low potassium (ပိုတက်စီယမ်နည်းခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

low potassium (ပိုတက်စီယမ်နည်းခြင်း) ကဘာလဲ။

သွေးထဲရှိပိုတက်စီယမ်ပမာဏ နဂိုရှိသင့်သည်ထက် နည်းနေခြင်းကို ပိုတက်စီယမ်နည်းခြင်း(ဟိုက်ပိုကယ်လီးမီးယား) လို့ခေါ်ပါတယ်။ ပိုတက်စီယမ်က ကိုယ်ခန္ဓါအတွင်းရှိ ဆဲလ်များတစ်လုံးကနေတစ်လုံး လျှပ်စစ်အချက်ပြမှုတွေ ပို့ဆောင်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ထိုစွမ်းရည်ဟာ အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေ အထူးသဖြင့် နှလုံးကြွက်သားဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် အရေးကြီးပါတယ်။

ပုံမှန်သွေးတွင်းပိုတက်စီယမ်ပမာဏကတော့ 3.6 ကနေ 5.2 millimoles per liter (mmol/L) ပါ။ ပိုတက်စီယမ်အရမ်းနည်းခြင်း ( 2.5 mmol/L အောက်) ဟာ အသက်အန္တရာယ်ရှိပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

low potassium (ပိုတက်စီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

low potassium (ပိုတက်စီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အာရုံကြောနှင့် ကြွက်သားဆဲလ်များ စွမ်းအင်ထုတ်လွင့်ခြင်း (Depolarization) နှင့် စွမ်းအင်ပြန်လည်ပြည့်ဖြိုးခြင်း (Repolarization) တို့အပေါ်မှာ ပိုတက်စီယမ်က သက်ရောက်နေပါတယ်။ ပိုတက်စီယမ်နည်းသွားပြီဆိုရင် ဆဲလ်တွေ စွမ်းအင်ပြန်လည်းမပြည့်ဖြိုးနိုင်တော့အတွက် စွမ်းအင်တွေလဲ ထပ်ခါထပ်ခါမပြစ်လွှတ်နိုင်တော့ပါဘူး။ အဲဒီအခါမှာတော့ ကြွက်သားတွေ ပုံမှန်အတိုင်းအလုပ်မလုပ်နိုင်မှုတွေ ဖြစ်လာပါတော့တယ်။ ပိုတက်စီယမ်နည်းခြင်းရဲ့ ရလဒ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ကြွက်သားအားနည်းခြင်း
  • ကြွက်သား ကိုက်ခဲခြင်း
  • ကြွက်တက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • နှလုံးတုန်ရင်တုန်ခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

ဘာတွေက ပိုတက်စီယမ်နည်းစေတာလဲ။

အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဆီးဆေးနဲ့ ဝမ်းနုတ်ဆေးတွေ အသုံးများခြင်း၊ ဝမ်းလျောခြင်းတို့ဟာ အဖြစ်များဆုံးအကြောင်းအရင်းတွေပါ။ အခြားရောဂါတွေနဲ့ ဆေးတွေကလည်း ပိုတက်စီယမ်နည်းစေနိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျောက်ကပ်မရှိတော့ခြင်း

  • ကျောက်ကပ်ပြွန်တွင် အက်စစ်ပေါက်ခြင်းလိုမျိုး ကျောက်ကပ်ရောဂါများ ( ဥပမာ အသည်းအသန်ကျောက်ကပ်ပျက်ခြင်းနှင့် နာတာရှည်ကျောက်ကပ်ပျက်ခြင်း)
  • မက်ဂနီစီယမ်နည်းခြင်း
  • သွေးကင်ဆာ
  • Cushing’s disease နှင့် အခြား အဒရီနယ်ဂလင်း ပြဿနာများ

အစာအိမ်နှင့် အူလမ်းကြောင်းမှ ပိုတက်စီယမ်ဆုံးရှုံးခြင်း

  • အော့အန်ခြင်း
  • ဝမ်းချူခြင်း၊ ဝမ်းနှုတ်ဆေးသုံးခြင်း
  • ဝမ်းလျောခြင်း
  • အူတွင်အပေါက်ဖောက်ခြင်း

ဆေးကြောင့် ပိုတက်စီယမ်ဆုံးရှုံးခြင်း

  • ဆီးဆေးများ
  • ပန်းနာရင်ကြပ်နှင့် အဆုတ်ရောဂါအတွက် သုံးသော ဆေးဝါးများ ( လေပြွန်ကျယ်ဆေး၊ စတီးရွိုက်နဲ့ သီအိုဖိုင်လင်းလိုမျိုး ဘီတာသက်ရောက်မှုအားကောင်းစေသောဆေးများ)
  • အမိုင်နိုဂလိုက်ကိုဆိုက်လိုမျိုး ပဋိဇီဝဆေးဝါးများ

ဆဲလ်အတွင်းဆဲလ်အပြင် ပိုတက်စီယမ်သွင်းလိုက်၊ ထုတ်လိုက်လုပ်တာကလဲ သွေးတွင်းပိုတက်စီယမ်နည်းစေပါတယ်။

  • အင်ဆူလင်
  • အယ်ကာလိုစစ်လိုမျိုး ဇီဝဖြစ်စဉ်များ

အစားနည်းခြင်း၊ အာဟာရမပြည့်ဝခြင်း

  • ခံတွင်းပျက်ခြင်း
  • အစာစားရမှာကြောက်ခြင်း
  • ကိုယ်အလေးချိန်ကျစေသော ခွဲစိတ်မှုများ
  • အရက်သောက်များခြင်း

အန္တရာယ်ရှိအချက်များ

မိန်းမတွေနဲ့ အာဖရိကန်အမေရိကန်လူမျိုးတွေမှာ ပိုတက်စီယမ်နည်းနိုင်ခြေ များပါတယ်။ ပိုတက်စီယမ်နည်းခြင်းနဲ့ ပတ်သတ်ပြီး သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

low potassium (ပိုတက်စီယမ်နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

တစ်ခါတစ်ရံမှာ ပိုတက်စီယမ်ကို ဘာတွေကနည်းစေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ကျောက်ကပ်ပြွန်အက်စစ်ပေါက်ခြင်း၊ Cushing’s syndrome နှင့် သွေးတွင်းကယ်ဆီယမ်နည်းခြင်းလိုမျိုး အခြားအခြေအနေတွေကို သိရှိစေဖို့ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

  • လျှပ်လိုက်ပစ္စည်းတွေမညီမျှခြင်းရှိမယ်လို့ သံသယရှိမယ်ဆိုရင် ပိုတက်စီယမ်၊ ဂလူးကို့စ်၊ မက်ဂနီစီယမ်၊ ကယ်ဆီယမ်၊ ဖော့စ်ဖရပ်နဲ့ ကျောက်ကပ်စွမ်းရည် (BUN နှင့် Creatinine) တို့သိရှိဖို့ သွေးစစ်စေပါလိမ့်မယ်။
  • ပိုတက်စီယမ်နည်းခြင်းဟာ နှလုံးစည်းချက်မမှန်ခြင်းကိုဖြစ်စေတာကြောင့် Digitalis ဆေးတွေသုံးနေမယ်ဆိုရင် သွေးတွင်းDigoxinပမာဏကို စစ်ဆေးစေပါလိမ့်မယ်။
  • ပိုတက်စီယမ်နည်းခြင်းကြောင့် ဖြစ်နိုင်သော နှလုံးလျှပ်စစ်စီးကြောင်းပြောင်းလဲခြင်းနှင့် နှလုံးစည်းချက်မမှန်ခြင်းတွေ သိရှိဖို့ ECG ဒါမှမဟုတ် နှလုံးထောက်လှန်းခြင်း စစ်ဆေးမှုတွေကို ပြုလုပ်စေပါလိမ့်မယ်။

low potassium (ပိုတက်စီယမ်နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနာ့ရောဂါ အမျိုးအစားနဲ့ ပြင်းထန်မှုပေါ်လိုက်ပြီး ပိုတက်စီယမ်ပြန်လည်ဖြည့်တင်းခြင်းကုသမှုတွေကို ပြုလုပ်သွားမှာပါ။ ဓါတ်ခွဲခန်းအဖြေထွက်ပြီးဆိုတာနဲ့ ကုသမှုကို စတင်ပါတယ်။

ပိုတက်စီယမ်ဆိုးဆိုးရွားရွားနည်းနေတယ်လို့ သံသယရှိတဲ့လူတွေဆိုရင် နှလုံးထောက်လှမ်းရေးစက်တွေနဲ့ထားဖို့လိုအပ်ပြီး စစချင်းမှာ အကြောအတွင်းထိုးသွင်းဖို့လိုပါတယ်။

များသောအားဖြင့် မပြင်းထန်နဲ့ အလယ်အလတ်ပိုတက်စီယမ်နည်းသူတွေ(2.5-3.5 mEq/L)၊ ရောဂါလက္ခဏာမပြတဲ့လူတွေ၊ အနည်းငယ်သာရောဂါလက္ခဏာခံစားရသူတွေဆိုရင် ပိုတက်စီယမ်ကို ဆေးတောင့်၊ ဆေးရည်တို့ဖြင့်သာ ပေးဖို့လိုအပ်ပါတယ်။ ထိုနည်းလမ်းကို ကြိုက်လည်းကြိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပေးဖို့လွယ်ကူခြင်း၊ ဘေးကင်းခြင်း၊ ဈေးမကြီးခြင်းနဲ့အစာ၊အူလမ်းကြောင်းကနေ အလွယ်တကူစုပ်ယူနိုင်ခြင်းတို့ကြောင့်ပါ။ ဆေးပမာဏအရမ်းများတာတွေနဲ့ အချို့ဆေးတွေဆိုရင်တော့ အစာအိမ်ကို နှောက်ယှက်ပြီး အော့အန်စေပါတယ်။ သွေးတွင်းပိုတက်စီယမ် 2.5mEq/L ထက်နည်းနေမယ်၊ နှလုံးစည်းချက်မမှန်ခြင်းနှင့် အခြားသိသာထင်ရှားတဲ့လက္ခဏာတွေ ပြနေပြီဆိုရင် ပိုတက်စီယမ်ကို အကြောထဲထိုးသွင်းဖို့လိုပါပြီ။ ထိုအခြေအနေမျိုးတွေမှာ အရေးပေါ်ဌာနကိုပြသသင့်ပါတယ်။ ဆိုးရွားတဲ့ နှလုံးဘေးထွက်ဆိုးကျိုးတွေနဲ့ အကြောသွင်းတဲ့နေရာမှာ ဒုက္ခမဖြစ်ရအောင် ဖြည်းဖြည်းချင်းသွင်းရတဲ့အတွက်ကြောင့် နာရီပေါင်းများစွာကြာနိုင်ပါတယ်။ ပိုတက်စီယမ်တွေ ဆိုးရွားစွာနည်းနေပြီး ရောဂါလက္ခဏာတွေကလည်းစိုးရိမ်ရမယ်ဆိုရင် အကြောဆေးသွင်းဖို့ကော၊ ပါးစပ်ကသောက်ဖို့ကော လိုအပ်ပါပြီ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ပိုတက်စီယမ်နည်းခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေကဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက ပိုတက်စီယမ်နည်းခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

ပိုတက်စီယမ်နည်းခြင်းအတွက် မိမိကိုယ်ကို အိမ်တွင်ဂရုစိုက်ခြင်း

  • ပိုတက်စီယမ်နည်းနေမယ်ဆိုရင် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အချိန်ကြာကြာပြုလုပ်ခြင်းမှရှောင်ကျဉ်ပါ။ ဘာကြောင့်လဲဆိုတော့ ချွေးနဲ့အတူပိုတက်စီယမ်တွေ ပါသွားနိုင်လို့ပါ။
  • ဖြည့်စွက်အာဟာရတွေ၊ ဘယဆေးတွေ၊ ဆီးဆေးတွေနဲ့ ဝမ်းနုတ်ဆေးတွေကြောင့် ပိုတက်စီယမ်နည်းမယ်ဆိုရင် ထိုဆေးတွေကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပြီး ရှောင်ကျဉ်ပေးပါ။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းမပြုဘဲ ဆေးမဖြတ်ပါနှင့်။
  • မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 8, 2018

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။