Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကဘာလဲ။

ကျောက်ကပ်က ဆီးတွေ ဆီးအိမ်ထဲကို ပုံမှန်အတိုင်း စီးဆင်းမှုမရှိတော့တဲ့အတွက် ကျောက်ကပ်မှာ ရေတွေစုပြီး ဖောင်းကားလာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ဒီလို ဖောင်းကားလာခြင်းဟာ ယေဘုယျအားဖြင့် ကျောက်ကပ်တဖက်တည်းမှာပဲ ဖြစ်ပွါးလေ့ရှိပေမယ့် ကျောက်ကပ်နှစ်ခုလုံးမှာလည်း ဖြစ်လာနိုင်ပါတယ်။ကျောက်ကပ်မှာ ရေစုခြင်းဟာ သူ့အလိုလိုဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နောက်ခံအကြောင်းရင်း (ဝါ) ရောဂါတခုခုရှိခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ်။ဆီးလမ်းကြောင်းတနေရာရာမှာ ပိတ်ဆို့ခြင်းကြောင့် ဒီအခြေအနေ ပေါ်ပေါက်လာရပါတယ်။

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးလမ်းကြောင်းအတွင်းမှာရှိတဲ့ ဖိအားဟာ ပုံမှန်အားဖြင့် အလွန်နည်းပါးပေမယ့် အဆိုပါလမ်းကြောင်းတနေရာမှာ ပိတ်ဆို့နေပြီဆိုရင်တော့ ဖိအားဟာ တဖြည်းဖြည်းနဲ့ များလာနိုင်ပါတယ်။ဒီလိုနဲ့ အချိန်ကြာမြင့်လာတဲ့အခါ ဆီးတွေလည်း စုပုံလာပြီဖြစ်တဲ့အတွက် သင့်ကျောက်ကပ်ဟာ ဖောင်းကားကြီးထွားလာပါလိမ့်မယ်။ကြီးမားလာတဲ့ ကျောက်ကပ်ဟာ ဘေးကပ်ရပ်မှာရှိတဲ့ အင်္ဂါတွေကို စတင်ပြီး ဖိပါတော့မယ်။တကယ်လို့သာ ဒီအခြေအနေကို မကုသဘဲ ထားထားမယ်ဆိုရင် များပြားလာတဲ့ ဖိအားတွေဟာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို (ပြန်ပြုပြင်လို့ မရတော့လောက်အောင်) ပျက်စီးသွားစေပါလိမ့်မယ်။ပိတ်ဆို့နေတဲ့ ကာလကြာရှည်မှု အတိုင်းအတာဟာ သင့်ရောဂါလက္ခဏာတွေအပေါ်ကို အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။

ကျောက်ကပ်မှာ ရေစုခြင်းရဲ့ ကနဦးလက္ခဏာတွေကတော့ ဆီးရွှင်ခြင်း နဲ့ ဆီးသွားလိုစိတ် ပိုမိုများပြားလာခြင်းတို့ပဲ ဖြစ်ကြပါတယ်။အောက်ပါလက္ခဏာတွေကိုပါ ခံစားရပြီဆိုရင်တော့ ရောဂါအခြေအနေ ပိုဆိုးလာပြီလို့ ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါတယ်။

  • ဗိုက် ဒါမှမဟုတ် ခါးနာခြင်း။
  • ပျို့အန်၊မအီမသာဖြစ်ခြင်း။
  • ဆီးကျဉ်ခြင်း။
  • ဆီးသွားပြီးသည့်တိုင် ဆီးကျန်နေသေးသကဲ့သို့ ခံစားရခြင်း။
  • ဖျားခြင်း။

ဆီးကောင်းစွာ မသွားနိုင်ခြင်းကြောင့် ဆီးလမ်းကြောင်းပိုးဝင်ရောဂါကို ခံစားရနိုင်ပါတယ်။ဒါကြောင့် ကျောက်ကပ်တွင်း ရေစုခြင်းရဲ့ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • ဆီးအရောင်နောက်ခြင်း။
  • ဆီးကျဉ်ခြင်း။
  • ဆီးပူခြင်း။
  • ဆီးလုံးသေးခြင်း။
  • ကျောတောင့်ခြင်း။
  • ဆီးအိမ်(ဆီးစပ်)နာခြင်း။
  • ချမ်းတုန်ဖျားခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မကုသဘဲ ထားမယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ (ဥပမာ ကျောက်ကပ်ထဲ ကူးစက်ပိုးဝင်ခြင်း၊သွေးဆိပ်တက်ခြင်း စသည်)ဆီ ဦးတည်လာနိုင်ပါတယ်။

အကြောင်းရင်းများ

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်တွင်း ရေစုတာဟာ ရောဂါမဟုတ်ပါဘူး။ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို ထိခိုက်စေတဲ့ ကိုယ်တွင်းကိုယ်ပ အကြောင်းရင်းတွေကြောင့် ကျောက်ကပ်တွင်းရေစုတဲ့ အခြေအနေ ဖြစ်ပေါ်လာရပါတယ်။ဆီးလမ်းကြောင်း တဖက်တည်း ပိတ်ဆို့မှုဟာ ကျောက်ကပ်တွင်းရေစုခြင်းကို အများဆုံးဖြစ်စေတဲ့ အချက်တွေထဲက တခု ဖြစ်ပါတယ်။ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဆက်သွယ်ပေးထားတဲ့ ဆီးပို့ပြွန်နှစ်ခုအနက် တခုထဲမှာ ရုတ်တရက်ပိတ်ဆို့တဲ့ အနေအထား ဖြစ်ပါတယ်။

အများဆုံး ဖြစ်လေ့ရှိတဲ့ နောက်ခံအကြောင်းရင်းက ဆီးကျောက်တည်ခြင်းဆိုပေမယ့် ကျောက်ကပ်မှာ အမာရွတ် ဖြစ်ခြင်း နဲ့ သွေးခဲဖြစ်ပေါ်ခြင်းတွေကလည်း ဆီးလမ်းကြောင်း တဖက်တည်းပိတ်ဆို့မှုကို ဖြစ်စေနိုင်ပါတယ်။ဆီးပို့ပြွန်ပိတ်ဆို့သွားရင် ဆီးတွေဟာ အောက်ကို ဆက်မဆင်းနိုင်တော့ဘဲ အပေါ်မှာရှိတဲ့ ကျောက်ကပ်ဆီကို ပြန်ဆန်တက်တဲ့အတွက် ကျောက်ကပ်ဟာ ဖောင်းကားကြီးထွားလာရပါတော့တယ်။ဒါမျိုးကို ဆီးအိမ်နှင့်ဆီးပို့ပြွန်အတွင်း နောက်ပြန်စီးခြင်းလို့ ခေါ်လေ့ရှိပါတယ်။

ဆီးလမ်းကြောင်းပိတ်ဆို့စေတဲ့ အခြားသော အကြောင်းရင်းတွေကတော့

  • ဆီးပို့ပြွန်နဲ့ ဆီးညှာဆက်ရာ အဆုံမှာ တွန့်ခေါက်ပြီး ပိတ်နေခြင်း။
  • အမျိုးသားများမှာဖြစ်တတ်တဲ့ ဆီးကြိတ်ကြီးခြင်း။
  • ကိုယ်ဝန်ဆောင်ခြင်း (သန္ဓေသားက ဖိလို့ဖြစ်ပါတယ်)။
  • ဆီးပို့ပြွန်နှင့် အနီးတဝိုက်မှာ ကင်ဆာကြိတ်ဖြစ်ခြင်း။

(ထိခိုက်ဒါဏ်ရာရခြင်းကြောင့် သို့မဟုတ် မွေးရာပါ) ဆီးပို့ပြွန်ကျဉ်းခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

ဖြစ်နိုင်ခြေများ

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကျောက်ကပ်တွင်း ရေစုခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆီးကျောက်တည်ခြင်း။
  • မွေးရာပါ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း။
  • သွေးခဲခြင်း။
  • တစ်ရှူးအမာရွတ်ဖြစ်ခြင်း (ထိခိုက်ဒါဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်မှုခံယူထားရခြင်း)။
  • ကင်ဆာကြိတ်ဖြစ်ခြင်း (ဥပမာ ဆီးအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊အူမကြီးကင်ဆာ၊ဆီးကြိတ်ကင်ဆာ)။
  • ဆီးကြိတ်ကြီးခြင်း (ကင်ဆာ မဟုတ်ပါ)။
  • ကိုယ်ဝန်ရှိခြင်း။
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (သို့မဟုတ် ဆီးလမ်းကြောင်းကို ရောင်ရမ်းစေသော ရောဂါတခုခု ဖြစ်ပွါးခြင်း)။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ သင့်ကျန်းမာရေးအနေအထားကို ဦးစွာ ခြုံငုံစစ်ဆေးမှာဖြစ်ပြီး ဒီ့နောက်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို အသေးစိတ်ဆက်လက် စမ်းသပ်စစ်ဆေးမှာပါ။သင့်ဝမ်းဗိုက်နဲ့ ဗိုက်ဘေးဖက်နေရာတွေကို အသာအယာ စမ်းသပ်ဖိနှိပ်ကြည့်ခြင်းအားဖြင့် သင့်ကျောက်ကပ်ကြီးနေခြင်း ရှိမရှိကို ဆရာဝန်က သိရှိနိုင်ပါလိမ့်မယ်။ဆီးအိမ်ထဲက ဆီးတွေကို အပြင်ချူထုတ်ဖို့အတွက် ဆီးပိုက်ကို အသုံးပြုပါလိမ့်မယ်။

တကယ်လို့ ဆီးပိုက်ထည့်ပြီးတာတောင်မှ ဆီးပမာဏခပ်များများ ထွက်မလာဘူးဆိုရင် ဒါဟာ သင့်ဆီးအိမ် ဒါမှမဟုတ် ဆီးအိမ်အဝမှာ ပိတ်ဆို့မှုတခုခု ရှိနေပြီဆိုတာကို ဖော်ပြနေပါတယ်။ဆီးအိမ်အဝနေရာလေးဟာ ပြွန်ပုံစံရှိပြီး ဆီးအိမ်ထဲက ဆီးတွေကို သင့်ခန္ဓာကိုယ်အပြင်ဖက် ထွက်ရှိလာအောင် ပို့ဆောင်ပေးတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။သင့်ဆရာဝန်အနေနဲ့ ကျောက်ကပ်ကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (ultrasound) ဒါမှမဟုတ် CT ဓာတ်မှန်ရိုက်ခြင်းတို့ကိုလည်း လိုအပ်ရင် ပြုလုပ်ပါလိမ့်မယ်။

ဒါမှသာ ကျောက်ကပ်ဘယ်အတိုင်းအတာထိ ဖောင်းကားနေသလဲ၊ဘယ်နေရာမှာ ပိတ်ဆို့နေနိုင်သလဲဆိုတာ သိရှိမှာ ဖြစ်ပါတယ်။အထက်ဖော်ပြပါ ပုံရိပ်ဖော်စစ်ဆေးမှု နှစ်မျိုးလုံးဟာ သင့်ခန္ဓာကိုယ်အတွင်းပိုင်းကို တွေ့မြင်နိုင်ဖို့ အသုံးပြုတဲ့ နည်းလမ်းတွေဖြစ်ပေမယ့် ကျောက်ကပ်တွင်းရေစုခြင်း ဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့အတွက် ဆိုရင်တော့ ultrasound ရိုက်တဲ့နည်းလမ်းကို အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။ဒါဆိုရင် သင့်ဆရာဝန်အနေနဲ့ ကျောက်ကပ်ကို ပိုပြီး နီးနီးကပ်ကပ်နဲ့ အသေးစိတ် ပိုမြင်နိုင်မှာပါ။

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကျောက်ကပ်တွင်း ရေစုခြင်းကို ဘယ်လိုကုသမလဲဆိုတာဟာ ဒီရောဂါဘာလို့ဖြစ်လာရတာလဲဆိုတဲ့ နောက်ခံအကြောင်းရင်းပေါ် မူတည်နေပါတယ်။

  • ဆီးအိမ်နဲ့ ဆီးပို့ပြွန်တလျှောက် ပြွန်လေးတခု ထည့်ပေးထားခြင်းအားဖြင့် ကျောက်ကပ်နဲ့ ဆီးအိမ်အတွင်း ဆီးများ ကောင်းစွာ စီးဆင်းစေခြင်း။
  • အရေပြားကို ဖောက်ပြီး ကျောက်ကပ်ထဲ ပြွန်လေးတခု ထည့်ပေးထားခြင်းဖြင့် ပိတ်ဆို့နေတဲ့ ဆီးတွေကို ခန္ဓာကိုယ်ပြင်ပရှိ ဆီးအိတ်ထဲသို့ ရောက်ရှိသွားစေခြင်း။
  • ကူးစက်ပိုးဝင်ခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများ အသုံးပြုခြင်း။
  • အရည်နောက်ပြန်စီးခြင်း၊ပိတ်ဆို့ခြင်းများအတွက် ခွဲစိတ်ကုသခြင်း။
  • ဆီးလမ်းကြောင်းကို ပိတ်ဆို့စေတဲ့ ကျောက်များကို ဖယ်ရှားခြင်း။
  • ကျောက်ကပ်တခုတည်းရှိသူ၊ခုခံအားစနစ်ကောင်းစွာ အလုပ်မလုပ်နိုင်သူ (ဥပမာ ဆီးချိုရှိခြင်း၊HIV ပိုးရှိနေခြင်း)၊အင်္ဂါအစားထိုးထားသူ စတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကုသမှု အမြန်ဆုံးခံယူဖို့ လိုအပ်ပါတယ်။
  • ကာလကြာရှည် ကျောက်ကပ်တွင်း ရေစုခြင်း ဝေဒနာခံစားနေရသူတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း နောက်ဆက်တွဲပြဿနာကို လျော့နည်းစေဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေ သုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။
  • လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျောက်ကပ်တွင်း ရေစုခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကျောက်ကပ်တွင်း ရေစုခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    ဆီးကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ (သိပ်မပြင်းထန်သော) ကျောက်ကပ်တွင်း ရေစုခြင်းကို သဘာဝသစ်ဥသစ်ဖုတွေက သက်သာပျောက်ကင်းစေနိုင်ပါတယ်။Phyllanthrus niruri, horsetail နဲ့ Boerhaavia diffusa တို့လို သဘာဝဆေးဖက်ဝင်အပင်တွေဟာ ဆီးကျောက်ကို ချေပစ်နိုင်တဲ့အတွက် ရောဂါကို ကုသပေးနိုင်ပါတယ်။ဆီးရွှင်စေတဲ့ သဘာဝဆေးပင်တွေ(ဥပမာ parsley) ဒါမှမဟုတ် ရေဓာတ်ပေါကြွယ်ဝတဲ့ သစ်သီးတွေ (ဥပမာ ဖရဲသီး)ဟာ ဆီးပမာဏကို များပြားစေတဲ့အတွက် ဆီးကျောက်အသေးလေးတွေကို ဆီးလမ်းကြောင်းကနေ အပြင်ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

  • Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။