Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ကဘာလဲ။

ကလေးဆီးချိုရောဂါသည် သကြားဓာတ်ကို ဆဲလ်ထဲသို့ သွင်းပြီး စွမ်းအင်ထုတ်နိုင်ရန် လိုအပ်သော ဟော်မုန်းဖြစ်သော အင်ဆူလင်ဟော်မုန်းကို မုန့်ချိုအိတ်မှ မထုတ်နိုင်သော သို့မဟုတ် နဲနဲပဲထုတ်နိင်သော အခြေအနေဖြစ်သည်။

ဆီးချို အမျိုးအစား ၂ သည် ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို လုံလောက်စွာမထွက်သည့် အခါ သို့မဟုတ် အင်ဆူလင်ဟော်မုန်းကို မတုံ့ပြန်သည့်အခါ တွင် ဖြစ်သည်။

များစွာသော အကြောင်းရင်းများကြောင့် ဆီးချို အမျိုးအစား ၁ ကို ဖြစ်စေနိုင်သည်။ မျိုးရိုးဗီဇဆိုင်ရာအကြောင်းရင်းများနှင့် ဗိုင်းရပ်စ်ပိုးအချို့ကြောင့် ဖြစ်နိုင်သည်။ ဆီးချိုအမျိုးအစား ၁ သည် ကလေးများနှင့် လူငယ်များတွင် အဖြစ်များသော်လည်း လူကြီးများတွင်လည်း ဖြစ်နိုင်သည်။

သုတေသနများစွာပြုလုပ်ထားသော်လည်း ဆီးချိုအမျိုးအစား ၁ ကိုပျောက်ကင်းအောင် မကုသနိုင်သေးပါ။ သို့သော် ၎င်းကို သက်သာစေရန် ထိန်းချုပ်ထားနိုင်သည်။ ကောင်းစွာ ကုသထားလျှင် ဆီးချိုအမျိုးအစား ၁ ရှိသော်လည်း အသက်ရှည်ရှည် နေနိုင်ကြသည်။  ယခင်က ဆီးချိုရှိသောလူများထက် ကျန်းကျန်းမာမာပိုနေနိုင်ကြသည်။

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကလေးတွင် ဖြစ်သောဆီးချိုရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများကို လျော့ချခြင်းအားဖြင့် ဖြစ်ပွားနှုန်းကို လျော့စေနိုင်သည်။ ပိုမို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကလေးတွင်ဖြစ်သော ဆီးချို ရောဂါလက္ခဏာများသည် အဘယ်နည်း။

အောက်ပါ ရောဂါလက္ခဏာများရှိနိုင်ပါသည်။

– ရေသောက်များခြင်း

– မကြာခဏဆီးသွားခြင်း

– ယခင်က မဖြစ်ဖူးပဲ ကလေးများ အိပ်ရာထဲတွင်သေးပေါက်ချခြင်း

– ဗိုက်အလွန်ဆာတတ်ခြင်း

– ကိုယ်အလေးချိန်ကျခြင်း

– စိတ်တိုတတ်ခြင်း နှင့် အခြား စိတ်အပြောင်းအလဲများ

– အားနည်းမောပန်းခြင်း

– မျက်လုံးေ၀၀ါးခြင်း

-အမျိုးသမီးများတွင် မိန်းမကိုယ်တွင် မှိုစွဲရောဂါဖြစ်ခြင်း

အထက်တွင် မဖော်ပြထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ ထို့ကြောင့် သင့်တွင် ရောဂါလက္ခဏာနှင့် ပတ်သတ်ပြီး စိုးရိမ်စိတ်ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါ လက္ခဏာများ ရှိပါက သို့မဟုတ် မေးမြန်းလိုသည်များ ရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်သည် တုံ့ပြန်မှု မတူညီသောကြောင့် သင့်အတွက် အကောင်းဆုံး အဖြေကို ရနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားရသော အကြောင်းရင်း အတိအကျကို မသိကြသေးပေ။ ဆီးချိုအမျိုးအစား ၁ ရှိသော လူအများစုတွင် ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ပန်ခရိယ မှ အင်ဆူလင်ထုတ်သော ဆဲလ်များကို မှားယွင်းဖျက်ဆီးမိနေခြင်းကြောင့် ဖြစ်သည်။ ဆဲလ်အရေအတွက်များစွာ ပျက်စီးသွားပါက အင်ဆူလင်ကို လုံလောက်အောင် ထုတ်နိုင်တော့မည် မဟုတ်ပေ။

ထိုဆီးချိုရောဂါတွင် ဂလူးဂို့စ်ကို ဆဲလ်အတွင်းသို့ဝင်နိုင်စေရန် အင်ဆူလင် မရှိပေ။ ထိုအခါတွင် သကြားဓာတ်သည် သွေးထဲမှာပင် ရှိနေပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများ ဖြစ်လာနိုင်သည်။

မျိုးရိုးဗီဇသည် ထိုဆီးချိုရောဂါအတွက် အရေးကြီးသော အရာတစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ကဲ့သို့သော ပြင်ပမှ အကြောင်းရင်းတစ်ခုခုကြောင့် ရောဂါကို ဖြစ်စေရန် ပြောင်းလဲသွားနိုင်သည်။

၎င်းဆီးချိုရောဂါ၏ အကြောင်းရင်းများသည် ဆီးချို အမျိုးအစား ၂ ကို ဖြစ်စေသောအကြောင်းရင်းများနှင့် ကွဲပြားသည်။ ဆီးချို အမျိုအစား ၂ တွင် ဆဲလ်များသည် အလုပ်လုပ်နေသော်လည်း ခန္ဓာကိုယ်သည် အင်ဆူလင်ကို တုံ့ပြန်မှု မပြုလုပ်တော့ခြင်း သို့မဟုတ်၊ ခန္ဓာကိုယ်မှ လုံလောက်သော အင်ဆူလင်ကို မထုတ်နိုင်ခြင်း တို့ဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ထိုအကြောင်းရင်းများတွင် အောက်ပါတို့ပါဝင်သည်။

   မိသားစု ရာဇ၀င်ရှိခြင်း။ မိဘတွင် သို့မဟုတ် မောင်နှမများတွင် ဆီးချိုအမျိုးအစား ၁ ရှိလျှင် ထိုသို့ ဖြစ်ပွားနိုင်ချေ များသည်။

–        မျိုးရိုးဗီဇ။ အချို့သော မျိုးရိုးဗီဇများကြောင့် ဆီးချိအမျိုးအစား ၁ ပိုဖြစ်စေနိုင်သည်။

–        ရေမြေအနေအထား။ ဆီးချို အမျိုးအစား ၁ သည် အီကွေတာနှင့် ဝေးသော ဒေသများတွင် ပိုအဖြစ်များသည်။

–        အသက်။ ဆီးချိုအများအစား ၁ သည် အသက်အရွယ်မရွေးတွင် ဖြစ်နိုင်သော်လည်း အဖြစ်များသော အချိန်များရှိသည်။ အသက် ၄ နှစ်မှ ၇ နှစ် အတွင်း နှင့် အသက်၁၀ နှစ်မှ ၁၄ နှစ်ကြားတွင် အဖြစ်အများဆုံး ဖြစ်သည်။

အခြားသော ဖြစ်နိုင်ချေကို များစေသော အကြောင်းရင်းများလည်း ရှာဖွေတွေ့ရှိထားကြသည်။ ၎င်းတို့မှာ

–        အချို့သော ဗိုင်းရပ်စ်ပိုးများကြောင့် (Epstein-Barr virus, Coxsackie virus, mumps virus, and cytomegalo virus)

–        နွားနို့ကို အသက်အရမ်းငယ်ချိန်တွင် တိုက်ခြင်း

–        ဗီတာမင် ဒီ နည်းခြင်း

–        နိုက်ထရိတ်ပါသော ရေကို သောက်ခြင်း

–        အသက် ၄ လမတိုင်ခင် သို့မဟုတ် အသက် ၇ လနောက်ပိုင်း ဆီရီရယ်နှင့် ကော်ပါသော အစားအစာများ ကလေးအာဟာရတွင်ပါခြင်း

–        ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း

–        မွေးစဉ်က အသားဝါခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်မှ အောက်ပါ စမ်းသပ်ချက်များကို ပြုလုပ်နိုင်ပါသည်။

သွေးထဲရှိ Glycated hemoglobin A1 C ကိုစစ်ဆေးခြင်း

သွေးစစ်ခြင်းဖြင့် သင့် သွေးထဲရှိ သကြားဓာတ် ကို လွန်ခဲ့သော ၂ လမှ ၃ လအထိ တိုင်းတာနိုင်သည်။ ၎င်းသည် သကြားဓာတ်သည် သွေးနီဥထဲတွင် အောက်ဆီဂျင်ကို သယ်ဆောင်သော ဆဲလ်တစ်မျိုးကို သွားရောက် ကပ်တွယ်ခြင်း ဖြစ်မဖြစ်ကို တိုင်းတာရာတွင် အသုံးပြုသည်။

သွေးထဲရှိ သကြားဓာတ်ကို စစ်ဆေးခြင်း

သွေးနမူနာကို အဆင်ပြေသည့် အချိန်တွင် ရယူနိုင်သည်။ သင်အစားကို နောက်ကျမှ စားထားပါစေ၊ သွေးထဲရှိ သကြားဓာတ်သည် 200 mg/dl (11.1 mmol/L) ထက်များနေလျှင် ဆီးချိုရှိသည်ဟု သတ်မှတ်သည်။ ဆီးမကြာခဏသွားခြင်းနှင့် ရေငတ်ခြင်းကဲ့သို့သော ဆီးချို၏ ရောဂါလက္ခဏာများ ရှိလျှင် ပိုသေချာသည်။

အစာဖြတ်ထားချိန်တွင် သွေးထဲရှိ သကြားဓာတ်ကို စစ်ဆေးခြင်း

အစားမစားပဲ တစ်ညနေပြီးနောက်တွင် သွေးနမူနာကို ရယူသည်။ သွေးထဲရှိ သကြားဓာတ်သည် 126 mg/dl (7 mmol/L) ထက်များနေလျင် ဆီးချိုရှိသည်ဟု သတ်မှတ်သည်။

ဆီးချို ရောဂါရှိသည်ဟု သတ်မှတ်ပြီးလျှင် သင့်ဆရာဝန်မှ အခြားသော သွေးစစ်ချက်များကို ပြုလုပ်ရန် ညွှန်ကြားနိုင်ပါသည်။ ဆီးချို အမျိုးအစား၁ တွင် အဖြစ်များသော ခန္ဓာကိုယ်မှ ထွက်သော ခုခံအားစနစ်မှ တိုက်ဖျက်နေသော ဆဲလ်များကို တိုင်းတာခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးခြင်း ဖြင့် ဆီးချို အမျိုးအစား ၁ နှင့် ၂ ကို ခွဲခြားနိုင်သည်။ အဆီများကို ဖြိုခွဲရာတွင် ထွက်လာသော ketone ကို ဆီးထဲတွင် တွေ့ရလျင်လည်း အမျိုးအစား ၁ ပိုဖြစ်နိုင်သည်။

Hemoglobin A1 C စစ်ဆေးခြင်း အပြင် ဆရာဝန်မှ သွေးနှင့် ဆီးစစ်ရန်လည်း ညွှန်ကြားပါလိမ့်မည်။ သွေးထဲတွင် ကိုလက်စထရောစစ်ခြင်း၊ လည်ပင်းမှ thyroid ၏အလုပ်ကို စစ်ဆေးခြင်း။ အသည်းစစ်ဆေးခြင်း၊ နှင့် ကျောက်ကပ်စစ်ဆေးခြင်းများလည်း ပြုလုပ်သည်။

ဆရာဝန်မှ သင့်ကို သွေးပေါင်ချိန်ချိန်ခြင်း၊ သွေးထဲမှ သကြားဓာတ်ကို တိုင်းတာခြင်းများကို ပြုလုပ်ပြီး အင်ဆူလင် ထိုးပေးပါလိမ့်မည်။

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။

–        အင်ဆူလင်ထိုးခြင်း

–        ကာဗိုဟိုက်ဒရိတ်ကို ကန့်သတ်ခြင်း

–        သွေးထဲရှိ သကြားဓာတ်ကို မကြာခဏ တိုင်းတာခြင်း

–        ကျန်းမာစေသော အစားအသောက်များ စားသုံးခြင်း

–        လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ဖြင့် ကိုယ်အလေးချိန်ထိန်းခြင်း

သင့်သွေးထဲရှိ သကြားဓာတ်ကို ပုံမှန်အနေအထားခန့်ရှိစေရန် ထိန်းသိမ်းခြင်းဖြင့် နောက်ဆက်တွဲ ရောဂါများ မဖြစ်စေရန်ကာကွယ်နိုင်သည်။ နေ့ဘက်တွင် သကြားဓာတ်ကို 70-130 mg/dl (3.9 – 7.2 mmol/L) ခန့်တွင် ထိန်းထားသင့်ပြီး အစာစားပြီးနောက် နှစ်နာရီတွင် သကြားဓာတ်သည် 180 mg/dl (10 mmol/L)   ရှိသင့်သည်။

 

ဘ၀နေထိုင်နည်း ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ကျန်းမာသော ဘ၀ နေနည်းကို ထိန်းသိမ်းထားခြင်းဖြင့် ဆီးချိုရောဂါကို သက်သာစေနိုင်သည်။

–        သင့်ကို ညွှန်ကြားထားသည့် အတိုင်း ဆေးကို ပုံမှန်သောက်ပါ။ အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင် စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

–        သင့်ကိုယ်သင် သတိပေးပါ။ သင့်တွင် ဆီးချိုရောဂါရှိကြောင်း လက်ပတ်သို့မဟုတ် ကတ်ပြားဖြင့် ရေးပြီး သတိပေးပါ။ သွေးထဲတွင် သကြားဓာတ် ကျသောအခါ အရေးပေါ်သောက်ရန် glucagon kit ကို ဆောင်ထားပြီး သင့်အနားမှ လူများ အသုံးပြုတတ်စေရန် သင်ထားပေးပါ။

–        နှစ်စဉ် ကိုယ်ခန္ဓာကျန်မာခြင်းနှင့် မျက်လုံးကို စစ်ဆေးပါ။ ဆီးချိုအတွက် ပုံမှန်စစ်ဆေးမှုလုပ်ခြင်းသည် သင့်ကိုယ်ကာယ စစ်ဆေးမှုလုပ်ခြင်းနှင့် မတူပါ။ ဆရာဝန်မှ သင့်တွင် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါများ ရှိမရှိ စစ်ဆေးပါလိမ့်မည်။

–        ကာကွယ်ဆေးထိုးခြင်းကို ပုံမှန်ပြုလုပ်ပါ။ ဆီးချိုရောဂါသည် သင့်ကို ကိုယ်ခံအား ကျစေသည်။

–        ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနမှ ညွှန်ကြားထားသည့် အတိုင်း အသည်းရောင် အသားဝါ ကာကွယ်ဆေးထိုးရမည်။ သင့်အသက်အရွယ်အရ ကာကွယ်ဆေးထိုးခြင်း အတွက် ညွှန်ကြားမှု ရယူရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

–        သင့်ခြေထောက်ကို ဂရုစိုက်ပါ။ ရေနွေးနွေးဖြင့် ဆေးပေးပြီး အခြောက်ခံပါ။ ထိခိုက်ရှနာ၊များ ရှိမရှိ ပုံမှန်စစ်ဆေးပါ။ အနာမကျက်နိုင်သော အနာများရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

–        သင့်သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို ထိန်းချုပ်ထားပါ။ ကျန်းမာသော စားသောက်နေထိုင်နည်းများပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို ထိန်းချုပ်နိုင်သည်။

–        ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်း၊ အာရုံကြောပျက်စီးခြင်း၊ ကျောက်ကပ်ရောဂါများကို ဖြစ်နှုန်းများစေသည်။

–        အရက်သောက်ခြင်းသည် သွေးထဲရှိ သကြားဓာတ်ကို ပြောင်းလဲစေသောကြောင့် အတိုင်းအတာနှင့် သောက်သုံးပြီး သင့် သွေးထဲရှိ သကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။

–        စိတ်ဖိစီးမှုများ ဖြေရှင်းပါ။ စိတ်ဖိစီးမှုကြောင့် သင့်ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းများ ပြောင်းလဲနိုင်သောကြောင့် ဆီးချိုရောဂါကို ပိုဆိုးစေပါသည်။

–        အပြည့်အ၀ အိပ်ပြီး သက်တောင့်သက်သာနေပါ။ အလုပ်များကို အဆင်ပြေအောင် စီမံခန့်ခွဲပြီး အတိုင်းအတာနှင့် လုပ်ပါ။

သင့်တွင် မေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိစေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။