Low Sperm Count (သုတ်ပိုးနည်းခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Low Sperm Count (သုတ်ပိုးနည်းခြင်း) ကဘာလဲ။

အမျိုးသားတစ်ယောက် ကာမဆက်ဆံတဲအချိန်မှာ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲမှာ ပါဝင်တဲ့သုတ်ပိုးပမာဏ ပုံမှန်ထက်နည်းနေခြင်းကိုဆိုလိုပါတယ်။သုတ်ပိုးနည်းခြင်းကို oligospermia ဟုခေါ်တတ်ပြီး သုတ်ပိုးလုံးဝမပါခြင်းကိုတော့ azoospermia လို့ခေါ်ပါတယ်။ တကယ်လို့ သုတ်ရည်တစ်မီလီမီတာမှာ သုတ်ပိုး ၁၅ မီလီယံထက် နည်းနေရင် သုတ်ပိုးနည်းတယ်လို့ဆိုနိုင်ပါတယ်။

သုတ်ပိုးနည်းခြင်းဟာ အမသားဥနဲ့ သားဖောက်နိုင်ချေကိုနည်းစေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သုတ်ပိုးနည်းနေလည်း အဖေဖြစ်နိုင်ချေတော့ရှိပါသေးတယ်။

Low Sperm Count (သုတ်ပိုးနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ရန်အားပေးသော အခြေအနေများကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Low Sperm Count (သုတ်ပိုးနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့ –

  • ကာမဆက်ဆံရာတွင် အခက်အခဲဖြစ်ခြင်း ၊ ဆန္ဒနည်းခြင်း
  • နာကျင်ခြင်း၊ ယောက်ျားအင်္ဂါတ၀ိုက်တွင် အဖုအကျိတ်ပေါ်ခြင်း
  • ဟော်မုန်းပုံမှန်မဟုတ်ခြင်းအနေနဲ့ မျက်နှာ၊ ခန္ဓာကိုယ်အမွှေးအမျှင်များနည်းသွားခြင်း။

ဖော်ပြထားသော လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အောက်ပါလက္ခဏာတွေရှိပါက ဆရာဝန်ပြသင့်ပါတယ် –

  • ကာမဆက်ဆံရာတွင် ပြဿနာရှိခြင်း၊ ဆန္ဒနည်းခြင်း
  • ယောက်ျားအင်္ဂါနေရာတွင် အဖုအကျိတ်ပေါ်ခြင်း
  • အဖိုလိင်အင်္ဂါ၊ ဆီးကျိတ် နှင့် ကာမဆက်ဆံရာတွင် ပြဿနာများရှိခဲ့ဖူးခြင်း
  • ပေါင်ခြံ၊ ယောက်ျားအင်္ဂါ၊ ကပ်ပယ်အိတ်တို့တွင် ခွဲစိတ်ဖူးခြင်း

အကြောင်းရင်းများ

Low Sperm Count (သုတ်ပိုးနည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သုတ်ပိုးထုတ်ခြင်းဟာ သုတ်ပိုးထုတ်သောအဖိုအင်္ဂါတင်မကဘဲ သုတ်ပိုးထုတ်ရန်လိုသည့် ဟော်မုန်းများထုတ်ပေးသော ဦးနှောက်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်တွေပေါ်မှာပါ မူတည်နေသော ရှုတ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်။ သုတ်ပိုးတွေကို သုတ်ပိုးထုတ်အင်္ဂါက ထုတ်ပြီးတဲ့အခါ နူးညံ့တဲ့ပြွန်လေးတွေကနေ ပို့ဆောင်၊ သုတ်ရည်နဲ့ရောပြီး ယောက်ျားအင်္ဂါကနေတဆင့် အပြင်ကိုထုတ်လွှတ်ပါတယ်။ ဒါကြောင့်ထိုလုပ်ဆောင်ချက်တလျှောက်မှာ တစ်နေရာရာက ပုံမှန်မဟုတ်ခြင်းဟာ သုတ်ပိုးထုတ်လွှတ်ခြင်းကို ထိခိက်စေမှာပါ။ ဒါ့အပြင် သုတ်ပိုးပုံစံ၊ လှုပ်ရှားနိုင်မှုတွေမှာပါ ပြဿနာတွေရှိနိုင်ပါတယ်။

သုတ်ပိုးနည်းခြင်းဟာ တချို့သောကျန်းမာရေးပြဿနာတွေ၊ ဆေးကုသမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ –

  • Varicocele ခေါ် သွေးကြောရောင်ခြင်း – သုတ်ပိုးထုတ်အင်္ဂါထဲမှ သွေးပြန်ကြောများရောင်ရမ်းခြင်းဖြစ်ပြီး အမျိုးသားတွေမှာ မျိုးမပွားနိုင်ရခြင်းရဲ့ အဖြစ်များဆုံးအကြောင်းအရင်းတစ်ခုဖြစ်တယ်။ သုတ်ပိုးများအရည်အသွေးကိုလျော့ကျစေပါတယ်။
  • ရောဂါပိုးဝင်ခြင်း – တချို့သောရောဂါပိုးဝင်ခြင်းတွေဟာ သုတ်ပိုးထုတ်ခြင်း သို့ သုတ်ပိုးများကျန်းမာရေးကို ထိခိုက်စေခြင်း သို့ သုတ်ပိုးများထုတ်လွှတ်သောလမ်းကြောင်းကို ပိတ်ဆို့ခြင်းများဖြစ်စေတတ်ပါတယ်.။
  • သုတ်ရည်ထုတ်ခြင်းပြဿနာများ – ကာမဆက်ဆံစဉ်မှာ သုတ်ရည်များအပြင်ထွက်ရမည့်အစား ဆီးအိတ်ထဲဝင်သွားခြင်းဖြစ်ပြီး ဆီးချိုသွေးချို၊ အာရုံကြောမကြီးထိခိုက်မှု၊ ဆီးအိတ် ဆီးကျိတ် ဆီးလမ်းကြောင်းခွဲစိတ်မှုအပါအ၀င် ကျန်းမာရေးပြဿနာတချို့ကြောင့်ဖြစ်နိုင်ပါတယ်။
  • သွေးပေါင်ကျဆေးတချို့ကဲ့သို့ ဆေးများကြောင့်လည်း သုတ်ပိုးလွှတ်ခြင်းမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
  • သုတ်ပိုးကိုတိုက်ခိုက်သော ပဋိပစ္စည်းများ – ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းများက သုတ်ပိုးများကို အန္တရာယ်ရှိသောကျူးကျော်ပစ္စည်းများနှင့် မှားယွင်းတိုက်ခိုက်ခြင်းဖြစ်တယ်။
  • အလုံးအကျိတ်များ – ကင်ဆာဖြစ်စေ၊ ကင်ဆာမဟုတ်သော အလုံးအကျိတ်များဖြစ်စေ အဖိုမျိုးပွားအင်္ဂါများကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ အကျိတ်များကိုကုတဲ့ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်တွေနဲ့ ကင်ဆာဆေးတွေကလည်း အဖိုမျိုးပွားခြင်းကို ထိခိုက်စေနိုင်တယ်။
  • ဝှေးစေ့မဆင်းခြင်း – သနြေ္ဓသားဖွံ့ဖြိုးချိန်မှာ ဝှေးစေ့တစ်ဖက် သို့ နှစ်ဖက်စလုံးက ၀မ်းဗိုက်ထဲကနေ ကပ်ပယ်အိတ်ထဲကိုမဆင်းတဲ့ အခြေအနေတွေရှိတတ်ပါတယ်။ ထိုကဲ့သို့အခြေအနေတွေမှာ မျိုးပွားနိုင်စွမ်းလျော့ကျတတ်တယ်။
  • ဟော်မုန်းမမျှခြင်း – hypothalamus ၊ pituitary လို့ခေါ်သော ဦးနှောက်အပိုင်းနဲ့ ဝှေးစေ့တွေက သုတ်ပိုးထုတ်ဖို့လိုတဲ့ ဟော်မုန်းတွေကိုထုတ်ပေးပြီး ထိုဟော်မုန်းတွေ မညီမျှခြင်း၊ သိုင်းရွိုက်ကဲ့သို့ တခြားဟော်မုန်းစနစ်မှာ ပြောင်းလဲခြင်းတွေက သုတ်ပိုးထုတ်ခြင်းကို ထိခိုက်စေပါတယ်။
  • သုတ်ပို့ပြွန်ထိခိုက်ခြင်း – သုတ်ပို့လွှတ်သောပြွန်များတွင် ထိခိုက်ခြင်းဖြစ်တယ်။ သုတ်ပိုးတွေကို ပြွန်အမျိုးမျိုးကသယ်ပို့ပေးပြီး ခွဲစိတ်ခြင်း၊ ထိခိုက်ခြင်း၊ ရောဂါပိုးဝင်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်လည်း ထိုပြွန်တွေပိတ်နိုင်ပါတယ်။
  • ခရိုမိုဆုန်းထိခိုက်ခြင်း – Klinefelter’s ရောဂါ၊ Kallmann’s ရောဂါ ၊ Kartagener’s ရောဂါ စသည့် မျိုးရိုးလိုက်ရောဂါတွေကလည်း မျိုးပွားမှုလျော့ကျစေပါတယ်။
  • အူဆိုင်ရာရောဂါများ – ကစီဓာတ်မကိုင်တွယ်နိုင်သော ရောဂါ ကဲ့သို့ အူဆိုင်ရာရောဂါတွေကြောင့်လည်း မျိုးပွားနိုင်စွမ်းထိခိုက်နိုင်တယ်။ ကစီဓာတ်မပါတဲ့ စားစရာတွေစားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
  • တချို့သောဆေးများ – အဖိုဟော်မုန်းအစားထိုး ကုသခြင်း၊ စတီးရွိုက်အချိန်ကြာသုံးခြင်း၊ ကင်ဆာဆေးများ၊ မှိုသတ်ဆေး ပဋိဇီဝဆေး၊ တချို့သော အနာကျက်ဆေးတွေက သုတ်ပိုးထုတ်ခြင်းကို လျော့ကျစေပြီး မျိုးပွားနိုင်စွမ်းလျော့နည်းစေပါတယ်။
  • ခွဲစိတ်မှု – သားကြောဖြတ်ခြင်း၊ အူကျခြင်းကိုခွဲစိတ်ပြုပြင်ခြင်း၊ ကပ်ပယ်အိတ် ဝှေးစေ့ ခွဲစိတ်မှုများ၊ ဆီးကျောက်ခွဲစိတ်မှု၊ ၀မ်းဗိုက်တွင် ကြီးမားသောခွဲစိတ်မှုစတဲ့ တချို့သောခွဲစိတ်မှုတွေက သုတ်ရည်လွှတ်တဲ့အခါ သုတ်ပိုးမပါဖြစ်စေတတ်ပါတယ်။

သုတ်ထုတ်ခြင်း၊ သုတ်ပိုးလုပ်ငန်းဆောင်တာတွေဟာ အောက်ပါ ပတ်ဝန်းကျင်မှအရာများနဲ့ အထိအတွေ့များပါကလည်း လျော့နည်းနိုင်တယ်။

  • စက်ရုံမှဓာတုပစ္စည်းများ – ဘန်ဇင်း၊ တော်လူအင်း၊ ဇိုင်လင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အော်ဂဲနစ်အရည်များ၊ သုတ်ဆေးများ၊ စသည်တို့နဲ့ အလွန်အကျွံထိတွေ့ခြင်းဟာ သုတ်ပိုးပမာဏနည်းစေပါတယ်။
  • ခဲကဲ့သို့သတ္ထုများနှင့် အချိန်ကြာထိတွေ့ခြင်းကြောင့်လည်း မျိုးပွားနိုင်စိမ်းနည်းနိုင်ပါတယ်။
  • ဓာတ်မှန်ကဲ့သို့ ဓာတ်ရောင်ခြည်များနှင့်ထိတွေ့ခြင်းကြောင့်လည်း သုတ်ပိုးထုတ်ခြင်းလျော့ကျနိုင်တယ်။ ပုံမှန်အရေအတွက်အတိုင်းပြန်ရရန် နှစ်ပေါင်းများစွာကြာနိုင်ပြီး ဓာတ်ရောင်ခြည်ပြင်းထန်ပါက သုတ်ပိုးပမာဏ ထာဝရလျော့နည်းသွားနိုင်ပါတယ်။
  • သုတ်ပိုးထုတ်အင်္ဂါတွင် အပူအလွန်အကျွံပေးမိခြင်း – အပူချိန်မြင့်တက်ခြင်းဟာ သုတ်ပိုးထုတ်ခြင်းနှင့် သုတ်ပိုးလုပ်ဆောင်ချက်တွေကိုပါ ကျဆင်းစေနိုင်ပြီး လေ့လာမှုတွေမသေချာသေးပေမယ့် မကြာခဏ ချွေးထုတ်ခန်းဝင်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းတွေဟာ သုတ်ပိုးအရေအတွက်နည်းစေတယ်လို့ ဆိုကြပါတယ်။
  • အချိန်ကြာထိုင်ခြင်း၊ တင်းကြပ်သောအ၀တ်များအချိန်ကြာဝတ်ခြင်း၊ ပေါင်ပေါ်အချိန်ကြာလက်ပ်တော့တင်အလုပ်လုပ်ခြင်း တွေဟာလည်း ကပ်ပယ်အိတ်အပူချိန်တက်စေကာ သုတ်ပိုးထုတ်လွှတ်ခြင်းကို လျော့နည်းစေပါတယ်။

တခြားသုတ်ပိုးလျော့နည်းစေသောအကြောင်းများ 

  • ဆေးများ – ကြွက်သားများသန်မျာစေရန်၊ ကြီးထွားစေရန်သုံးသော စတီးရွိုက်ဆေးများဟာ သုတ်ပိုးထုတ်အင်္ဂါကျုံ့သွားစေပြီး သုတ်ပိုးထုတ်ခြင်းလျော့နည်းစေပါတယ်။ ကိုကိန်း၊ ဆေးရွက်ကြီးသုံးစွဲမှုဟာလည်း သုတ်ပိုးပမာဏနည်းစေပြီး၊ လုပ်ဆောင်မှုလည်းအားနည်းစေပါတယ်။
  • အယ်လ်ကိုဟော – အရက်သောက်ခြင်းဟာ အဖိုဟော်မုန်းလျော့နည်းစေပြီး သုတ်ပိုးထုတ်ခြင်းနည်းစေတယ်။
  • အလုပ်အကိုင်များ – ဂဟေဆော်ခြင်း၊ နှင့် ကုန်ကားမောင်းခြင်းကဲ့သို့အချိန်ကြာထိုင်ရသော အလုပ်များ၊ စသည်ဖြင့် အလုပ်တချို့ကြောင့်လည်း မျိုးပွားနိုင်စွမ်းနည်းနိုင်ပါတယ်။ ဒါပေမယ့် အချက်အလက်အတိအကျတော့မရှိသေးပါဘူး။
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်သူဟာ ဆေးလိပ်မသောက်သူထက် သုတ်ပိုးပိုနည်းပါတယ်။
  • စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ – အချိန်ကြာ သို့ ပြင်းထန်သော စိတ်ဖိစီးမှုတွေ၊ မျိုးပွားမှုနဲ့ပတ်သတ်တဲ့စိတ်ဖိစီးမှုတွေလိုမျိုး ဖိစီးမှုတွေကလည်း သုတ်ပိုးထုတ်ရန်လိုအပ်တဲ့ ဟော်မုန်းတွေကိုအနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
  • အလေးချိန် – အ၀လွန်ခြင်းဟာလည်း မျိုးပွားနှုန်းကိုနည်းအမျိုးမျိုးနဲ့ကျဆင်းစေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Low Sperm Count (သုတ်ပိုးနည်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သုတ်ပိုးနည်းခြင်းကိုအားပေးသောအချက်များ

  • ဆေးလိပ်ခြင်း
  • အရက်သောက်ခြင်း
  • ဥပဒေအရပိတ်ပင်ထားသောဆေးများသုံးခြင်း
  • အ၀လွန်ခြင်း
  • ရောဂါပိုးဝင်ခြင်း၊ ၀င်ခဲ့ဖူးခြင်း
  • အဆိပ်များနှင့်ထိတွေ့မိခြင်း
  • သုတ်ထုတ်အင်္ဂါကိုအပူအလွန်အကျွံပေးမိခြင်း
  • သုတ်ထုတ်အင်္ဂါတွင်ထိခိုက်မိဖူးခြင်း
  • မွေးရာပါမျိုးပွားခြင်းဆိုင်ရာရောဂါရှိခြင်း သို့ ရောဂါရှိသောအမျိုးရှိခြင်း
  • အကျိတ်အဖု၊ နာတာရှည်ရောဂါများအတွက် ဆေးများသောက်ရခြင်း
  • ဓာတ်ရောင်ခြည်နှင့်ကုသခြင်းကဲ့သို့ ကင်ဆာကုသမှုများခံယူဖူးခြင်း
  • တချို့သောဆေးများသောက်ရခြင်း
  • သားကြောဖြတ်ဖူးခြင်း၊ ၀မ်းဗိုက်သို့ တင်ပါးဆုံရိုးဆိုင်ရာခွဲစိတ်မှုများလုပ်ဖူးခြင်းေ
  • ဝှေးစေ့မဆင်းသောရာဇ၀င်ရှိထားဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Low Sperm Count (သုတ်ပိုးနည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဥာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ဘယ်လိုသိရှိနိုင်မလဲ

တကယ်လို့ သင့်အမျိုးသမီးမှာ ကိုယ်ဝန်ရဖို့ခက်ခဲနေလို့ ဆရာဝန်နဲ့သွားတိုင်ပင်ပါက ဆ၇ာဝန်က အကြောင်းအရင်းရှာပါလိမ့်မယ်။ သုတ်ပိုးနည်းခြင်းကြောင့်လို ထင်နေရင်တောင်မှ အမျိုးသမီးမှာလည်း တခြားဖြစ်နိုင်ချေရှိသောအချက်များကိုရှာဖွေကာ မျိုးပွားခြင်းဆိုင်ရာတခြားအကူအညီလိုမလိုစမ်းစစ်ပါလိမ့်မယ်။

ရောဂါရှာဖွေခြင်းမှာတော့ ဒါတွေပါနိုင်ပါတယ်-

ယေဘုယျစမ်းသပ်ခြင်း၊ ရာဇ၀င်မေးမြန်းခြင်း – မျိုးရိုးလိုက်ရောဂါများ၊ နာတာရှည်ရောဂါများ၊ ထိခိုကမှုများ၊ ခွဲစိတ်မှုများရှိမရှိမေးမြန်းကာ မျိုးပွားအင်္ဂါတ၀ိုက်စစ်ဆေးမှုများ ပါဝင်နိုင်ပါတယ်။ ကာမဆက်ဆံမှုပုံစံနဲ့ သင့်ရဲ့လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအကြောင့်လည်းမေးပါလိမ့်မယ်။

သုတ်ရည်ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း – သုတ်ပိုးပမာဏနည်းခြင်းကို သုတ်ရည်ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ခြင်းဖြင့်လည်း သိရှိနိုင်တယ်။ သုတ်ရည်ကိုမိုက်ခရိုစကုပ်အောက်တွင်ကြည့်ကာ အကောင်အရေအတွက်စစ်ဆေးရေတွက်နိုင်တယ်။

ရှေ့ကစစ်ဆေးမှုတွေရဲ့ရလဒ်ပေါ်မူတည်ပြီး သုတ်ပိုးနည်းရခြင်းအကြောင်းအရင်းအတွက် နောက်ထပ်စစ်ဆေးမှုတွေလည်းလုပ်ကောင်းလုပ်နိုင်ပါတယ်။ အဲ့ဒါတွေကို –

  • ကပ်ပယ်အိတ်အာထရာဆောင်းရိုက်ခြင်း – အသံလှိုင်းသုံးကာ သုတ်ပိုးထုတ်အင်္ဂါနဲ့တခြား ဖွဲ့စည်းတည်ဆောက်မှုများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။
  • ဟော်မုန်းစစ်ဆေးခြင်း – သုတ်ပိုးထုတ်ရန်လိုအပ်သော ဟော်မုန်းပမာဏကိုသိရှိရဖို့ သွေးစစ်ဆေးမှုလုပ်ရနိုင်ပါတယ်။
  • ဆီးစစ်ခြင်း – ဆီးထဲမှာသုတ်ပိုးများပါနေခြင်းဟာ သုတ်လွှတ်ချိန်မှာ သုတ်ပိုးတွေလမ်းမှားပြီး ဆီးအိတ်ထဲဝင်သွားသောကြောင့်ဖြစ်တယ်။
  • မျိုးရိုးဗီဇစစ်ဆေးမှု – သုတ်ပိုးအလွန်နည်းခြင်းဟာ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဖိုခရိုမိုဆုန်း Y မှာ ပြောင်းလဲမှုရှိမရှိသွေးစစ်ဆေးနိုင်ပြီး တခြားသော မျိုးရိုးလိုက်ရောဂါတွေအတွက် ဗီဇစစ်ဆေးမှုများလုပ်နိုင်ပါတယ်။
  • သုတ်ထုတ်အင်္ဂါအသားစစစ်ဆေးခြင်း – အပ်ဖြင့်အသားစယူကာ သုတ်ပိုးထုတ်လုပ်မှု ပုံမှန်ဟုတ်မဟုတ်စစ်ဆေးနိုင်ပြီး ပုံမှန်ဖြစ်ပါက သုတ်ပို့ဆောင်မှုနေရာမှာ ပြဿနာဖြစ်နေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိုစစ်ဆေးမှုဟာတချို့သောအခြေအနေတွေမှာသာ သုံးနိုင်ပြီး အကြောင်းအရင်းကိုလည်း မရှာပေးနိုင်ပါဘူး။
  • သုတ်ပိုးကိုဆန့်ကျင်သောပဋိပစ္စည်းများရှာဖွေမှု – ထိုစစ်ဆေးမှုကတော့ သုတ်ပိုးကိုမှားယွင်းတိုက်ခိုက်သော ပဋိပစ္စည်းများရှာဖွေခြင်းဖြစ်ပြီး သိပ်တော့သုံးလေ့ရှိပါဘူး။
  • သုတ်ပိုးဆောင်ရွက်ချက်စစ်ဆေးမှု – သုတ်လွှတ်ပြီးတဲ့အခါ သုတ်ပိုးများအလုပ်လုပ်နိုင်စွမ်း၊ သားဥကိုဖောက်နိုင်စွမ်း၊ ကပ်တွယ်နိုင်စွမ်းတွေကို စစ်ဆေးရာမှာသုံးပါတယ်။ များသောအားဖြင့်တော့ လုပ်ဆောင်လေ့မရှိဘဲ ကုသမှုကိုဆုံးဖြတ်ရာမှာလည်း သိပ်အရာမရောက်ပါဘူး။

စအိုတွင်အာထရာဆောင်းရိုက်ခြင်း – သုတ်ရည်သယ်ပို့သောပြွန်များ ပိတ်ဆို့နေခြင်းရှိမရှိသိရှိရန် ဆီးကျိတ်စစ်ဆေးခြင်းဖြစ်တယ်။

Low Sperm Count (သုတ်ပိုးနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

  • ခွဲစိတ်ခြင်း – သွေးကြောထုံးခြင်း၊ သုတ်ပို့ပြွန်ပိတ်ခြင်းတို့ကို ခွဲစိတ်ပြုပြင်နိုင်ပြီး သားကြောဖြတ်ရန် သုတ်ပြွန်ထုံးထားခြင်းများမှာလည်း ပြန်ပြင်နိုင်ပါတယ်။ သုတ်လွှတ်ရာမှာ သုတ်ပိုးမပါပါက သုတ်ထုတ်အင်္ဂါ၊ ဒါမှမဟုတ် သုတ်လှောင်အင်္ဂါမှသုတ်များကို တိုက်ရိုက်ယူနိုင်ပါတယ်။
  • ပိုးဝင်ခြင်းကိုကုသခြင်း – မျိုးပွားအင်္ဂါလမ်းကြောင်းမှာ ရောဂါပိုးဝင်ခြင်းတွေကို ပဋိဇီဝဆေးတွေနဲ့ကုနိုင်ပါတယ်။ ဒါပေမယ့်ဒီနည်းကမျိုးပွားမှုလျော့နည်းခြင်းကို အမြဲတော့မသက်သာစေပါဘူး။
  • ကာမဆက်ဆံခြင်းနှင့်ပတ်သတ်သောကုသမှုများ – ကာမဆက်ဆံရာတွင်အခက်အခဲများ၊ အချိန်မတိုင်မီသုတ်လွှတ်မှုခြင်းများကို ဆွေးနွေးကုသခြင်းဖြစ်တယ်။
  • ဟော်မုန်းကုသခ်ြငး – ဟော်မုန်းများခြင်း နည်းခြင်း၊ ခန္ဓာကိုယ်မှဟော်မုန်းအသုံးပြုမှုပုံမှန်မဟုတ်ခြင်းတို့ကြောင့် ဖြစ်ပါက ဟော်မုန်းအစားထိုးကုသမှုများလုပ်ရနိုင်ပါတယ်။
  • ART – သင့်အခြေအနေ၊ ဆန္ဒတို့ပေါ်မူတည်ပြီး ပုံမှန်သုတ်လွှတ်ခြင်းမှသုတ်ပိုးယူခြင်း၊ သုတ်ပိုးတိုက်ရိုက်ယူခြင်း၊ ဒါမှမဟုတ် အလှူရှင်ဆီမှ သုတ်ပိုးယူခြင်းတို့ပါဝင်တယ်။ သုတ်ပိုးကိုအမျိုးသမီးရဲ့ မျိုးပွားအင်္ဂါတွင်းထိုးခြင်း သို့ ဖန်ပြွန်သနြေ္ဓသားနည်းအတွက် သုံးခြင်းတို့ပြုလုပ်နိုင်ပါတယ။်

နေထိုင်မှုပုံစံပြောင်းလဲခြင်း ၊ အိမ်တွင်းကုထုံးနည်းများ

  • ကာမဆက်ဆံမှုအကြိမ်ရေတိုးပါ – သားဥမကြွေမီ ၄ ရက်အလိုခန့်မှစပြီး နေ့စဉ်ကာမဆက်ဆံခြင်းဟာ သင့်အမျိုးသမီးကိုကိုယ်ဝန်ရနိုင်ချေများစေပါတယ်။
  • သားစပ်နိုင်ချိန်တွင် ကာမဆက်ဆံပါ – အမျိုးသမီးတွေဟာ သားဥကြွေချိန်- ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်အလယ်- မှာ ကိုယ်ဝန်ရနိုင်ချေများပါတယ်။ ဒါဟာ ရက်များစွာအသက်ရှင်နိုင်တဲ့ သုတ်ပိုးတွေအတွက် သားဖောက်နိုင်ချေများစေပါတယ်။
  • ချောဆီသုံးခြင်းရှောင်ပါ – Astroglide၊ K-Y jelly၊ စသည်တို့ဟာ သုတ်ပိုးလှုပ်ရှားမှုကိုထိခိုက်စေနိုင်တာကြောင့် သုတ်ပိုးအတွက်သင့်လျောမယ့်ချောဆီကို ဆရာဝန်နဲ့တိုင်ပင်ပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။