Lumbar Herniated Disc (ခါးကျောရိုးပြား) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lumbar Herniated Disc (ခါးကျောရိုးပြား) ကဘာလဲ။

ခါးကျောရိုးပြား(Lumbar Vertebral disc)တွေဆိုတာ လူရဲ့ ခါးပိုင်းမှာ အရေးပါတဲ့ ကဏမှပါတယ်။ ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ တုန်ခါ ပွတ်တိုက်မှုများကို သက်သာစေခြင်း၊ ခနာကိုယ်အပေါ်ပိုင်းကို ထောက်ကန်ပေးခြင်း၊ ဘယ်စောင်းညာစောင်း ခါးကိုင်းခြင်းစတဲ့လှုပ်ရှားမှု အပြုအမူတွေအားလုံးကိုပါပြုလုပ်နိုင်ဖို့

အထောက်အကူပြုပေးပါတယ်။

ကျောရိုးဆစ်ကြားအပြား(Lumbar vertebral disc) ကျွံကျခြင်း ဒါမှမဟုတ် သူ့ရဲ့ အတွင်းထဲအရာအချို့ အပြင်ဘက်သို့ လျှံကျပြီး ကျောရိုးမဘေးမှ အာရုံကြောများကို ထိခိုက်မိကာ ခါးနာခြင်း၊ ခြေသလုံး ပေါင်များ နာကျင်ခြင်း စတဲ့ အာရုံကြောနာကျင်တဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

Lumbar herniated disc လက္ခဏာတွေဟာ အများအားဖြင့် သိသာတဲ့ အကြောင်းအရင်းမရှိပဲ စဖြစ်တက်ပေမဲ့ တစ်ခါတစ်လေမှာတော့ ပစ္စည်းအလေးအပင်တွေမခြင်း၊ ခါးကို လိမ်ပြီး လှည့်မိခြင်းတို့ကြောင့် ခါးရိုးပြားအပေါ်မှာ ၀ိတ်ပိရာက စပြီး နာတတ်တာမျိုးလည်း ရှိပါတယ်။

Lumbar Herniated Disc (ခါးကျောရိုးပြား) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ အများအားဖြင့် အသက် ၃၅ မှ ၅၀ အတွင်း ဖြစ်တတ်ပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး ပိုမို သိနိုင်ရန် ဆရာဝန်တစ်ယောက်ယောက်နဲ့ သွားရောက်

ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Lumbar Herniated Disc (ခါးကျောရိုးပြား) ရဲ့လက္ခဏာတွေကဘာတွေလဲ

Lumbar herniated disc ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ခြေထောက်နာခြင်း – ခါးနာခြင်းထက် ခြေထောက်နာခြင်းက ပိုဆိုးတတ်ပါတယ်။ Large Sciatic လို့ခေါ်တဲ့ အာရုံကြောရဲ့ လမ်းကြောင်းအတိုင်း ခြေထောက်ရဲ့ အနောက်ဘက်တစ်လှောက်နာတတ်တယ်။ အဲလိုမျိုးနာတာကို Sciatica ဒါမှမဟုတ် radiculopathy လို့ခေါ်တယ်။
  • အာရုံကြောနာခြင်း – သတိထားမိတဲ့ လက္ခဏာတွေကတော့ ပူလောင်ရှတပြီး ဓာတ်လိုက်လို တစ်ခုခုနဲ့ ထိုးထားသလို ခြေထောက်နာကျင်ခြင်း
  • ရောဂါလက္ခဏာနေရာပြောင်းလဲခြင်း – ဘယ်နေရာမှ အရိုးပြားကျွံတာလဲ၊ ဘယ်လောက်ထိကျွံသွားလဲ ဆိုတာပေါ်မူတည်ပြီးတော့ ခါးနာခြင်း၊ တင်ပါးနာကျင်ခြင်း၊ ပေါင်အရှေ့ဘက်နဲ့ အနောက်ဘက်နာကျင်ခြင်း၊ ခြေသလုံးကြွက်သား၊ ခြေနဲ့ ခြေချောင်းများ နာကျင်ခြင်းတို့ဟာ ခနာကိုယ်တစ်ခြမ်းတည်းမှာပဲဖြစ်လေ့ရှိတယ်။
  • အာရုံကြော လက္ခဏာများ – ခြေသလုံး၊ခြေထောက်နဲ့ ခြေချောင်းများ ထုံခြင်း၊ ပင်အပ်များနဲ့ ထိုးထားသလို ခံစားရခြင်း၊ အားနည်းခြင်း၊ ကျင်ခြင်း။
  • ခြေထောက်ကျခြင်း – လမ်းလျှောက်နေစဉ်၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်နေစဉ်မျှာ ခြေဖ၀ါးကိုမြေကြီးနှင့် လွတ်အောင်ကြွရန်ခက်ခဲခြင်းဟာလည်း ခါးရိုးပြားကျွံကျခြင်းကြောင့် ဖြစ်တဲ့ အာရုံကြောလက္ခဏာတစ်ခုပဲဖြစ်တယ်။
  • ခါးနာခြင်း – နာတတ်ပေမဲ့ အမြဲတန်းတော့ မဖြစ်တတ်ပါဘူး။ နာရင်တော့ တစ်ဆစ်ဆစ်၊ အောင့်ပြီးနာပြီးရင် ခါးတောင့်သွားသလို ခံစားရတတ်ပါတယ်။ ခါးရိုးဆစ်ကျွံခြင်းကြောင့် ခါးရိုးဘေးကြွက်သားအကြောဆွဲတတ်ပါတယ်။ အဲလိုဖြစ်လာလျှင်တော့ ၁ ရက် ၂ ရက်ခန့်အနားယူပြီးတော့ ရေခဲကပ်၊ ရေပူအိတ်ကပ်၊ကျောမှီပါတဲ့ ထိုင်ခုံမှာထိုင်တာပဲဖြစ်ဖြစ်၊ ဒူးခေါင်းအောက်မှာ ခေါင်းအုံခုပြီး လှဲအိပ်နေတာပဲဖြစ်ဖြစ်လုပ်ရင် နာကျင်တာသက်သာသွားပါလိမ့်မယ်။
  • လှုပ်ရှားမှုကြောင့်ပိုမိုနာကျင်ပါလိမ့်မယ်။ အကြာကြီး မတ်တပ်ရပ်ခြင်း၊ အကြာကြီး ထိုင်ခြင်း၊ ဒါမှမဟုတ်လမ်းနည်းနည်းလေး လျှောက်ပြီးရင် နာကျင်တတ်ပါတယ်။ အားရပါးရရယ်မောခြင်း၊ နှာချေခြင်း လိုမျိုး အပြုအမူတွေဟာလည်း နာကျင်ခြင်းကို ပိုမိုဆိုးစေပါတယ်။
  • ကိုယ်ခနာရှေ့ကိုကိုင်းခြင်းကြောင့် ပိုမို နာကျင်ခြင်း- ကိုယ်ရှေ့ကိုင်းခြင်း၊ ခါးလျောပြီး ထိုင်ခြင်း၊ ခါးရှေ့ကောင်းခြင်းတို့ကြောင့်လည်း ခြေသလုံးပိုမိုနာကျင်တတ်ပါတယ်။
  • အဖြစ်မြန်ခြင်း – ခါးရိုးဆစ်ကျွံခြင်းဟာ ဖြစ်ပွားစေတဲ့ အကြောင်းရင် မရှိပဲလည်း ရုတ်တရက် ဖြစ်တတ်ပါတယ်။

ခါးရိုးကျွံတဲ့ပုံစံဆိုးလေလေ လက္ခဏာတွေဟာပိုဆိုးလေလေပဲဖြစ်ပါတယ်။ အရုံကြောကိုသာ မထိခိုက်မိဘူးဆိုရင်တော့ ခါးကလွဲပြီးကျန်တဲ့နေရာတွေနာကျင်မှမဟုတ်ပါဘူး။ တစ်ချို့ ကိစ္စတွေမှာတော့ ခါးရောခြေထောက်ရော ပေါင်းပြီးနာပြီးတော့ ရက်အနည်းငယ်အတွင်းသက်သာသွားတယ်ဆိုရင်တော့ ကျောရိုးပြား ကျွံကျတာကို ပြသနေတာပဲဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Lumbar Herniated Disc (ခါးကျောရိုးပြား) ကိုဘာတွေကဖြစ်စေသလဲ

ခါးရိုးပြားကျွံကျခြင်းကြောင့် ခါးက ရုတ်တရက်ကြီးထ နာတာဆိုပေမဲ့၊ ခါးရိုးပြားက တဖြည်းဖြည်းချင်း ကျွံနေတာပါ။

ကလေးတွေရဲ့ ခါးရိုးပြားဟာ ရေဓာတ်ပိုမို ပါဝင်တာကြောင့် ပိုပြီး ကျုံနိုင်ဆန့်နိုင်ပြီးတော့ ခါးရိုးတစ်ခုနဲ့ တစ်ခုကြား ဒဏ်မဖြစ်အောင် ကူရှင်အဖြစ်ဆောင်ရွက်ပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ခါးရိုးပြားထဲက ရေဓာတ်ဟာ ခမ်းခြောက်လာပါတယ်။

အဲလိုခမ်းခြောက်လာတာကြောင့် ပိုပြီး ကျွတ်ဆတ်လာပြီးတော့ ပုံမှန် လှုပ်ရှားမှုလေးတွေကြောင့်တောင် ကွဲတာ ပြဲတာမျိုးလေးတွေဖြစ်နိုင်ချေများလာတယ်။ ဥပမာ- ဈေးခြင်းလေးကိုကုန်းပြီး ဆွဲမတာမျိုး၊ ခါးလိမ်ပြီး ဂေါက်ရိုက်တာမျိုး ကားထဲကို လှည့်ပြီးဝင်တာလေးတွေနဲ့တောင် ထိခိုက်တတ်ပါတယ်။

ကားတိုက်တာတို့ အမြင့်ကပြုတ်ကျတာမျိုးတွေကြောင့် ခါးရိုးပြားကျွံကျတာကတော့ အဖြစ်နည်းပါတယ်။ ခါးရိုးပြားပေါ် ဖိအား အများကြီး သက်ရောက်နိုင်တဲ့ ထိခိုက်ဒဏ်ရာတွေကပဲ ဖြစ်တတ်ကြပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Lumbar Herniated Disc (ခါးကျောရိုးပြား) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

Lumbar herniated disc ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် – အသက် ၃၅ က ၅၀ အတွင်းတော့ ပိုပြီး အန္တရယ်ရှိပါတယ်။ အသက် ၈၀ နောက်ပိုင်းတော့ ရောဂါလက္ခဏာ ပြနိုင်ချေနည်းသွားပါပြီ။
  • အမျိုးသားတွေကတော့ အမျိုးသမီးနဲ့ ယှဉ်ရင် နှစ်ဆလောက် ပိုပြီးတော့ ဖြစ်နိုင်ချေများတယ်။
  • ကာယအားသုံးရသော အလုပ်များ – အင်အားသုံးရတဲ့ အလုပ်များနဲ့ အလေးအပင် မရတဲ့ အလုပ်တွေကြောင့် ခါးရိုးဆစ်ကျွံကျနိုင်ချေ အရမ်းများလာနိုင်ပါတယ်။ တွန်းခြင်း၊ ဆွဲခြင်း၊ လိမ်ခြင်း စတဲ့ ပုံစံတွေကိုထပ်ခါထပ်ခါလုပ်နေမယ်ဆိုရင်လည်း အန္တရာယ်ပိုရှိနိုင်ပါတယ်။
  • အ၀လွန်ခြင်း – ၀တဲ့သူတွေက ပိုပြီးဖြစ်နိုင်ချေများပါတယ်။ Microdisectomy surgery လို့ခေါ်တဲ့ ခွဲစိတ်ကုသမှုလုပ်ပြီးရင်တောင်မှ ခွဲစိတ်ပြီးသား ခါးရိုးပြားဟာ ထပ်မံကျွံကျမှု(recurrent disc herniation) ဟာ အ၀လွန်တဲ့သူတွေမှာ ၁၂ ဆ လောက်ပိုပြီး ဖြစ်တတ်ပါတယ်။ အ၀လွန်ခြင်းကြောင့် ကျောရိုးပေါ်မှာ ဖိအားပိုများပြီး ကျောရိုးပြားကျွံကျနိုင်ချေ ပိုများတယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ဟာ ကျောရိုးပြား သွေးလည်ပတ်မှုကို လျော့ကျစေပါတယ်။ သွေးလည်ပတ်မှုနည်းခြင်းကြောင့် ကျောရိုးပြား ယိုယွင်းမှုကိုမြန်ဆန်စေပြီး၊ ရောဂါပျောက်တာကိုလည်း နှေးကွေးသွားစေတယ်။ ယိုယွင်းနေတဲ့ ကျောရိုးပြားဟာ ပိုမိုတောင့်တင်းလပြီး ကွဲနိုင်ပြဲနိုင်လာတာကြောင့် ကျွံကျခြင်းကို တိုက်ရိုက်ဖြစ်စေနိုင်တယ်။ ဆေးပညာစာတမ်းများအရ ဆေးလိပ်သောက်သူတွေဟာ ခါးရိုးဆစ်ခွဲစိတ်ကုသပြီးရင်တောင်မှာ တစ်ခြားခါးရိုးဆစ်ပြားတွေထပ်မံကျွံကျနိုင်တယ်လို့ ပြောထားပါတယ်။
  • မျိုးရိုးရှိခြင်း – မိသားစုမျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ခါးရိုးပြားကျွံတဲ့ရောဂါမျိုးရိုးရှိတယ်ဆိုရင် အခုမဖြစ်သေးတောင် နောက်ဖြစ်နိုင်ခြေအများကြီးရှိနေပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ Lumbar herniated disc မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lumbar Herniated Disc (ခါးကျောရိုးပြား) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က ရောဂါနဲ့ပတ်သက်ပြီး မေးမြန်းပြီး စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ စမ်းသပ်စစ်ဆေးလို့ Lumbar herniated discဲ့လက္ခဏာတွေ တွေ့ရှိခဲ့ရင် နောက်ထပ် စစ်ဆေးဖို့လို့တော့ပါဘူး။ ဆရာဝန်က ပိုမို တိကျတဲ့ အချက်တွေသိချင်ရင်ပဲဖြစ်ဖြစ်၊ ဆေးသောက်ပြီး ၄ ပတ်အတွင်း မသက်သာရင်ပဲဖြစ်ဖြစ်၊ MRI (သို့) CT scan ရိုက်ဖို့လိုနိုင်ပါတယ်။

X-ray ဓာတ်မှန်ကတော့ အများအားဖြင့် မလိုအပ်တတ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ရောဂါသမိုင်းကြောင်းနဲ့ စမ်းသပ်တွေ့ရှိချက်တွေက ပိုဆိုးဝါးတဲ့ ပုံစံဖြစ်ခဲ့မယ်ဆိုရင် (အကျိတ်၊ ပိုးဝင်ခြင်း၊ အာရုံကြောအပြင်းအထန် ဒဏ်ရာရခြင်း)၊ ဆေးသောက်ပြီး ၄ ပတ်အတွင်း မသက်သာခဲ့ဘူးဆိုရင်တော့ ဆရာဝန်က X-ray ဓာတ်မှန်ရိုက်ခိုင်းပါလိမ့်မယ်။

သွေးစစ်ခြင်းလို စစ်ဆေးခြင်းတွေကတော့ တခြားရောဂါတွေ မဟုတ်ကြောင့် ပယ်ဖို့ လိုအပ်ပါလိမ့်မယ်။

အောက်မှဖော်ပြမယ့် စစ်ဆေးမှုတွေက MRI၊ CT scan တို့လောက်မထိရောက်ပေမဲ့ သင့်ဆရာဝန်ကို စဉ်းစားစရာ အချက်လေးတွေ ပိုရစေပါလိမ့်မယ်

  • Electromyogram နဲ့ Nerve conduction test တွေကို နာတာရှည်အာရုံကြောဖိမိတဲ့ လက္ခဏာရှိတဲ့သူတွေမှာ စစ်ဆေးရပါမယ်
  • MRI မရှိရင်၊ MRI အဖြေမရှင်းလင်းရင်တော့ Myelogram ရိုက်ရပါမယ်။
  • Herniated disc လက္ခဏာအတွက်တော့ discography ရိုက်လို့ရပေမဲ့ အများအားဖြင့်တော့ ရိုက်လေ့မရှိပါ။
  • Nerve block (အာရုံကြောပိတ်ခြင်း) လုပ်ခြင်းဖြင့် ဘယ်အာရုံကြောမှာ ရောဂါရှိတယ်ဆိုတာကို သိနိုင်ပါတယ်။

Lumbar Herniated Disc (ခါးကျောရိုးပြား) ကို ဘယ်လိုကုသပါသလဲ

ပုံမှန်အားဖြင့်တော့ Lumbar Herniated disc ဟာ ၆ ပတ်အတွင်း သူ့ဟာသူပြန်ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ သောက်ဆေးနဲ့ ထိန်းကြည့်ရပါတယ်။ ဒါပေမဲ့ ရောဂါပုံစံနဲ့ အခြေအနေကို လိုက်ပြီးတော့ သက်သာမှုရှိခြင်း မရှိခြင်းက ဖြစ်တတ်ပါတယ်။

Lumbar herniated disc နာကျင်ခြင်းအတွက် အစပိုင်းကုသခြင်း

ပထမဆုံး ပြင်းထန်တဲ့ နာကျင်မှုကို သက်သာစေချင်းဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကနဦးနာကျင်မှုကို သက်သာစေနိုင်တဲ့ အချက်တွေကတော့

  • ရေခဲကပ်ခြင်း – ရေခဲ၊ ရေအေးအိတ်ကပ်ခြင်းဟာ Lumbar herniated discကြောင့် အစပိုင်းရောင်ရမ်းနာကျင်တာနဲ့ ကြွက်သားအကြောဆွဲတာတွေကို သက်သာစေပါတယ်။ ရေအေးကပ်ပြီး နှိပ်နယ်ပေးတာလည်း ပြုလုပ်လို့ရပါတယ်။ နာကျင်မှုစပြီး ၄၈ နာရီအတွင်းမှာ ရေခဲရေအေးဟာ အထိရောက်ဆုံးကုသမှုပါပဲ။
  • အကိုက်အခဲပျောက်ဆေး – ဆရာဝန်က စတီးရိုက်မပါဝင်တဲ့ အကိုက်ခဲပျောက်ဆေးတွေဖြစ်တဲ့ Iburpofen, Naproxen တို့ကို နာကျင်ခြင်းနှင့် ရောင်ခြင်း သက်ဖို့ပေးပါလိမ့်မယ်။
  • ကြွက်သားလျော့ဆေး – Lumbar Herniated disc ကြောင့်ကြွက်သားအကြောဆွဲနာကျင်ခြင်းသက်သာစေရန် သောက်ရပါမယ်
  • အပူကုထုံး – ပထမ ၄၈ နာရီအတွင်းမှာ ကြွက်သားအကြောဆွဲခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေရန် အပူကပ်ပေးရပါမယ်။ ရေနွေးပူချိုးခြင်းလည်း ပြုလုပ်လို့ရပါတယ်။
  • အပူနဲ့အအေး – အပူနှင့် အအေးကို တစ်လှည့်စီ ကပ်ပေးခြင်းဟာလည်း အကောင်းဆုံး နာကျင်မှု သက်သာစေခြင်းဖြစ်ပါတယ်။

နာကျင်မှုကြောင့်  အိပ်ယာထဲလဲနေခြင်းဟာ ၁ ရက် ၂ ရက်ထက် မပိုသင့်ပါဘူး။ အိပ်ယာထဲ ကြာရှည်နေခြင်းဖြင့် ကိုယ်ခနာတောင့်တင်းလာပြီး နာကျင်မှုကို ပိုဆိုးစေပါလိမ့်မယ်။ အိပ်ယာထဲနားပြီးပြီ ဆိုရင်တော့ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေနဲ့ မကျခဏ လှုပ်ရှားလိုက် နားလိုက်လုပ်ပေးသင့်ပါတယ်။ အလေးအပင် မခြင်းနှင့် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကိုတော့ ရှောင်သင့်ပါတယ်။

Lumbar Herniated discအတွက် ထပ်ပိုးကုထုံးများ

ရေရည်မှာ အနာသက်သာဖို့အတွက်တော့ အောက်ဖော်ပြပါ ကုထုံးများက အထောက်အကူပြုနိုင်ပါတယ်။

  • ကာယကုထုံးဖြစ်တဲ့ အကြောလျော့ခြင်းနဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ အပြင် နေ့စဉ်ဘ၀မှာ အလေးအပင်မခြင်းနဲ့ လမ်းလျောက်ခြင်းများအတွက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းများ ပါဝင်ပါတယ်။
  • ကျောရိုးထဲသို့ စတီးရိုက်ဆေးများထိုးသွင်းခြင်းဟာ လည်း တစ်ချို့ လူတွေမှာ အနာသက်သာစေပါတယ်။ ကျောရိုးအတွင်းသို့ စတီးရိုက်ဆေးသွင်းခြင်းဖြင့် ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းများကို နာကျင်မှုသက်သာစွာဖြင့် ပြုလုပ်နိုင်မှာပါ။ အကျိုးသက်ရောက်မှုကတော့ တစ်ဦးနဲ့တစ်ဦးကွာနိုင်ပြီးတော့ ခဏတာ အနာသက်သာမှုအတွက်ပဲ အသုံးဝင်ပါတယ်။
  • Chiropractor နဲ့ osteopath တို့ကို သုံးပြီး ကျောရိုးမှတစ်ဆင့်ကုသခြင်းဟာလည်း အနာကိုသက်သာစေပြီး ပျောက်ကင်းနိုင်ချေပိုဖြစ်စေတယ်။
  • နာကျင်တဲ့နေရာက အရေပြားပေါ်မှာ အပ်စိုက်ကုသနည်းကိုလည်း အမေရိကနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ကလည်း ကျောရိုးနာကုသနည်း အဖြစ် တရားဝင်ခွင့်ပြုထားပါတယ်။
  • တွေးသိမှု အပြုအမူတွေနဲ့လည်း Sciatica pain လို့ခေါ်တဲ့ အာရုံကြောနာကျင်ခြင်းတွေမှာ ကုသလို့ရပါတယ်။ ဒီကုထုံးနဲ့လည်း ကိုယ့်အားကိုယ်ကိုးပုံစံနဲ့ နာကျင်မှုကို ထိန်းချုပ်နိုင်ပါတယ်။ ကုသပေးသူက လူနာနဲ့ အွန်လိုင်းမှာ မျက်နှာချင်းဆိုင်ဆွေးနွေးပြီးတော့ အနာသက်သာစေတဲ့ စိတ်ပညာကုထုံးတွေကို သင်ပြပေးပါလိမ့်မယ်။
  • နှိပ်နယ်ခြင်းဖြင့် ကြွက်သားတွေပြေလျော့စေရုံမျှ မက သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်အတွင်းမှ အနာသက်သာစေသော ဓာတ်ပစ္စည်းများဖြစ်တဲ့ Endorphin များထုတ်လွတ်စေပြီး ရောဂါခံစားရမှုကို လျော့ပါးစေပါလိမ့်မယ်။

လူနာမှ ခံစားရတဲ့ လက္ခဏာတွေရဲ့ ကာလနဲ့ နာကျင်မှု ပမာဏကိုလိုက်ပြီးတော့ ကုသမှုပုံစံရွေးချယ်ပုံစံကွာခြားပါလိမ့်မယ်။ အားနည်း၊ထုံကျင်ခြင်း စတဲ့ လက္ခဏာတွေနဲ့ လူနာရဲ့ အသက်အပိုင်းအခြားတွေကိုလည်း ကုသမှုပုံစံရွေးချယ်ရာမှာ ထည့်စဉ်းစားရပါမယ်။

နာကျင်မှုအပါအ၀င်အခြား Lumbar herniated disc လက္ခဏာာတွေဟ ၆ ပတ်ထက်ပိုကြာခဲ့မယ်ဆိုရင် ခွဲစိတ်ကုသဖို့ စဉ်းစားရပါမယ်။

အရွယ်ရောက်ပြီးသူတွေရဲ့ အလုပ်အများဆုံးအရွယ်မှာ ကျောရိုးခွဲစိတ်ကုသရခြင်းရဲ့ အများဆုံးအကြောင်းဟာ Lumbar herniated disc ကြောင့်ပဲဖြစ်ပါတယ်။

အောက်ပါအချက်များနဲ့ ကိုက်ညီရင်တော့ ခွဲစိတ်ကုသဖို့ လိုတယ်လို့ ယူဆရပါမယ်

  • နာကျင်မှုသည်အလွန်ပြင်းထန်ပြီး လူတစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းများအပြင် လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများကို ပါ ထိခိုက်လာလျှင်
  • ပိုပိုဆိုးလာသော အာရုံကြောလက္ခဏာများဖြစ်သည့် ခြေထောက်အားနည်းခြင်း ထုံခြင်းများကို ခံစားရလျှင်
  • ဆီးနှင့် ၀မ်းများ မထိန်းနိုင်ဖြစ်လာလျှင်
  • ဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အခြားသော ကုသနည်းများနှင့် ရောဂါမသက်သာလျှင်

ခွဲစိတ်ကုသရပါမည်။

Lumbar Herniated disc ကို Mircrodisectomy နည်းဖြင့် ခွဲစိတ်ခြင်း

အသေးစိတ်ခွဲစိတ်ခြင်းနည်း ၂ နည်းဖြစ်တဲ့ Microdisectomy နှင့် မှန်ပြောင်း microdisectomy, တွေကို အများဆုံး ပြုလုပ်ကြပါတယ်။ အထက်ပါခွဲစိတ်နည်းတွေက အာရုံကြောဖိမိတာကို သက်သာစေပြီးတော့ ရောဂါပျောက်ကင်းဖို့ အားပေးပါတယ်။

အများအားဖြင့်တော့ အာရုံကြောပေါ်မှာ ဖိမိနေတဲ့ herniated disc အပိုင်းလေးကိုပဲ ဖြတ်ထုတ်ပစ်ရပါတယ်။ discတစ်ခုလုံးကို ထုတ်ပစ်စရာ မလိုပါဘူး။

Microdisectomy လုပ်ဖို့ အရေပြားကိုနည်းနည်းလေးပဲခွဲရပါတယ်။ မှန်ပြောင်း Microdisectomy မှာတော့  ဘေးနားမှာရှိတဲ့ အသားတွေကို မထိခိုက်မိစေဖို့ ပြွန်သေးသေးကိုပဲသုံးပါတယ်။ ပြွန်သေးသေးထဲမှ တစ်ဆင့်ကင်မရာကို ထည့်သွင်းပြီး ခွဲစိတ်ဆရာဝန်က ကြည့်ပါတယ်။

ဒီ ခွဲစိတ်မှု ၂ မျိုးလုံးက ပြင်ပလူနာဌာနမှာတင်ပြုလုပ်နိုင်ပြီး ဆေးရုံတက်ခဲ့ရမယ်ဆိုရင်လည်း ၁ ရက်လောက်ပဲကြာနိုင်ပါတယ်။ လူနာက ခွဲစိတ်ပြီး ၁ ပတ်မှ ၃ ပတ်အတွင်းမှာ ပုံမှန်အလုပ်များကို ပြန်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Lumbar herniated disc ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Lumbar herniated disc ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အနားယူချိန်

သက်တောင့်သက်သာဖြစ်မည့် ပုံစံဖြင့်အနားယူပါ။ ကြမ်းပြင်(သို့) မွေ့ယာခပ်မာမာပေါ်မှာပက်လက်လှဲနေပြီး ဒူးခေါင်းအောက်မှာ ခေါင်းအုံးခုထားပါ။ ဘေးတစောင်းနေပြီး ဒူးခေါင်းအောက်မှာ ခေါင်းအုံးခုလို့ရပါတယ်။ ဘယ်ညာတော့ မကြာခဏပြောင်းပြီး စောင်းပေးပါ။

  • လမ်းလျောက်ချိန်

ပြင်ညီမျက်နှာပြင် ( ကုန်းတက်၊တောင်ကုန်း၊လှေကားမဖြစ်ရ) ပေါ်မှာ ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် လမ်းလျောက်ပေးပါ(၂ နာရီ ၃ နာရီခြားတစ်ခါ)။ ခြေသလုံးများ တောင့်တင်းနာကျင်လာသည်အထိ ဝေးဝေးလံလံ မလျောက်ပါနှင့်။

  • လိုအပ်လျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ။ ကိုက်ခဲမှု ပြင်းထန်လာမှ ဆေးသောက်ခြင်းထက် ပုံမှန် အချိန်ဇယားဖြင့် သောက်ခြင်းက ဆေးစွမ်းထိရောက်မှု ကောင်းစေပါတယ်။
  • အပူသို့ရေခဲသုံးခြင်း

ခိုင်မာတဲ့သက်သေပြချက်မရှိပဲမဲ့ သင့်အတွက်အသုံးတည့်မယ်ထင်လျှင် အပူကပ်၊ရေခဲကပ်ခြင်းကို ပြုလုပ်လို့ရပါတယ်။ အပူတစ်လှည့် အအေးတစ်လှည့်ကပ်ခြင်း သည်လည်း စမ်းသပ်ပြုလုပ်သင့်ပါတယ်။

  • ၁၅ မိနစ်မှ မိနစ် ၂၀ ကြား အပူပြားကို နွေးရုံမှ အသင့်တင့်ပူရုံချိန်ပြီး ကပ်ကြည့်ပါ။ ( ၂နာရီ ၃ နာရီခြား)
  • အပူပြားကပ်မည့်အစား ရေနွေးလည်း ချိုးလို့ရပါတယ်။
  • တစ်ခါသုံး အပူပြားတွေက ကြာချိန် ၈ နာရီထိ သုံးလို့ရပါတယ်။
  • ၂ နာရီ ၃ နာရီခြား ၁၀မိနစ်မှ ၁၅ မိနစ်ခန့် ရေခဲအိတ်ကပ်ခြင်း၊ ရေခဲအိတ်(သို့)မဟုတ် ရေခဲရိုက်ထားတဲ့ အသီးအရွက်တွေကို ပုဝါပါးနဲ့ ထုတ်ပြီး ကပ်လို့လည်း ရပါတယ်။
  • ဆရာဝန်နဲ့ ကာယ ဆရာမှ ညွန်ကြားတဲ့ အတိုင်းလှုပ်လှုပ်ရှားရှားနေပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ပုံမှန်လုပ်ပေးခြင်းဖြင့် လူကောင်းတုန်းက ပုံစံအတိုင်း နေ့စဉ်ဆောင်တာတွေကို လုပ်နိုင်လာပါလိမ့်မယ်။ Core Stabilization exercise များလုပ်ပေးခြင်းဖြင့် ကိုယ်ခနာပေါ်မှာရှိတဲ့ ကြွက်သားတွေသန်မာလာပြီး ကျောရိုးကို ထောက်ကူပေးပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 23, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 15, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။