backup og meta

Lumbar Microdiscectomy (ခါးရိုးဆစ်ခွဲစိတ်ခြင်း အကြောင်း သိကောင်းစရာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    lumbar microdiscectomy ဆိုတာဘာလဲ။

    ကျောရိုးဆစ်ပြား ချော်ထွက်ခြင်းဆိုတာဟာ အဆိုပါ အဆစ်ပြားရဲ့ အလယ်ခေါင်နေရာက အပြင်ကို ထိုးထွက်ပြီး အာရုံကြောအပေါ် ဖိထားသလိုဖြစ်နေပါလိမ့်မယ်။

    ဒီလိုဖြစ်နေရင် ဖိခံထားရတဲ့ အာရုံကြောက ထောက်ပံ့တဲ့ နေရာတဝိုက်မှာ ပြင်းထန်စွာ နာကျင်ခြင်း၊အားနည်းခြင်း နဲ့ ထုံကျဉ်ခြင်းတို့ ခံစားရမှာ ဖြစ်ပြီး ခါးနားတဝိုက်က ကျောရိုးဆစ်ပြားမှာ ဒီအခြေအနေ ဖြစ်ပေါ်ရင် သင့်ခြေထောက်တွေမှာ ဝေဒနာခံစားရပါလိမ့်မယ်။

    ဘယ်လိုအခြေအနေတွေမှာ lumbar microdiscectomy ခွဲစိတ်မှု ပြုလုပ်ဖို့ လိုသလဲ။

    နာကျင်ခြင်းတွေကို လျော့ပါးသက်သာစေဖို့နဲ့ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဒီခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။

    အောက်ပါအခြေအနေတွေရှိနေရင် ခွဲစိတ်ဖို့ စဉ်းစားရပါတယ်။

    · ခြေထောက် အလွန်နာကျင်၊ထုံကျဉ်၊အားနည်းနေတဲ့အတွက် နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မပြုလုပ်နိုင်ခြင်း။

    · ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ တလလောက်ကုသပေမယ့် မသက်သာခြင်း။

    · စမ်းသပ်စစ်ဆေးချက်တွေအရ သင်ခံစားနေရတဲ့ ခြေထောက်ကြွက်သားတွေ အားနည်းတာ၊မလှုပ်ရှားနိုင်တော့တာ ဒါမှမဟုတ် ထုံကျဉ်ကိုက်ခဲနာကျင်နေတာမျိုးတွေဟာ ခွဲစိတ်လိုက်ရင် သက်သာသွားမယ်၊အခြေအနေတိုးတက်လာမယ်လို့ ယူဆရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    lumbar microdiscectomy ခွဲစိတ်ကုသမှုရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာလဲ။

    ခွဲစိတ်မှုဟာ အခြားသော ကုသမှုနည်းလမ်းတွေထက် ပိုမိုထိရောက်အကျိုးရှိပြီး နာကျင်ခြင်းဝေဒနာတွေကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။။ ဒါပေမယ့် ခွဲစိတ်ပြီးနောက်မှာ အခြားသော ကုသမှုပုံစံတွေကို ဆက်လက်ပြီး အသုံးပြုဖို့ လိုမလို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဘယ်လိုခွဲစိတ်မှုပုံစံကိုပဲ သုံးသုံး လူနာတွေအနေနဲ့ ခွဲစိတ်မှုခံယူပြီး တနှစ်လောက်အကြာမှာ တူညီတဲ့ အကျိုးသက်ရောက်မှုကို ရရှိကြတယ်လို့ သိရပါတယ်။sciatica လို့ခေါ်တဲ့ ခါးကနေ ခြေထောက်အထိ နာကျင်ခြင်းဟာ လူနာအများအပြားမှာ ခွဲစိတ်ကုသစရာမလိုဘဲ သက်သာသွားလေ့ရှိပါတယ်။

    ကုသမှုနည်းလမ်းတွေကတော့ အကိုက်အခဲပျောက်ဆေးသုံးစွဲခြင်း၊အနားယူခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အရမ်းနာနေရင် ခါးဆစ်ရိုးထဲကို စတီးရွိုက်ဆေး ထိုးလို့ရပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

    ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

    သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။

    ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။

    ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မလဲ။

    မေ့ဆေးအမျိုးအစား အမျိုးမျိုးကို ရွေးချယ်သုံးစွဲနိုင်ပြီး ခွဲစိတ်မှုဟာ ၄၅မိနစ်ကနေ တနာရီလောက်ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်ရဲ့ကျောအလယ်ခေါင်တည့်တည့်မှာ စတင်ခွဲမှာ ဖြစ်ပြီး ကျောရိုးဆစ်ပြားကို ဖယ်ထုတ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ အဏုကြည့်မှန်ပြောင်းလေးတမျိုးကို အသုံးပြုမှာ ဖြစ်ပါတယ်။

    ခွဲစိတ်မှုခံယူပြီးနောက် ဘာလုပ်သင့်သလဲ။

    ခွဲစိတ်ပြီးတဲ့နေ့ ဒါမှမဟုတ် နောက်တနေ့မှာ ဆေးရုံကဆင်းနိုင်ပါပြီ။ အလေးအပင်မတာ ဒါမှမဟုတ် ခန္ဓါကိုယ်ကို လိမ်ခေါက်တာမျိုး မလုပ်ပါနဲ့။ ထိုင်နေတဲ့အခါ နဲ့ လမ်းလျှောက်တဲ့အခါမှာ ကိုယ်ဟန်အနေအထား မှန်ကန်ပါစေ။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။ လူနာဆယ်ယောက်မှာ ကိုးယောက်လောက်ဟာ ခွဲစိတ်မှုခံယူပြီးနောက်မှာ ရောဂါလက္ခဏာတွေ သက်သာသွားလေ့ ရှိပြီးပုံမှန်လှုပ်ရှားသွားလာမှုတွေကို ပြန်လည် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

    တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ခွဲစိတ်ပြီးနောက်မှာ ဘာတွေဆက်ဖြစ်မှာလဲ။

    ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။

    ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကျောရိုးဆစ်ပြားထုတ်ပစ်တဲ့ ခွဲစိတ်ကုသမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေက

    · ဆီးသွားရခက်ခြင်း။

    · အဆုတ်ပိုးဝင်ခြင်း။

    · ရုတ်တရက် နှလုံးထိခိုက်ခြင်း၊လေဖြတ်ခြင်း။

    · ခြေထောက် ဆက်နာနေခြင်း၊ထုံနေခြင်း။

    · ခြေထောက်နှစ်ချောင်းကြား ထုံကျဉ်နေခြင်း၊ဆီး၊ဝမ်းမထိန်းနိုင်ခြင်း၊အမျိုးသားတွေမှာ လိင်တံမထောင်မတ်နိုင်ခြင်း (ပန်းသေပန်းညှိုးဖြစ်ခြင်း)။

    · အာရုံကြောကြောင့် နာကျင်ခြင်း။

    · အာရုံကြောလေးတွေကို အုပ်ထားတဲ့ အမြှေးပါးလေးတွေ ပေါက်ပြဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement