backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hypotension (သွေးပေါင်ကျခြင်း)


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypotension (သွေးပေါင်ကျခြင်း) ဆိုတာဘာလဲ

သွေးပေါင်ကျတယ်ဆိုတာကသွေးလွှတ်ကြောတွေ၊သွေးပြန်ကြောတွေကနေတဆင့်သွေးတွေစီးဆင်းမှုနည်းသွားတာကြောင့်ဖြစ်လာတဲ့ သွေးပေါင်ချိန်နည်းလာတဲ့လက္ခဏာတစ်ရပ်ပါ။သွေးကြောတွေထဲမှာသွေးစီးဆင်းမှု အရမ်းနည်းသွားတဲ့အခါ ဦးနှောက်၊နှလုံး နဲ့ကျောက်ကပ်တို့လိုမျိုး ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေရောက်ရှိမှုနည်းသွားနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်အလုပ်မလုပ်နိုင်တဲ့ အခြေအနေကိုရောက်ရှိသွားစေနိုင်သလို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးတာမျိုးအထိတောင်ဖြစ်စေနိုင်ပါတယ်။

သွေးပေါင်ကျတာက အချို့သူတွေမှာပြဿနာကြီးကြီးမားမားမရှိပေမယ့် လူတော်တော်များများမှာတော့ ပုံမှန်မဟုတ်တဲ့သွေးပေါင်ကျတာကခေါင်းမူးတာ၊သတိလစ်တာတွေတောင်ဖြစ်နိုင်ပါတယ်။သွေးပေါင်ကျတာက အရမ်းပြင်း ထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။

ဘယ်လိုအခြေအနေဆိုရင်သွေးပေါင်ကျနေတာလဲ

သွေးပေါင်ချိန်တိုင်းလိုက်လို့ အပေါ်သွေးက ၉၀ mm Hg ထက်နည်းနေပြီးအောက်သွေးက ၆၀ mm Hg ထက် နည်းနေခဲ့ရင်သွေးပေါင်ကျနေတယ်၊ လို့ ယူဆရပါမယ်။

သွေးပေါင်ကျစေရတဲ့ အကြောင်းရင်းခံကတော့တော်တော်လေးများပါတယ်။ ခန္ဓါကိုယ်မှာရေဓါတ်မလုံလောက်တာကနေစလို့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း မှားယွင်းမှုတစ်စုံတရာဖြစ်တာကြောင့် လည်းသွေးပေါင်ကျတာမျိုးဖြစ်နိုင်ပါတယ်။

လက္ခဏာများ

သွေးပေါင်ကျခြင်း (Hypotension)ဖြစ်ရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ

ရုတ်တရက်သွေးပေါင်ကျသွားတဲ့အခါ –

  • ခေါင်းထဲမှာ ညီးစီစီဖြစ်လာမယ်
  • သတိလစ်မယ်
  • အမြင်တွေဝေဝါးလာမယ်
  • အော့အန်မယ်
  • ခြေကုန်လက်ပန်းကျလာမယ်
  • အာရုံမစိုက်နိုင်တော့ဘူးဖြစ်လာမယ်။
  • ရုတ်တရက်သတိလစ်သွားခြင်း

    သွေးပေါင်တအားကျသွားတဲ့အခါ အသက်အန္တရာယ်တောင်ဖြစ်နိုင်ပါတယ်။သွေးပေါင်တအားကျပြီး ရုတ်တရက် သတိလစ်မသွားခင်မှာ ဒီလိုတွေဖြစ်နိုင်ပါတယ်။

    • စိတ်ရှုပ်ထွေးလာမယ် (အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်)
    • အရေပြားမှာချွေးစေးတွေထွက်ပြီးအေးလာမယ်၊
    • အရေပြားတွေဖြူဖျော့ဖျော့ဖြစ်လာမယ်
    • အသက်ရှုနှုန်းမြန်လာမယ်
    • အားမရှိသလိုဖြစ်လာပြီးသွေးခုန်နှုန်းမြန်လာမယ်။

    ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲ

    တကယ်လို့သွေးပေါင်ကျတာကြောင့် ရုတ်တရက်သတိလစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။

    တစ်ခါတလေခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်တဲ့အခါ မျိုးမှာလည်းခေါင်းမူးတာ၊ ညီးစီစီဖြစ်တာမျိုးတွေခံစားရနိုင် ပါတယ်။ ခန္ဓါကိုယ်ကအေးစက်လာပြီး ဘာမှမလုပ်နိုင်အောင် ကတုန်ကယင်ဖြစ်လာမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    အကြောင်းအရင်းများ

    ဘာတွေကသွေးပေါင်ကျခြင်း (Hypotension) ကိုဖြစ်စေတာလဲ

    သွေးပေါင်ကျတာကရောဂါအခြေအနေကြောင့်ဖြစ်နိုင်သလိုသောက်သုံးနေတဲ့ဆေးဝါးတွေကြောင့်လည်းဖြစ်နိုင် ပါတယ်။ ဒါပေမယ့်သွေးပေါင်ကျတာကိုဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။

    • ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ဆောင်ကာလအတွင်းမှာသွေးပေါင်ကျနိုင်ပါတယ်။ ဒါကဖြစ်နေကျအခြေအနေတစ်ရပ်ပါ။ ကလေးမွေးဖွားပြီးချိန်မှာသွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်သွားပါတယ်။
    • နှလုံးရောဂါအခံရှိတာ – အချို့သောနှလုံးရောဂါအခြေအနေတွေဖြစ်တဲ့ နှလုံးခုန်နှုန်းနှေးတာ၊ နှလုံးအဆို့ရှင်ပြဿနာ၊နှလုံးသွေးကြောကျဉ်းတာနဲ့ ရုတ်တရက်နှလုံးရပ်သွားတာတွေကြောင့်သွေးပေါင်ချိန်ကျနိုင်ပါတယ်။
    • ဟော်မုန်းကမောက်ကမဖြစ်ခြင်း – ခန္ဓါကိုယ်ထဲကဟော်မုန်းတွေကို ကမောက်ကမဖြစ်စေနိုင်တဲ့parathyroid disease၊ adrenal insufficiency (Addison’s disease)၊ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်း (hypoglycemia) တို့ကြောင့်လည်းသွေးပေါင်ကျနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့်လည်းသွေးပေါင်ကျနိုင်ပါတယ်။
    • ခန္ဓါကိုယ်မှာရေဓါတ်နည်းတဲ့အခါ – ခန္ဓါကိုယ်မှာရေဓါတ်နည်းသွားတဲ့အခါ အားမရှိတာ၊ခေါင်းမူးတာ နဲ့ခြေကုန်လက်ပမ်းကျတာမျိုး ခံစားရနိုင်ပါတယ်။ ဖျားနေတာ၊အော့အန်တာ၊ ဝမ်းလျှောတာ၊ ဆီးသွားများတာ၊လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာတွေကြောင့် ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခမ်းနိုင်ပါတယ်။
    • သွေးဆုံးရှုံးတဲ့အခါ – ထိခိုက်ဒဏ်ရာရတာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာပဲဖြစ်ဖြစ်ပြင်ပ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာပဲဖြစ်ဖြစ်သွေးထွက်များတဲ့အခါသွေးပေါင်ကျတာမျိုးဖြစ်စေနိုင်ပါတယ်။
    • ပြင်းထန်တဲ့ ကူးစက်ပိုးဝင်တာ -သွေးကြောထဲကို ကူးစက်ရောဂါပိုးတွေဝင်ရောက်တဲ့အခါseptic shock လိုပခေါ်တဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့သွေးပေါင်ကျတာမျိုးဖြစ်စေနိုင်ပါတယ်။
    • ပင်းထန်တဲ့ဓါတ်မတည့်မှုဖြစ်တာ – အစားအသောက်တွေ၊ဆေးဝါးတွေ နဲ့ ပိုးကောင်တွေရဲ့ အဆိပ်တွေကြောင့် လည်းသွေးပေါင်ကျနိုင်ပါတယ်။ ဒါတ်မတည့်မှုကြောင့် အရေပြားမှာ အသ်ပျဉ်တွေထတာ၊ ယားယံတာ၊လေပြွန်တွေရောင်လာတာမျိုးဖြစ်မယ်ဆိုရင်လည်းသွေးပေါင်ကျလာနိုင်ပါတယ်။
    • အာဟာရမပြည့်တာ – စားသုံးနေတဲ့အစားအသောက်တွေထဲမှာ ဗီတာမင် B-12 နဲ့folate တို့လိုမျိုး ခန္ဓါကိုယ်အတွက်သွေးနီဥဆဲလ်တွေကို ထုတ်ပေးနိုင်တဲ့ဓါတ်တွေမပါဝင်တဲ့အခါသွေးပေါင်ကျစေနိုင်ပါတယ်။

    Risk factors

    သွေးပေါင်ကျခြင်း (Hypotension) ကိုဘာတွေကမြင့်တက်စေတာလဲ

    သွေးပေါင်ကျတာကို အသက်အရွယ်မရွေး၊ ကျား၊မမရွေးကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကတော့သွေးပေါင်ကျနိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။

    • အသက်အရွယ် – အသက် ၆၅ နှစ်အထက်ရှိပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေမှာသွေးပေါင်ကျနိုင်ခြေက အခြားသူတွေထက်ပိုများနေပါတယ်။
    • ဆေးဝါးတွေ –သွေးပေါင်ကျဆေးသောက်သုံးနေရသူတွေနဲ့ နာတာရှည်ရောဂါခံစားနေရတာကြောင့် ပုံမှန်ဆေးသောက်သုံးနေရသူတွေမှာသွေးပေါင်ကျနိုင်ခြေက ပိုများပါတယ်။
    • ရောဂါအခံရှိနေတာ –Parkinson’sရောဂါ၊ ဆီးချိုရောဂါ နဲ့ နှလုံးရောဂါခံစားနေရသူတွေမှာလည်းသွေးပေါင်ကျနိုင်ခြေက အခြားသူတွေထက်ပိုများနေပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့်ကုသမှုများ

    သွေးပေါင်ကျခြင်း (hypotension) ကို ဘယ်လိုကုသမလဲ

    သွေးပေါင်ကျတာကို ဘယ်လိုကုသမလဲဆိုတာကဖြစ်ရတဲ့အကြောင်းရင်းခံပေါ်မှာ မူတည်နေပါတယ်။သွေးပေါင်ကျတာကို ကုသတဲ့အခါ နှလုံးရောဂါ၊ဆီးချိုနဲ့ အခြားရောဂါအခြေအနေတွေအတွက် ကုသမှုခံယူနေရတာတွေကိုပါထည့်တွက်ဖို့လိုပါမယ်။

    တကယ်လို့အော့အန်တာ နဲ့ ဝမ်းသွားတာတွေကြောင့်သွေးပေါင်ကျတာမျိုးဖြစ်မယ်ဆိုရင်တော့ရေဓါတ်ဆုံးရှုံးတာကြောင့်ဖြစ်ရတဲ့သွေးပေါင်ကျတာပါ။ရေအလုံအလောက်သောက်ပေးဖို့လိုပါမယ်။ရေဓါတ်ပြည့်ဝအောင်နေတာကသွေးပေါင်ကျတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အချိန်အကြာကြီး မတ်တတ်ရပ်နေရတာကလည်းသွေးပေါင်ကျတာကိုဖြစ်စေနိုင်တာကြောင့် အချိန်အကြာကြီးမတ်တတ်ရပ်တာမျိုးမလုပ်ပါနဲ့။ ခန္ဓါကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ စိတ်ဖိစီးစေမယ့်အကြောင်းအရာတွေကိုလည်း သိပ်မတွေးမိအောင်နေပေးဖို့လိုပါမယ်။

    ရုတ်တရက်သတိလစ်တာမျိုးအထိသွေးပေါင်ကျတာက ဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုပါမယ်။

    နောက်ဆက်တွဲရောဂါများ

    သွေးပေါင်ကျတာ (Hypotension)ကြောင့် ဘာတွေဖြစ်လာနိုင်လဲ

    သွေးပေါင်ကျတာ သိပ်မပြင်းထန်ရင်တော့ခေါင်းမူးတာ၊ အားမရှိသလိုဖြစ်တာ၊ မိုက်ခနဲမူးပြီး ရုတ်တရက် လဲကျတာမျိုးဖြစ်နိုင်ပါတယ်။ လဲကျတာကြောင့် မတော်တဆထိခိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

    သွေးပေါင်ကျတာက အရမ်းပြင်းထန်မယ်ဆိုရင်တော့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကအောက်ဆီဂျင်ကို အလုံအလောက်မရရှိတော့ဘဲ ပုံမှန်လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိင်တာမျိုးဖြစ်နိုင်သလို နှလုံးနဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးတာမျိုးတွေအထိဖြစ်စေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement