Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကဘာလဲ။

အူရောင်ရမ်းသော ရောဂါဆိုသည်မှာ နာတာရှည် ရောဂါဖြစ်ပြီး အူလမ်း ကြောင်းတစ်လျောက်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်ရမ်းနေခြင်းကို ခေါ်ပါသည်။ အူရောင်ရမ်းသောရောဂါကို Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း)နှင့် Crohn’s disease (ခရုမ်းရောဂါ)ဟု နှစ်မျိုးခွဲခြား နိုင်ပါသည်။ ယင်းရောဂါ နှစ်မျိုးစလုံးမှာ ရောဂါလက္ခဏာများ ထပ်တူညီလုနီးပါး ဖြစ်ပြီးခွဲခြားရန် ခက်ခဲပါသည်။ ရောဂါနှစ်မျိုးလုံးတွင် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျောခြင်း၊ ဗိုက်နာခြင်း၊ မောပန်းလွယ်ခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ထို့အပြင် အားအင်ကုန်ခမ်း မောပန်းခြင်းမှသည် အသက်အန္တရာယ် ထိခိုက် သည်အထိ နောက်ဆက်တွဲဆိုးကျိုးများလည်း ရှိနိုင်ပါသည်။

Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း)တွင် နာတာရှည် အူရောင်ရမ်းခြင်း အပြင် အူမကြီးနှင့် အစာဟောင်းအိမ် နေရာရှိအူအတွင်း နံရံများ၏ အပေါ်ဆုံး အလွာတွင် အနာများ ဖြစ်ပေါ်နေ ပါသည်။

Crohn’s disease (ခရုမ်းရောဂါ)တွင်မူ အူရောင် ရမ်းခြင်းသည် အပေါ်ဆုံးလွာ တွင်သာမက အောက်အလွာများ အထိပါ ပျံနှံနိုင် သကဲ့သို့ အူသိမ်ပိုင်းမှသည် အူမကြီးတလျောက်လုံ နေရာအနှံ ဖြစ်နိုင်ပါသည်။

Collagenous colitis နှင့် lymphocytic colitis တို့ကဲ့သို့ အူမကြီး ရောင်ရမ်းသည့် ရောဂါများသည်လည်း အူရောင်ရမ်းသည့် ရောဂါအုပ်စုတွင် ထည့်သွင်းကြပါသည်။

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မည်သည့် အသက်အရွယ်မဆို အူရောင်ရမ်းသော ရောဂါဖြစ်နိုင်ပြီး အသက် ၁၅နှစ်နှင့် ၄၀နှစ်ကြားတွင် အများအားဖြင့် တွေ့ရှိရပါသည်။ ပိုမိုသိရှိလိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူရောင်ရမ်းသော ရောဂါရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာ တွေကတော့

ရောင်ရမ်းနေသော အူအစိတ်အပိုင်းသည် ရေကိုကောင်းစွာ မစုပ်ယူ နိုင်သဖြင့် ဝမ်းလျောခြင်း၊ အူအနာများမှ သွေးထွက်သောကြောင့် ဝမ်းထဲတွင် သွေးစများ ပါခြင်း၊ အူပိတ်ခြင်းကြောင့် အစာအိမ်နာခြင်း၊ ဗိုက်ရစ်ခြင်း၊ လေပွခြင်း တို့အပြင် ကိုယ်အလေးချိန်လျော့ခြင်း နှင့် သွေးအားနည်းခြင်း တို့ကြောင့် ကလေးများတွင် ဖွံဖြိုးမှု့ နောက်ကျခြင်းတို့လည်း ဖြစ်နိုင်ပါသည်။

Crohn’s disease (ခရုမ်းရောဂါ) တွင်မူ ပါးစပ်တွင် အပူနာများဖြစ်တတ်ပြီး တစ်ခါတစ်ရံတွင် လိင်အင်္ဂါနားတဝိုက်နှင့် စအိုဝနားတွင် အက်ကွဲခြင်းများ တွေ့ရတတ်ပါသည်။

အူရောင်ရမ်းသော ရောဂါသည် တစ်ခါတစ်ရံတွင် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများအပြင် မျက်စိနာခြင်း၊ အရေပြားရောဂါများ၊ အဆစ်ရောင်ရမ်း ခြင်း တို့လည်းတွေ့ရှိနိုင် ပါသည်။ အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေ မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်အနေနဲ့ ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်းရှိနေခြင်းနှင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ လက္ခဏာတစ်ခုခု ခံစားနေရရခြင်း ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ အူရောင်ရမ်းသော ရောဂါသည် များသောအားဖြင့် သေစေနိုင် သောရောဂါ မဟုတ်သော်လည်း တစ်ခါတစ်ရံတွင် အသက်အန္တရာယ် ထိခိုက်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိတတ်ပါသည်။

အကြောင်းရင်းများ

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါဖြစ်စေသော အကြောင်းအရင်းကို သေချာစွာ မသိရှိရသေးပါ။ ယခင်က အစားအသောက်နှင့် စိတ်ဖိစီးမှု့များကြောင့် ဖြစ်သည်ဟု ယူဆခဲ့ကြ သော် လည်း ယင်းတို့မှာ ရောဂါကို ပိုဆိုးစေသော အကြောင်းများသာ ဖြစ်ပါသည်။

အခြားဖြစ်နိုင်သည့် အကြောင်းအရာတစ်ခုမှာ ကိုယ်ခံအားစနစ် ဖောက်ပြန်မှု့ ကြောင့် ဟုလည်း ယူဆရပါသည်။ အူလမ်းကြောင်းအတွင်း ဝင်ရောက်လာ သော ရောဂါပိုးမွားများကို ကိုယ်ခံအားက တိုက်ထုတ်ရန် ကြိုးစားရင်းဖြင့် အူနံရံရှိ ဆဲလ်များကိုပါ မှားယွင်းတိုက်ခိုက်မှု့ ဖြစ်ပြီး အူရောင်ရမ်းသည့် ရောဂါ ဖြစ်လာသည်ဟု ယူဆကြပါသည်။ ယင်းရောဂါကိုသားစု မျိုးရိုးရှိသော လူများတွင်လည်း တွေ့ရတတ်သော်လည်း ယင်းရောဂါ ဖြစ်သူ အများစုမှာမူ မျိုးရိုးလိုက်သော ရာဇဝင်မရှိတတ်ပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါ အချက်များသည် အူရောင်ရမ်းသော ရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေပါသည်

အချို့သူများသည် အသက်၃၀မတိုင်ခင် ဤရောဂါကို တွေ့ရှိကြသော်လည်း အချို့မှ အသက်၅၀ကျော် ၆၀မှသာတွေ့ရှိရခြင်း၊ ဂျာမန်ဂျူးစပ် လူဖြူများတွင် ပို၍တွေ့ရတတ်သော ရောဂါဖြစ်သော်လည်း လူမျိုးမရွေး ဖြစ်ပွားတတ်ခြင်း၊မိသားစု မျိုးရိုးထဲတွင် ယင်းရောဂါ ဖြစ်ထားသော ရာဇဝင်ရှိသူတွင် ဖြစ်နိုင်ခြေ ပိုများခြင်း၊ ဆေးလိပ်သောက်သူများတွင် Crohn’s disease (ခရုမ်းရောဂါ) ကို ပိုမိုတွေ့ရ တတ်သည်ဟု ဆိုကြပြီး မသောက်သူများတွင် Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း) ကိုပိုမိုတွေ့ရတတ်သည်ဟု ဆိုကြသော်လည်း ဆေးလိပ်သောက်ခြင်းမှ အခြားသော ကျန်မာရေးဆိုးကျိုး များလည်း ရှိသောကြောင့် ဆေးလိပ်ဖြတ်ရန်လိုအပ်ခြင်း၊ တိကျသေချာသော ဆက်စပ်မှု့ကို မတွေ့ရသေးသော်လည်း isotretinoin ဆိုသော ဝက်ခြံပျောက်ဆေး သုံစွဲသောသူ များတွင် အူရောင်ရမ်းသော ရောဂါပို ဖြစ်ကြခြင်း၊ စတီးရွိုက် မပါသော အကိုက်အခဲပျောက်ဆေးများသည်လည်း ယင်းရောဂါကို ပိုမိုဆိုးရွား စေသလို၊ ရောဂါဖြစ်နှုန်းလည်း တိုးလာခြင်း၊ မြို့နေသူများ၊ အဆီများသော အစားအစာများ၊ ပြန်လည် ပြုပြင်ထားသော အစားအစာများ စားသုံးသူများတွင် ပိုမိုတွေ့ရှိရခြင်း၊ ကမ္ဘာမြောက်ပိုင်းရှိ လူများတွင် ပိုမိုဖြစ်ပွားခြင်း တို့ကို တွေရှိရပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အူရောင်ရမ်းသော ရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် သင်၏ရောဂါ လက္ခဏာများကို မေမြန်းပြီးနောက် ဆရာဝန်သည် အူအတက် ရောင်ရမ်းခြင်း၊ အူမကြီးကင်ဆာ စသော ရောဂါလက္ခဏာ ဆင်တူသည့် အခြားသောရောဂါ များမှ ခွဲခြားနိုင်ရန် အောက်ပါဓါတ်ခွဲစမ်းသတ်မှု့များထဲမှ တစ်ခုချင်းသော်၎င်း၊ အားလုံးသော်၎င်း ပြုလုပ်ရန် ညွှန်ကြားပါလိမ့်မည်။

သွေးစစ်ဆေးခြင်း။ ။ သွေးစစ်ဆေးခြင်းတွင် သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် သွေးတွင် ပိုးဝင်ခြင်း လက္ခဏာရှိမရှိကို စစ်ဆေးပါမည်။

ဝမ်းတွင်သွေးပါမပါ စစ်ဆေးခြင်း။ ။ ဝမ်းနမူနာယူ၍ သာမန်မျက်စိနှင့် မမြင်နိုင်သော သွေးစများ ပါမပါကို စစ်ဆေးပါမည်။

အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း။ ။ သင်၏အူမကြီး တလျောက်ကို မှန်ပြောင်းဖြင့် ကြည့်ပြီးနောက် လိုအပ်သော နေရာများကို ယင်းမှန်ပြောင်းမှ တဆင့် အသားစယူပြီး ဓါတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးပါလိမ့်မည်။ အကယ်၍ ယင်းအသားစတွင် granulomasဟု ခေါ်သော ရောင်ရမ်းခြင်းကို ပြသသည့် ဆဲလ်များ တွေ့ရှိရပါက Crohn’s disease (ခရုမ်းရောဂါ) ကိုအတည်ပြု နိုင်ပါမည်။

အူမကြီးမှန်ပြောင်းကြည့်ခြင်း။ ။ sigmoid colon ဟုခေါ်သော အူမကြီး၏ နောက်ဆုံးပိုင်းကို သီးသန့်စစ်ဆေးသော မှန်ပြောင်းဖြင့်လည်း အသားစယူ စစ်ဆေးနိုင်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း။ ။ ဤနည်းလမ်းတွင် မှန်ပြောင်းကို ပါးစပ်မှတဆင့် မျိုချရပြီး အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် အပေါ်ပိုင်းကို စစ်ဆေးကြည့်ရှု့ နိုင်ပါသည်။ Crohn’s disease(ခရုမ်းရောဂါ) အတွက် စစ်ဆေးရာတွင်မှု အသုံးသိပ်မဝင်လှသော်လည်း ပျို့ခြင်း၊ အန်ခြင်း၊ မျိုချရန်ခက်ခဲခြင်း၊ ရင်ညွန်အောင့်ခြင်း စသည့် လက္ခဏာများ ရှိလျင်မှု စစ်ဆေးရပါမည်။

ဆေးတောင့်မြို၍ စစ်ဆေးခြင်း။ ။ Crohn’s disease(ခရုမ်းရောဂါ) ကို စစ်ဆေးအတည်ပြုရန် သုံးကြပါသည်။ ကင်မရာပါသော ဆေးတောင့်ကို မြိုချပြီး ယင်းကင်မရာမှ ပုံရိပ်ကို ကွန်ပြူတာဖြင့် ကြည့်ရှုကာ ရောင်ရမ်းနေ သော အူအစိတ်အပိုင်းကို ကြည့်ရှုနိုင်ပါသည်။ သို့သော် မှန်ပြောင်းဖြင့် အသားစယူကာ ထပ်မံစစ်ဆေးရန် လိုအပ်ပါသည်။

နှစ်ထပ်ဘောလုံးပါသော မှန်ပြောင်းဖြင့် စစ်ဆေးခြင်း။ ။ အစာအိမ်နှင့် အူလမ်း ကြောင်းကို စစ်ဆေးသော မှန်ပြောင်း မရောက်နိုင်သော အူအစိတ်အပိုင်း အထိ ရောက်ရှိနိုင်သော မှန်ပြောင်းအမျိုးအစား တစ်မျိုးကို အသုံးပြု စစ်ဆေးခြင်း ဖြစ်ပြီး ဆေးတောင့်မြို၍ တွေ့သော နေရာကို အသားစယူရန် အသုံးပြုကြ သော်လည်း တိကျသော ရောဂါရှာဖွေနိုင်စွမ်းမှာ မေးခွန်းထုတ်ဖွယ်ရာ အခြေ အနေတွင်သာ ရှိနေပါသေးသည်။

ပုံရိပ်ဖော် နည်းပညာများ

ရိုးရိုးဓါတ်မှန်။ ။ ပြင်းထန်သော လက္ခဏာများ ခံစားနေရလျင်မူ အန္တရာယ် ရှိသော နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်သည့် ရောဂါများ (ဥပမာ။ အူပေါက်ခြင်း) ကဲ့သို့ရောဂါ အခြေအနေတွင် ဗိုက်ကို ရိုးရိုးဓါတ်မှန်သာ ရိုက်ကြည့်ပြီး ရောဂါကို ဆုံဖြတ်ရပါသည်။

ကွန်ပြူတာ ဓါတ်မှန်။ ။ ရိုရိုးဓါတ်မှန်ထက် ပိုမိုတိကျသော အဖြေကို ပေးနိုင်ပါသည်။ အူလမ်းကြောင်း တခုလုံးကို ပုံရိပ်ဖော် စစ်ဆေးနိုင်သော နည်းပညာဖြစ်ပြီး အူသိမ်ပိုင်းများ၏ အခြေအနေကို တိကျသော ပုံရိပ်များ ထုတ်ပေးနိုင်ပါသည်။ ဗေရိယမ်ဆေးရည်မြိုပြီး ရိုက်ရသော ဓါတ်မှန်ကို အစားထိုးပြီး ယခုနည်းပညာဖြင့် အစားထိုးလာကြပြီဖြစ်ပါသည်။

သံလိုက်ဓါတ်မှန်။ ။ ကွန်ပြူတာ ဓါတ်မှန်နှင့် မတူဘဲ ဓါတ်ရောင်ခြည် သင့်သော အန္တရာယ် မရှိသည့် ပုံရိပ်ဖော် နည်းပညာ ဖြစ်ပြီး စအိုအနီးတဝိုက် အက်ကွဲကြောင်းများ ရှိမရှိကို နှင့် အူသိမ်ပိုင်း ရောဂါရှာဖွေရာတွင် အသုံးပြု ကြပါသည်။

ဗေရိယမ်ဆေးရည်မြိုပြီး ရိုက်ရသော ဓါတ်မှန်။ ။ အူသိမ်ပိုင်း ရောဂါရှာဖွေ ရာတွင် အသုံများခဲ့သော်လည် တိုးတက်လာသော နိုင်ငံများတွင်မူ ကွန်ပြူတာ ဓါတ်မှန်နှင့် သံလိုက်ဓါတ်မှန် နည်းပညာများကို အစားထိုး သုံးစွဲလာ ကြပါသည်။

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကို ဘယ်လိုကုသပါသလဲ

အူရောင်ရမ်းသောရောဂါကို များစွာသော ကုသနည်းများကို လိုအပ်သလို အသုံပြု ကုသနိုင်ပါသည်။

အရောင်ကျဆေးများသည် ကနဦးကုသမှု့များ အတွက် အသုံးဝင်ပါသည်။ သို့သော် ဘေးထွက်ဆိုးကျိုးများ ရှိသော sulfasalazine ကဲ့သို့ စတီးရွိုက်ဆေး များကိုလည်း လိုအပ်ပါက အသုံးပြုရပါသည်။

ကိုယ်ခံအားကျဆေးသော ဆေးများကိုလည်း ကိုယ်ခံအား စနစ်ဖောက်ပြန်မှု့ ကြောင့် ဖြစ်သော အူရောင်ရမ်းခြင်းများတွင် အသုံးပြုကြပါသည်။ သို့သော် ကိုယ်ခံအား ကျဆင်းသောကြောင့် ဘေးထွက်ဆိုးကျိုးများ အနေဖြင့် အင်ပြင် ထခြင်းနှင့် ပိုးဝင်ခြင်းများ ဖြစ်တတ်ပြီး ပိုးသတ်ဆေးများပေးပါက ရောဂါပိုဆိုး လာတတ်ပါသည်။

ဝမ်းပိတ်ဆေးများနှင့် ဝမ်းပျော့ဆေးများကို လူနာအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို အသုံးပြုရပါသည်။

စားသောက်မှု့ပုံစံ ပြောင်းလဲခြင်း (ဥပမာ။ ရေများများသာက်ခြင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ခြင်းသည်လည်း ရောဂါကို သက်သာစေပါသည်။) ၊

ဆေးလိပ်ဖြတ်ခြင်းနှင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်း တို့ကလည်း ကျန်းမာရေး ပိုမိုကောင်းမွန်ရန် အထောက်အကူ ပေးနိုင်ပါသည်။

ဗိုက်တာမင်နှင့် သတ္တုဓါတ်များ ပါသော အားဆေးများသည် သွေးအားနည်း လက္ခဏာများကို သက်သာစေနိုင်ပါသည်။

ခွဲစိတ်ကုသခြင်းများ ကိုလည်း လိုအပ်သလို လုပ်ဆောင်ရပါမည်။ အူကျဉ်းသော ဝေဒသည်များတွင် ပြန်ချဲ့ခြင်း၊ စအိုကွဲခြင်းတွင် ပြန်ပိတ်ခြင်း၊ Crohn’s disease(ခရုမ်းရောဂါ) တွင် ရောဂါဖြစ်နေသော အူအစိတ်အပိုင်းကို ဖြတိထုတ်ပစ်ခြင်း၊ ပြင်းထန်သော Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း) တွင် အူမကြီးနှင့် အစာဟောင်းအိမ် တစ်ခုလုံးကို ဖြတ်တောက်ပစ်ရခြင်းတို့ကို လိုအပ်သလို ပြုလုပ်ရပါသည်။

အူရောင်ရမ်းသော ရောဂါသည် ကင်ဆာရောဂါသို့ ပြောင်းတတ်သဖြင့် မှန်ပြောင်းကြည့် စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက အူရောင် ရမ်းသော ရောဂါကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးတွေ အသုံးပြု ခြင်းက အူရောင်ရမ်းသော ရောဂါနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အစားအသောက်။ ။ အူရောင်ရမ်းသော ရောဂါကို ဖြစ်စေသော အစားအ သောက်ဟူ၍ မရှိပါ။ သို့သော် ရောဂါကြွလာချိန်တွင် အချို့ အစားအစာနှင့် အချိုရည်များသည် ရောဂါ လက္ခဏာကို ပိုမိုဆိုးရွားစေပါသည်။ အောက်ပါ အစားအသောက် ဆိုင်ရာ အချက်အလက်များကို ဂရုစိုက်၍ မိမိနှင့် မတည့် သော အစာများကို မှတ်ထားပါ။

နို့ထွက် ပစ္စည်းများ လျော့၍ စားသုံးခြင်း။ ဤသို့ စားသုံးခြင်းသည် ဝမ်းပျက် ခြင်း၊ ဗိုက်နာခြင်းနှင့် လေပွခြင်းကို သက်သာစေပါသည်။ ဤလက္ခဏာ များမှာ နို့တွင် ပါဝင်သော လက်တို့သကြားဓါတ်ကြောင့် ဖြစ်ပြီး ယင်းကို ချေဖျက်ရန် လက်တေ့အင်ဇိုင်း ပါသော အစားအစာများလည်း စားသုံးနိုင်ပါသည်။

ဆီပါဝင်မှု့ လျော့ခြင်း။ ဆီပါဝင်သော အစားအစာများသည် Crohn’s disease (ခရုမ်းရောဂါ) တွင် ဝမ်းပျက်ခြင်းကို ပိုဆိုးစေသဖြင့် လျော့စားပါ။

အမျှင်ဓါတ်ပါဝင်သော အစာများကို လျော့ခြင်း။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အများစုမှာ အမျှင်ဓါတ်ပါဝင်မှု့ များပြားသောကြောင့် ဝမ်းပမာ ဏကို များပြားစေပါသည်။ ထို့ကြောင့် အူလမ်းကြောင်းကျဉ်နေသူ အဖို့ အဆင်မပြေနိုင်ပါ။ အကယ်၍ အစိမ်းစားသောက်ခြင်းကြောင့် ရောဂါ လက္ခဏာ ပိုဆိုးလာလျင် ချက်ပြုတ်စားသောက် နိုင်ပါသည်။ ဂေါ်ဖီထုတ်၊ ဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီထုတ်များ၊ ပြောင်းဖူးနှင့် အစေ့အဆန်များကိုလည်း လျော့စားရပါမည်။

အပူအစပ်၊ ကော်ဖီနှင့် အရက်သေစာများကလည်း သင်၏ရောဂါကို ပိုဆိုးစေပါမည်။ အစာကို အကြိမ်ရေများများနှင့် ပမာဏနည်းနည်းသာ စားသောက်ခြင်း ကလည်း သင့်ရောဂါကို သက်သာစေပါမည်။

အရည်များများသောက်ပါ။ အရည်ဟု ဆိုသော် ရိုးရိုးရေကို သောက်သုံး သင့်သည်။ အရက်နှင့် ကဖင်ဓါတ်ပါသောဖျော်ရည်များသည် အူလမ်းကြောင်း လှုပ်ရှားမှု့ကို ပိုများစေသဖြင့် ဝမ်းသွားစေပါလိမ့်မည်။ ထိုနည်းတူ gasပါသော အရည်များကြောင့်လည်း လေပွခြင်းပိုဆိုးနိုင်ပါသည်။

ဗီတာမင်အားဆေးများ သောက်ပါ။ disease (ခရုမ်းရောဂါ) တွင် အူမှ အစာစုပ်ယူမှုကို ဟန့်တားသဖြင့် လိုအပ်သော အဟာရကို အားဆေးများမှ အထောက်အကူ ပေးပါလိမ့်မည်။ သို့သော် ဆေးမသောက်ခင် ဆရာဝန်နှင့် တိုင်ပင်ပါ။

အဟာရပညာရှင်နှင့် ဆွေးနွေးပါ။ သင်သည် ရောဂါကြောင့် ကိုယ်အလေးချိန် ကျဆင်းခြင်း ဖြစ်လာနိုင်သဖြင့် သင်နေထိုင်စားသောက်ရမည့် ပုံစံကို အဟာရ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးလိပ်ဖြတ်ပါ။ disease (ခရုမ်းရောဂါ) တွင်ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါ ပြန်ကြွနိုင်သည့် အပြင် ထပ်မံခွဲစိပ်မှု့ ခံယူရန်အထိ ဖြစ်လာနိုင်ပါသည်။ ဆေးလိပ်ကြောင့် Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း)ကို ကာကွယ်နိုင်သည်ဟု ဆိုကြသော်ငြားလည်း ကောင်းကျိုးထက် ဆိုးကျိုးပိုများ သောကြောင့် ဆေးလိပ်ဖြတ်ပါ။

စိတ်ဖိစီးမှု့များကို လျော့ချပါ။ disease (ခရုမ်းရောဂါ)နှင့် စိတ်ဖိစီးမှု့တွင် တိကျသော ဆက်နွယ်မှု့ မရှိပါ။ သို့သော် လူနာအများစုတွင် စိတ်ဖိစီးမှု့ များချိန်တွင် ရောဂါပိုဆိုးလာတတ်ကြောင်းကို တွေ့ရှိရပါသည်။ ထို့ကြောင့် စိတ်ဖီစီးမှု့ကို လျော့ကျစေရန် အောက်ပါ အချက်များကို ပြုလုပ်ပါ။

ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းသည် စိတ်ဖိစီးမှု့ကို လျော့ကျစေရုံ မျှမက အူလမ်းကြောင်း လှုပ်ရှားမှု့ကို ကောင့်မွန်စေပါသည်။

စိတ်လေ့ကျင့်ခန်းများသည်လည်း စိတ်ဖိစီးမှု့ကို လျော့ပါးစေရုံသာမက ကြွက်သားများကို ပြေလျော့စေပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါ သည်။

တရားထိုင်ခြင်းနှင့် ယောဂကဲ့သို့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်လည်း စိတ်အပန်းပြေစေနိုင်သလို စာဖတိဝါသနာ ပါသူများအဖို့ အနားယူ စာဖတ်ခြင်းသည်လည်း ကောင်းကျိုးများ ရရှိန်ုင်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတ် 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 14, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။