backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

7

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Late Period (ရာသီမမှန်ခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Late Period (ရာသီမမှန်ခြင်း) ကဘာလဲ။

လစဉ်ဓမ္မတာမမှန်ခြင်းကိုခေါ်တတ်ပြီး တစ်ချိန်တည်းမှာ သုံးကြိမ်ရာသီမလာပါက ရာသီပျောက်တယ်လို့ ဆိုကြပါတယ်။

ရာသီပျောက်ရခြင်းအကြောင်းအများစုကတော့ ကိုယ်ဝန်ရှိတာဖြစ်ပြီး တခြားအကြောင်းတွေကတော့ မျိုးပွားအင်္ဂါတွင်ပြဿနာဖြစ်ခြင်း၊ ဟော်မုန်းတွေကိုထိန်းညှိနေသော ဂလင်းများတွင်ပြဿနာဖြစ်ခြင်းတို့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် ထိုအကြောင်းအရင်းကို ကုသလိုက်ပါက ရာသီပြန်မှန်စေနိုင်ပါတယ်။

Late Period (ရာသီမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နိုင်ငံအလိုက်၊ လူမျိုးအလိုက် ဖြစ်နိုင်ချေကွဲပြားတယ်ဆိုတဲ့ သက်သေမရှိပါဘူး။ ဒါပေမယ့် စားသောက်မှုပုံစံ၊ နာတာရှည်ရောဂါတွေစတဲ့အချက်တွေကတော့ တွေးနေစရာမလိုအောင် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတက်စေတဲ့အခြေအနေတွေကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Late Period (ရာသီမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာကတော့ရာသီမပေါ်ခြင်းဖြစ်ပြီး အကြောင်းအရင်းတွေပေါ်မူတည်ကာ တခြားလက္ခဏာတွေခံစားရတတ်ပါတယ်။ ဥပမာ-

  • ရင်သားမှနို့ရည်များကျဆင်းခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း
  • မျက်နှာတွင်အမွှေးအမျှင်ထူလာခြင်း
  • ဆီးခုံနာကျင်ခြင်း
  • ဝက်ခြံများထွက်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါလက္ခဏာတွေတွေ့ရမယ်၊ သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Late Period (ရာသီမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရှင်သန်နေရင်းနဲ့ သာမန်အကြောင်းတွေတွေကြောင့် ရာသီမမှန်တာ၊ ပျောက်တာမျိုးတွေကြုံရတတ်ပါတယ်-

  • ကိုယ်ဝန်ရှိခြင်း
  • နို့တိုက်ခြင်းနဲ့
  • သွေးဆုံးခြင်းတွေပေါ့။

အမျိုးသမီးအများစုက ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ ရက်ခြားတတ်ပါတယ်။ ဒါပေမယ့် ၂၁ ရက်ကနေ ၃၅ ရက်အထိခြားလို့ရပါတယ်။ ထိုကွာခြားချက်တွေလိုမဟုတ်ဘူးဆိုရင်တော့ ဒီအချက်တွေထဲကတစ်ချက်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။

  • စိတ်ဖိစီးမှု- စိတ်ဖိစီးမှုဟာ ဟော်မုန်းတွေကိုဂယောက်ဂယက်ဖြစ်စေနိုင်ပြီး hypothalamus ဟုခေါ်သော ရာသီလာခြင်းကိုထိန်းချုပ်သောဦးနှောက်ပိုင်းကိုပင် ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုဟာ သင့်ကိုယ်အလေးချိန်ကိုပြောင်းလဲစေခြင်း၊ နာမကျန်းဖြစ်စေခြင်းတို့ဖြင့်လည်း ရာသီလာခြင်းကိုထိခိုက်မှုရှိစေနိုင်ပါတယ်။ တကယ်လို့ စိတ်ဖိစီးမှုကြောင့် ရာသီလာခြင်းထိခိုက်တယ်လို့ထင်ပါက စိတ်လျှော့ချအပန်းဖြေပြီး နေထိုင်မှုပုံစံတချို့ပြောင်းလဲလိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းကလည်း အကူအညီဖြစ်နိုင်ပါတယ်။
  • အလေးချိန်ကျခြင်း – အစားအသောက်ပုံမှန်မဟုတ်သော အမျိုးသမီးတွေမှာလည်း ရာသီပျောက်တတ်ပါတယ်။ ပုံမှန်လို့သတ်မှတ်ထားတဲ့အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်နည်းနေခြင်းဟာ သင့်ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်ရွက်ခြင်းတွေကိုပြောင်းလဲစေနိုင်ပြီး သားဥကြွေခြင်းကိုရပ်တန့်စေပါတယ်။ ဒါကြောင့်စားသောက်မှုပုံစံပြောင်းပြီး အလေးချိန်တိုးလာခြင်းဖြင့် ရာသီလာခြင်းကိုပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။
  • အဝလွန်ခြင်း – အလေးချိန်နည်းသလိုပဲ အလေးချိန်များလွန်းခြင်းဟာလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့အဝလွန်ခြင်းကြောင့် ရာသီပျောက်တာဆိုရင်တော့ ဆရာဝန်က စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုတွေအကြံပေးပါလိမ့်မယ်။
  • PCOS- PCOS ဆိုတာ ခန္ဓါကိုယ်ကနေ အဖိုဟော်မုန်းများထုတ်စေသောအခြေအနေဖြစ်တယ်။ ထိုကဲ့သို့ဟော်မုန်းမညီမျှမှုကြောင့် သားဥအိမ်တွေမှာ အရည်အိတ်တွေဖြစ်ပေါ်လာပါတယ်။ ထိုအရည်အိတ်တွေကြောင့် သားဥကြွေခြင်းမူမမှန်တာမျိုး၊ ရပ်တန့်သွားတာမျိုးဖြစ်လာပါတယ်။ PCOS ကြောင့် တခြားသောဟော်မုန်းများ၊ ဥပမာ- အင်ဆူလင် ထုတ်လုပ်မှုပုံမှန်မဟုတ်ခြင်းမျိုးလည်းဖြစ်လာတတ်တယ်။ PCOS ရဲ့ကုသမှုကတော့ ခံစားရတဲ့လက္ခဏာတွေကို သက်သာစေဖို့ဦးတည်ပါတယ်။ ရာသီစက်ဝန်းမှန်ဖို့ကိုတော့ သန္ဓြေတားဆေးကဲ့သို့ဆေးများညွှန်ပါလိမ့်မယ်။
  • သန္ဓြေတားခြင်း – သန္ဓြေတားထားတဲ့အခါ ဒါမှမဟုတ် သန္ဓြေတားခြင်းကိုရပ်လိုက်တဲ့အခါမှာလည်း ရာသီမမှန်တာမျိုးကြုံရတတ်ပါတယ်။ သန္ဓြေတားဆေးမှာ estrogen နဲ့ progestin လို့ခေါ်တဲ့ဟော်မုန်းတွေပါပြီး ထိုဟော်မုန်းတွေကသားဥကြွေခြင်းကိုတားပါတယ်။ ထိုဆေးတွေရပ်ပြီး ရာသီပုံမှန်ပြန်ဖြစ်ဖို့ ခြောက်လလောက်ကြာတတ်ပါတယ်။ တခြားသောသန္ဓြေတားနည်းတွေကလည်း ရာသီလာခြင်းရပ်တန့်စေတတ်ပါတယ်။
  • နာတာရှည်ရောဂါများ – ဆီးချိုသွေးချို၊ အူဆိုင်ရာရောဂါများကဲ့သို့ နာတာရှည်ရောဂါများကလည်း သင့်ရာသီစက်ဝန်းကိုထိခိုက်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်ပြောင်းလဲမှုဟာ ဟော်မုန်းအပြောင်းအလဲနဲ့ဆက်နွယ်နေတတ်ပြီး သေချာစောင့်ရှောက်မှုမရှိတဲ့ ဆီးချိုသွေးချိုရောဂါဟာ ရာသီလာခြင်းကိုပုံမှမဟုတ်ဖြစ်စေတယ်။ အူဆိုင်ရာရောဂါတွေကြောင့် အူသိမ်ရောင်ရမ်းတဲ့အခါမှာလည်း ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိုမစုပ်ယူနိုင်တာကြောင့် ဓမ္မတာလာခြင်းကိုထိခိုက်စေနိုင်ပါတယ်။
  • စောစီးစွာသွေးဆုံးခြင်း – အမျိုးသမီးအများစုဟာ အသက် ၄၅-၅၅ ကြားလောက်မှာမှသွေးဆုံးတတ်ပါတယ်။ အသက် ၄၀ တဝိုက်မှစပြီး သွေးဆုံးလက္ခဏာတွေပြနေရင်တော့ စောစီးစွာသွေးဆုံးတယ်လို့ခေါ်ပါတယ်။ သားဥမကြွေနိုင်တော့တာကြောင့် ရာသီလာခြင်းပုံမှန်မဟုတ်တော့ဘဲ နောက်ဆုံးရပ်တန့်သွားတတ်ပါတယ်။
  • သိုင်းရွိုက်ပြဿနာများ – သိုင်းရွိုက်အလုပ်ပိုလုပ်တာ၊ အလုပ်လျော့လုပ်တာကြောင့်လည်း ရာသီလာခြင်းထိခိုက်တတ်ပါတယ်။ သိုင်းရွိုက်ဟာ ခန္ဓါကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကိုထိန်းချုပ်ပေးတာကြောင့် ဟော်မုန်းပမာဏတွေလည်း ထိခိုက်သွားနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာတွေဟာ ဆေးကုသလို့ရပြီး ကုသအပြီးမှာ သင့်ရာသီလာခြင်းပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

ဖြစ်နိုင်ခြေများ

Late Period (ရာသီမမှန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အားပေးသောအခြေအနေများ

  • မိသားစုရာဇဝင် – တကယ်လို့ မိသားစုထဲမှာရှိတဲ့ တခြားအမျိုးသမီးမှာ ရာသီပျောက်ခြင်းကြုံဖူးတယ်ဆိုရင် သင့်မှာလည်းထိုကဲ့သို့ကြုံရနိုင်ချေများပါတယ်။
  • စားသောက်မှုပုံစံ – စားသောက်မှုပုံစံမမှန်တာ၊ အစားအသောက်ပျက်တာမျိုးရှိရင် ရာသီပျောက်နိုင်ချေများပါတယ်။
  • အားကစားသမားများ – ပြင်းထန်သော အားကစားများကြောင့်လည်း ဓမ္မတာလာခြင်းပျောက်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Late Period (ရာသီမမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ဘယ်လိုသိရှိနိုင်မလဲ

ဆရာဝန်ကတခြားသော မျိုးပွားအင်္ဂါပြဿနာတွေဟုတ်မဟုတ်သိရဖို့ တင်ပါးဆုံရိုးဆိုင်ရာစမ်းသပ်စစ်ဆေးမှုများလုပ်ပါလိမ့်မယ်။ ရာသီတစ်ခါမှမလာဖူးသေးသူဆိုရင်တော့ တကယ်အပျိုဖော်ဝင်စပြုပြီလားသိရအောင် ရင်သားနဲ့၊ တခြားမျိုးပွားအင်္ဂါစမ်းသပ်မှုများလုပ်ပါလိမ့်မယ်။

ရာသီပျောက်ခြင်းဟာ ရှု့ပ်ထွေးတဲ့ဟော်မုန်းပြဿနာတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်တာကြောင့် အခြေခံပြဿနာကိုသိရဖို့ တစ်မျိုးထက်ပိုတဲ့စစ်ဆေးစမ်းသပ်မှုတွေလိုပြီး အချိန်လည်းကြာနိုင်ပါတယ်။

ဓါတ်ခွဲစစ်ဆေးမှု

သွေးစစ်ဆေးမှုအမျိုးမျိုးလိုနိုင်တယ်။

ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း – ဒါဟာပထမဆုံးလုပ်ရမယ့် စစ်ဆေးမှုဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်လုပ်ဆောင်ချက်စစ်ဆေးခြင်း – သွေးတွင်း TSH ဟော်မုန်းပမာဏစစ်ဆေးပြီး သိုင်းရွိုက်အလုပ်လုပ်ခြင်းကို စစ်ဆေးပါလိမ့်မယ်။

သားဥအိမ်စစ်ဆေးခြင်း – သွေးတွင်း FSH ဟော်မုန်းပမာဏစစ်ဆေးပြီး သားဥအိမ်များအလုပ်လုပ်ခြင်းကို ဆုံးဖြတ်ပါလိမ့်မယ်။

Prolactin ပမာဏ – prolactin ဟော်မုန်းပမာဏနည်းနေခြင်းဟာ pituitary ဂလင်းအကျိတ်ရှိခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

အဖိုဟော်မုန်းစစ်ဆေးခြင်း – တကယ်လို့ မျက်နှာမှာ အမွှေးအမျှင်တွေထူလာမယ်၊ အသံတွေပြောင်းလာမယ်ဆိုရင်တော့ ဆရာဝန်က သွေးတွင်းအဖိုဟော်မုန်းစစ်ဆေးပါလိမ့်မယ်။

ပုံရိပ်ရိုက်ကူးစစ်ဆေးခြင်း

လက္ခဏာတွေနဲ့ သွေးအဖြေတွေပေါ်မူတည်ပြီး ပုံရိပ်ရိုက်ကူးစစ်ဆေးမှုတစ်မျိုး သို့ တစ်မျိုးထက်ပိုပြီးလုပ်ရနိုင်ပါတယ်။ အဲ့ဒါတွေကတော့-

အာထရာဆောင်း – အသံလှိုင်းများကိုသုံးကာ ကိုယ်တွင်းအင်္ဂါများကိုစစ်ဆေးသည့်နည်းဖြစ်ပြီး တစ်ကြိမ်မှရာသီမလာဖူးသေးပါက ကိုယ်တွင်းမျိုးပွားအင်္ဂါများကောင်းမကောင်း အာထရာဆောင်းသုံးပြီး စစ်ဆေးပါလိမ့်မယ်။

စီတီစကင် – ကိုယ်တွင်းအင်္ဂါများကို အဘက်ဘက်မှ ပုံရိပ်ရိုက်ယူပြီး ပုံဖော်ကြည့်ရှုသောနည်းဖြစ်တယ်။ သားအိမ်၊ သားဥအိမ်၊ ကျောက်ကပ်တို့ ပုံမှန်ရှိမရှိစစ်ဆေးရန်သုံးနိုင်ပါတယ်။

အမ်အာအိုင် – ရေဒီယိုသံလိုက်လှိုင်းများကိုသုံးကာ ခန္ဓါကိုယ်အတွင်းရှိ တစ်သျှူးများရဲ့ပုံရိပ်များကို အသေးစိတ်ရိုက်ကူးသောနည်းဖြစ်တယ်။ pituitary ဂလင်းမှာ အကျိတ်ရှိမရှိစစ်ဆေးရန်ရိုက်ကူးကောင်းရိုက်ကူးရပါလိမ့်မယ်။

Late Period (ရာသီမမှန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ ရာသီပျောက်စေသော အကြောင်းအရင်းပေါ်မူတည်နိုင်တယ်။ တချို့အခြေအနေတွေမှာ သန္ဓြေတားဆေး၊ ဟော်မုန်းကုသမှု စသည်တို့နဲ့ ရာသီစက်ဝန်းပြန်စအောင် လုပ်နိုင်ပြီး သိုင်းရွိုက် သို့ pituitary ဂလင်းကြောင့်ဖြစ်ပါက ဆေးကုသဖို့လိုပါလိမ့်မယ်။ တကယ်လို့ အကျိတ် သို့ အစိတ်အပိုင်းတစ်ခုခုကြောင့်ဖြစ်ပါက ခွဲစိတ်ကုသရန် လိုကောင်းလိုနိုင်ပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးနည်းများ

တချို့သောနေထိုင်မှုပုံစံတွေ- ဥပမာ- လေ့ကျင့်ခန်းအလုပ်များခြင်း၊ အစားနည်းခြင်းတွေကြောင့် ရာသီပျောက်နိုင်တယ်။ ဒါကြောင့် လှုပ်ရှားမှုပုံမှန်သာလုပ်ပြီး အနားယူဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကိုလည်းလျှော့ချပါ။ မိမိဖာသာ စိတ်ဖိစီးမှုတွေမလျှော့နိုင်ပါက မိသားစု၊ သူငယ်ချင်းနဲ့ ဆရာဝန်ကိုတိုင်ပင်အကူအညီတောင်းပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement