Indigestion (အစာမကြေခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Indigestion ဆိုတာဘာလဲ။

Indigestion ကို အစာမကြေခြင်းလို့ ခေါ်ပြီး အစာအိမ် အူလမ်းကြောင်းအပေါ်ပိုင်း သက်တောင့်သက်သာမရှိခြင်း၊ နာကျင်ခြင်းကို ဆိုလိုပါတယ်။ Indigestion မှာ လေထခြင်း၊ ပျို့ခြင်း၊ လေချဉ်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေ ပါဝင်ပြီး အခံရှိတဲ့ ပြဿနာရဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။

Indigestion ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Indigestion ဟာ ရောဂါတစ်ခုမဟုတ်ပဲ မကျန်းမာတဲ့ အခြေအနေတစ်ခုဖြစ်ကာ လူတိုင်း အချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Indigestion ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Indigestion ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • လေပွခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်ပူခြင်း
  • အစာစားပြီး ဗိုက်အလွန်ပြည့်ခြင်း
  • ပါးစပ်အတွင်း အက်ဆစ်အရသာ ရခြင်း
  • ဗိုက်အောင့်ခြင်း
  • လေချဉ်တက်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ပြင်းထန်စွာ အန်ခြင်း၊ သွေးအန်ခြင်း
  • အကြောင်းပြချက်မရှိပဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • အစာမြိုရခက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မျက်လုံး၊ အသားဝါခြင်း
  • အသက်ရှူခက်ခဲခြင်း
  • ရင်ပူခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Indigestion ဖြစ်ပွားစေသလဲ။

အစာမကြေခြင်းဟာ ရောဂါတစ်ခုမဟုတ်ပဲ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အောက်ပါရောဂါတွေက အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • Gastro-esophageal reflux disease (GERD) – အက်ဆစ်တွေ အစာမြိုပြွန်ပေါ်ကို ပြန်တက်တဲ့ အခြေအနေဖြစ်ပြီး အက်ဆစ်တွေဟာ အစာပြွန်ကို ပျက်စီးစေနိုင်ပါတယ်။
  • အဝလွန်ခြင်းကြောင့် အစာမကြေခြင်း ဖြစ်နိုင်ပါတယ်။
  • စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်း
  • Irritable bowel syndrome (IBS) – အူပုံမှန်မဟုတ်ပဲ ကျုံ့ခြင်း
  • အစာအိမ် ရောဂါပိုးဝင်ခြင်း – Helicobacter Pylori
  • အစာအိမ် အနာဖြစ်ခြင်း – အစာအိမ် နံရံ ပါးခြင်း၊ အပေါက်ဖြစ်ခြင်း
  • အစာအိမ် ကင်ဆာ

အချို့ဆေးတွေကလည်း အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • အကိုက်အခဲပျောက်ဆေးများ
  • Nitrates ပါဝင်တဲ့ ဆေးများ (သွေးပေါင်ကျဆေး)
  • Estrogen နဲ့ ကိုယ်ဝန်တားဆေးများ
  • Steroid ဆေးများ
  • ပိုးသတ်ဆေးများ

Thyroid ဆေးများ

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Indigestion ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

နေ့စဉ် အပြုအမူ အကျင့်တွေဟာ အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ရောဂါအချို့နဲ့ ဖြစ်စေတဲ့ အကြောင်းရင်းတွေကြောင့်လည်း အစာမကြေခြင်း ဖြစ်နိုင်ပြီး အချို့အရာတွေက အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • အစား အများကြီး (သို့) အမြန်စားခြင်း

စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Indigestion ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်ဆရာဝန်က ရောဂါလက္ခဏာ မေးမြန်းခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ အစာအိမ်နဲ့ ရင်ခေါင်း စမ်းသပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်က အစာမကြေခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းရင်းတွေကို ဖယ်ထုတ်ပြီး သင့်အခြေအနေအကြောင်း ပိုမိုနားလည်စေဖို့ အောက်ပါ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။

  • မှန်ပြောင်း ကြည့်ခြင်း – ဒီစစ်ဆေးမှုကို ကုသမှုမတုန့်ပြန်တဲ့ လူနာတွေမှာ ပြုလုပ်ပြီး ကင်မရာတပ်ထားတဲ့ သေးငယ်တဲ့ မှန်ပြောင်းကို အစာအိမ်ထဲထည့်ကြည့်ခြင်း ဖြစ်ပါတယ်။
  • H pylori tests – စစ်ဆေးမှု အုပ်စု ဖြစ်ပြီး လူနာရဲ့ ပြင်းထန်မှုနဲ့ အခြားအချက်တွေပေါ်မူတည်ကာ Hpylori ရှာဖွေဖို့ အသုံးပြုတာဖြစ်ပါတယ်။ stool antigen test, breath test နဲ့ သွေးစစ်ဆေးမှုတွေ ပါဝင်ပါတယ်။
  • အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း – အသည်းက သည်းခြေရည်ကို ထုတ်ပေးပါတယ်။ သည်းခြေရည်က အဆီကို ဖြိုဖျက်ပါတယ်။ အသည်းပြဿနာရှိခြင်းဟာ သည်းခြေရည်မထုတ်နိုင်တာမို့ အစာမကြေခြင်း ဖြစ်နိုင်ပါတယ်။

X-rays, ultrasound – အစာအိမ်မှာ ပိတ်နေတာရှိလား ရှာဖွေဖို့ ဖြစ်ပါတယ်။

Indigestion ကို ဘယ်လိုကုသလဲ။

ကုသမှုဟာ အစာမကြေဖြစ်ခြင်းရဲ့ လက္ခဏာတွေကို လျှော့ချပေးပြီး နေသာစေပါတယ်။ အခြေခံ အကြောင်းရင်းကိုလည်း ကုသရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်က အခြေခံ အကြောင်းရင်းပေါ်မူတည်ပြီး အခြား ပံ့ပိုးပေးတဲ့ ကုထုံးတွေကိုပါ ညွှန်ကြားပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Indigestion ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Indigestion ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အစာစားတိုင်းမှာ သင့်လျော်တဲ့ပမာဏကိုသာစားပါ။
  • ညအချိန်အစာမကြေဖြစ်ခြင်းကို ခံစားရရင် ညဘက်အစာစားခြင်းကို ရှောင်ကျဉ်ပါ။
  • ရင်ပူစေတဲ့ အစပ်စာ၊ အဆီများတဲ့ အစားတွေကို ရှောင်ကျဉ်ပါ။
  • ဖြည်းညင်းစွာ စားပါ။
  • ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်လျှော့သောက်ပါ။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
  • ကော်ဖီ၊ အချိုရည်၊ အရက်သောက်ခြင်းကို လျှော့ပါ။
  • အစာအိမ်နံရံကို ထိခိုက်နိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အခြားဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး အစားထိုးပါ။
  • နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 4, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။