ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကနေ မမျိုးဥအိမ်ကိုပါ ဖယ်ထုတ်နိုင်ပေမယ့် အများအားဖြင့်တော့ ဖယ်ထုတ်လေ့မရှိဘဲ ဒီအတိုင်းပဲထားခဲ့လေ့ရှိပါတယ်။ သားအိမ်ကျွံခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းနဲ့သားအိမ်အလုံးတည်ခြင်းအစရှိတဲ့အခြေအနေတွေကြောင့် သားအိမ်ထုတ်ပစ်ရတတ်ပါတယ်။

ဘာလို့ဒီခွဲစိတ်မှုကို ပြုလုပ်သင့်တာလဲ။

သားအိမ်ထုတ်လိုက်မယ်ဆိုရင် သင့်ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ ဓမ္မတာလာတာမျိုးရှိမှာမဟုတ်တော့ပါဘူး။

ကုသမှု

ဒီခွဲစိတ်မှုအစားပြုလုပ်နိုင်တဲ့ ကုသမှု နဲ့ ခွဲစိတ်မှု အန္တရယ်တွေက ဘာတွေလဲ

တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ သန်စွမ်းလာစေဖို့လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် သားအိမ်ကျွံကျတဲ့ လက္ခဏာတွေကို သက်သာလာစေမှာပါ။ ဆေးသောက်ခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်းအသုံးပြုခြင်း ဒါမှမဟုတ် သားအိမ်ရဲ့အပေါ်ယံအလွှာကိုပဲ ဖယ်ရှားပစ်ခြင်းစတဲ့ ကုသမှုတွေလုပ်ပေးခြင်းအားဖြင့်လည်း ဓမ္မတာသွေးအဆင်းများတာကို သက်သာစေနိုင်ပါတယ်။ သားအိမ်အလုံးရဲ့ အရွယ်အစားနဲ့တည်နေရာတို့အပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာလာစေဖို့အတွက် သောက်ဆေးတွေသောက်နိုင်ပါတယ်။ သားအိမ်အလုံးကိုပဲ ဖယ်ရှားတာမျိုး ဒါမှမဟုတ် အလုံးကိုသွေးထောက်ပံ့ပေးနေတဲ့ သားအိမ်သွေးကြောကိုပိတ်ဆို့ပစ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်မှု

ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။

သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာ ဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့တွေ့ဆုံပြီး အသုံးပြုမယ့်မေ့ဆေးအမျိုးအစားနဲ့ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာ အစာစားတာ ၊ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ရေတို့လိုအရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ညွှန်ကြားချက်အပေါ်မူတည်ပါတယ်။

ခွဲစိတ်မှု

ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မှာလဲ။

ဒီခွဲစိတ်မှုကိုမေ့ဆေးနဲ့ ပြုလုပ်လေ့ရှိပြီး ပုံမှန်အားဖြင့် ၄၅ မိနစ်လောက် ကြာမြင့်တတ်ပါတယ်။ သင့်မိန်းမကိုယ်(ယောနိ)ရဲ့ ထိပ်သားအိမ်ခေါင်းနားတစ်ဝိုက်ကို ခွဲစိတ်မှာဖြစ်ပြီး အဲ့ဒီကနေတဆင့် သားအိမ်နဲ့သားအိမ်ခေါင်းတို့ကို ထုတ်ယူဖယ်ရှားမှာ ဖြစ်ပါတယ်။

နောက်တစ်ခါထပ်ပြီး မကျွံစေဖို့အတွက် သားအိမ်ကို ထောက်မပေးထားတဲ့အရွတ်ကြောတွေကို မိန်းမကိုယ်ရဲ့ထိပ်ပိုင်းနားနဲ့တွဲပြီးချုပ်ပစ်မှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာ ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ။

ခွဲစိတ်မှုပြုလုပ်ပြီး တစ်ရက်ကနေ သုံးရက်အတွင်းမှာ ဆေးရုံကဆင်းခွင့်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်လောက် အနားယူဖို့လိုမှာဖြစ်ပြီး ဆေးရုံတက်စဉ် သင်ပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေကို ဆက်လုပ်ဖို့လိုမှာ ဖြစ်ပါတယ်။ သင့်အလုပ်အကိုင်ရဲ့ သဘာဝအပေါ်မူတည်ပြီး လေးပတ်ကနေခြောက်ပတ်အတွင်းမှာ လုပ်ငန်းခွင်ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ နှစ်လသုံးလလောက်ကြာပြီးချိန်မှာတော့ သင့်ကျန်းမာရေးအခြေအနေဟာ အားလုံးပုံမှန်အခြေအနေမှာ ရှိနေသင့်ပြီ ဖြစ်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်းမှာ အမြန်ဆုံးပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ တခုရှိတာက လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်ကိုတော့ အရင်တိုင်ပင်အကြံဉာဏ်တောင်းဖို့လိုပါလိမ့်မယ်။ တကယ်လို့သင့်မှာမေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှမေးမြန်းသင့်ပါတယ်။

နာလန်ထူချိန်

မိန်းမကိုယ်မှတဆင့် သားအိမ်ထုတ်သောခွဲစိတ်မှု ပြုလုပ်ပြီးနောက် ဘာတွေဖြစ်နိုင်လဲ။

ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီးခွဲစိတ်ဆရာဝန်ကိုမေးမြန်းထားရပါမယ်။

ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကမေ့ဆေးနဲ့မတည့်တာ၊မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊သွေးထွက်လွန်တာဒါမှမဟုတ်သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

မိန်းမကိုယ်ကနေ သားအိမ်ထုတ်တဲ့ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေကတော့

• မျိုးပွားအင်္ဂါတွေပိုးဝင်ခြင်း၊ ပြည်တည်ခြင်း

• သားအိမ်ဘေးနားတဝိုက်က အင်္ဂါတွေထိခိုက်မိခြင်း

• ဗိုက်ဖွင့်ပြီးခွဲစိတ်ဖို့လိုအပ်ခြင်း

• သွေးခဲကြီး ဖြစ်ခြင်း

• မိန်းမကိုယ်ကွဲခြင်း စတာတွေဖြစ်ပါတယ်။

ကာလရှည် ထိခိုက်နိုင်တဲ့ ပြဿနာတွေက

• ဆက်လက်ပြီး နာနေခြင်း

• ဘေးနားက အင်္ဂါတွေနဲ့ကပ်တွယ်နေခြင်း

• ဆီးမထိန်းနိုင်ခြင်း

• သားအိမ်ထုတ်လိုက်ရင် ကလေးမရနိုင်တော့တဲ့အတွက် ဆုံးရှုံးမှုကိုခံစားရခြင်း

• (သားဥအိမ်တွေကိုမဖယ်ထုတ်ပစ်ဘူးဆိုရင်တောင်မှ) သွေးဆုံးသွားခြင်းစတဲ့ပြဿနာတွေပဲ ဖြစ်ကြပါတယ်။

အစာမစားဖို့ညွှန်ကြားတာမျိုးဒါမှမဟုတ်သောက်နေကျဆေးတချို့ကိုရပ်ခိုင်းတာမျိုးအစရှိတဲ့ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင်လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement