backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spinal Anaesthetic (ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဆိုတာ ဘာလဲ။

ကျောရိုးပင်မအာရုံကြောနားမှာရှိတဲ့ subarachnoid space ထဲကို ထုံဆေး သို့မဟုတ် အခြားသော အကိုက်အခဲပျောက်ဆေးတွေ ထိုးတာကို ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းလို့ ခေါ်ပါတယ်။

ဒီလို ထိုးလိုက်ခြင်းအားဖြင့် အာရုံကြောတွေကို ထုံသွားစေတာကြောင့် သင့်ခန္ဓါကိုယ်ရဲ့ အချို့သော နေရာတွေကို ထုံသွားစေပါတယ်။ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို သင်နိုးနေချိန်မှာ ထိုးနိုင်သလို အိပ်ဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေနဲ့လည်း တွဲဖက်ပြီး သုံးစွဲနိုင်ပါတယ်။

ခွဲစိတ်မှုပြုလုပ်ပြီးတဲ့အခါ နာကျင်ခြင်းဝေဒနာကို ထိရောက်စွာ သက်သာစေဖို့အတွက်လည်း ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ မေ့ဆေးဆရာဝန်က အပ်ထိုးထည့်ပြီး ထုံဆေးကို အပ်မှတဆင့် ထိုးသွင်းကာ အပ်ကို ပြန်ဖယ်ရှားပါလိမ့်မယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဘာလို့ ပြုလုပ်ရသလဲ။

ခါးအောက်ပိုင်းမှာ ပြုလုပ်တဲ့ ခွဲစိတ်မှုမှန်သမျှ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးဖို့ သင့်တော်ပါတယ်။ သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကနေ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ကာ ဘယ်လိုမျိုး ထုံဆေးအမျိုးအစားက သင်နဲ့ အသင့်တော်ဆုံးလဲဆိုတာ သိရှိနိုင်ဖို့ မေ့ဆေးဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို အောက်ပါခွဲစိတ်မှုတွေအတွက် အသုံးပြုပါတယ်။

· ခြေထောက်မှာပြုလုပ်တဲ့ အရိုးအဆစ်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများ။

· အူကျခြင်း၊ခြေထောက်သွေးကြောဖောင်းခြင်း၊လိပ်ခေါင်းဖြစ်ခြင်းတို့ကို ကုသသည့် ခွဲစိတ်မှုများ။

· ခြေထောက်သွေးကြောများတွင် ပြုလုပ်သည့် ခွဲစိတ်မှုများ။

· မီးယပ်ရောဂါဆိုင်ရာ ခွဲစိတ်မှုများ : သားအိမ်ကျွံခြင်း၊သားအိမ်ထုတ်ခြင်းစသည်။

· ကလေးခွဲမွေးခြင်း။

· ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုများ : ဆီးကျိတ်ခွဲခြင်း၊ဆီးအိမ်ခွဲစိတ်ခြင်း၊လိင်အင်္ဂါခွဲစိတ်ခြင်း စသည်။

ကြိုတင်ပြင်ဆင်ခြင်း

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက ဘာလဲ။

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို ခါးအောက်ပိုင်းခွဲစိတ်မှုတွေမှာ ရွေးချယ်စရာတခုအဖြစ် အသုံးပြုနိုင်ပါတယ်။ သင့်ကျောရိုးဆစ်ကြားထဲကို ထုံဆေးထိုးထည့်မှာဖြစ်ပြီး ခါးကနေစပြီး အောက်ပိုင်းအထိ လုံးဝထုံသွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာက သင့်အနေနဲ့ ခွဲစိတ်မှုပြုလုပ်နေစဉ်မှာ ဘာမှခံစားရတော့မှာ မဟုတ်ပါဘူး။ သင့်ကျန်းမာရေးအခြေအနေနဲ့ ပြုလုပ်တဲ့ ခွဲစိတ်မှုအပေါ်မူတည်ပြီး ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဟာ သင့်အတွက် ပိုစိတ်ချရတဲ့အပြင် ပိုပြီးသက်တောင့်သက်သာရှိတဲ့ နည်းလမ်းဖြစ်လာမှာပါ။

ဖြစ်လေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ခေါင်းကိုက်ခြင်းပဲ ဖြစ်ပြီး အလွယ်တကူ ကုသနိုင်ပါတယ်။ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးထားခြင်းကြောင့် ထုံနေတဲ့ ကာလမှာ သင့်အနေနဲ့

· လုံးဝနိုးနေခြင်း။

· အလွန်အမင်း အိပ်ချင်နေခြင်း – စိတ်ငြိမ်ဆေးတွေဟာ သင့်ကို စိတ်လက်ဖြေလျှော့စေပြီး အိပ်ချင်စိတ်ကိုပါ ဖြစ်စေပေမယ့် သတိမေ့သွားစေမှာတော့ မဟုတ်ပါဘူး။

· လုံးဝသတိမေ့သွားခြင်းတို့ ခံစားရနိုင်ပါတယ်။

ဘယ်နည်းလမ်းက သင့်အတွက် အကောင်းဆုံးလဲဆိုတာကို မေ့ဆေးဆရာဝန်က ကူညီရွေးချယ်ပေးပါလိမ့်မယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးဘယ်လိုထိုးမှာလဲ။

မေ့ဆေးဆရာဝန်က အပ်ထိုးထည့်ပြီး ထုံဆေးကို အပ်မှတဆင့် ထိုးသွင်းကာ အပ်ကို ပြန်ဖယ်ရှားပါလိမ့်မယ်။ ဆေးထိုးချိန်မှာ အနည်းငယ်ကသိကအောင့် နိုင်မှာဖြစ်ပေမယ့် နာမှာတော့ မဟုတ်ပါဘူး။ ထုံဆေးဟာ ယေဘုယျအားဖြင့် တနာရီကနေ သုံးနာရီလောက်အထိ အာနိသင်ခံလေ့ရှိပါတယ်။

ခွဲစိတ်မှုခန့်မှန်းကြာမြင့်ချိန်ထက် ပိုပြီးအချိန်ကြာကြာ ထုံဆေးအာနိသင်ရှိနေစေဖို့အတွက် မေ့ဆေးဆရာဝန်က အသေအချာတွက်ချက်ပြီး လုံလောက်တဲ့ ထုံဆေးပမာဏကို ပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးနောက် အခြေအနေ

ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးပြီးတဲ့နောက်မှာ ဘာဆက်လုပ်ရမလဲ။

ထုံဆေးပြယ်ပြီး နဂိုမူလအတိုင်း အထိအတွေ့ခံစားမှုကို ပြန်လည်ရရှိစေဖို့ အချိန်တနာရီကနေ လေးနာရီလောက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် ဆရာဝန်ကို အသိပေးဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ထုံဆေး စတင်ပြယ်လာတဲ့အခါ သင့်အနေနဲ့ အနည်းငယ် မရိုးမရွခံစားချက်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ခွဲစိတ်ထားတဲ့နေရာက နာကျင်တာကို သိရှိခံစားမိလာမှာဖြစ်ပြီး အရမ်းနာလွန်းရင် အကိုက်အခဲပျောက်ဆေးထိုးပေးဖို့ ဆရာဝန်ကို ပြောရပါမယ်။ ကျောရိုးပင်မအာရုံကြောထဲ ထိုးတဲ့ ထုံဆေးပြယ်ကာစမှာ သင့်အနေနဲ့ မတ်တပ်ကောင်းကောင်းရပ်လို့ ရချင်မှ ရပါလိမ့်မယ်။

ဒါကြောင့် အိပ်ရာထဲကထပြီး လမ်းလျှောက်မယ်ဆိုရင် သူနာပြုဆီက အကူအညီယူရပါမယ်။ ခွဲစိတ်ပြီး တနာရီလောက်အကြာမှာ အရည်သောက်လို့ရပြီဖြစ်သလို အစာအနည်းငယ်လည်း စတင်ပြီး စားနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ထုံဆေးကနေ ဘယ်လိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ။

· ထုံဆေးထိုးတာ မအောင်မြင်ခြင်း။

· သွေးပေါင်ကျခြင်း။

· ခေါင်းကိုက်ခြင်း။

· ယားယံခြင်း။

· ဆီးသွားရခက်ခြင်း။

· ကျောအောင့်ခြင်း။

· အကြားအာရုံဆုံးရှုံးခြင်း။

· သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ ခံစားရခြင်း။

· လိုအပ်တဲ့နေရာရဲ့ အပေါ်ပိုင်းတွေပါ (မတော်တဆ)ထုံသွားစေခြင်း။

· ကျောရိုးပင်မအာရုံကြောကြီး တဝိုက်တွင် ကူးစက်ပိုးဝင်ခြင်း။

· အာရုံကြော ထိခိုက်မိခြင်း။

· လေဖြတ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်း တို့ပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement