backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hot Flashes (အပူပြန်ခြင်း)


Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hot Flashes (အပူပြန်ခြင်း) ကဘာလဲ။

အပူပြန်ခြင်းသည် ရုတ်တရက် မျက်နှာ၊ လည်ပင်း၊ နှင့် ရင်ဘတ်နေရာတို့တွင် ပူနွေးလာသည်ကို ခံစားရခြင်းဖြစ်သည်။ သင့်အရေပြားသည်လည်း နီနေနိုင်သည်။ အပူပြန်ခြင်းသည် သင့်ကို ချွေးပြန်စေပြီး ချမ်းစိမ့်စိမ့်လည်း ဖြစ်စေနိုင်သည်။

အခြားသော ဟော်မုန်းပြောင်းလဲမှုအခြေအနေများသည်လည်း ထိုလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ထိုကဲ့သို့ အပူပြန်ခြင်းသည် အမျိုးသမီးများ သွေးဆုံးသည့်အခါတွင် ပို၍အဖြစ်များသည်။ အပူပြန်ခြင်းသည် သွေးဆုံးသည့်အချိန်တွင် အဖြစ်အများဆုံး လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ အပူပြန်ခြင်းသည် တစ်နာရီခန့်မှ တစ်ရက်၊ နှစ်ရက်အထိ ကြာမြင့်နိုင်ပါသည်။

Hot Flashes (အပူပြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

အပူပြန်ခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Hot Flashes (အပူပြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အပူပြန်ခြင်း ၏ လက္ခဏာများတွင် အောက်ပါတို့ပါဝင်နိုင်သည်။

• ရုတ်တရက် သင့်ကိုယ်ခန္ဓါ အပေါ်ပိုင်း နှင့် မျက်နှာတွင် ပူရှိန်ရှိန်ဖြစ်သော ခံစားချက်ဖြစ်ပေါ်ခြင်း

• အရေပြားတွင် နီလာခြင်း

• နှလုံးခုန်မြန်လာခြင်း

• ချွေးပြန်ခြင်း၊ အများအားဖြင့် ခန္ဓါကိုယ် အပေါ်ပိုင်းတွင် ဖြစ်သည်။

• ပူသည့် ခံစားချက်ပျောက်သွားလျှင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်။

အပူပြန်ခြင်းသည် တစ်နေ့တွင် တစ်ခါနှစ်ခါမှ အကြိမ်များစွာလည်း ဖြစ်နိုင်သည်။ တစ်ခါဖြစ်လျှင် မိနစ်အနည်းငယ်သာဖြစ်ပြီး ပြန်ပျောက်သွားတတ်သည်။ ညဘက်တွင် များသောအားဖြင့် ဖြစ်သည်။ အမျိုးသမီး အများစုသည် တစ်နှစ်ကျော်ကျော် အပူပြန်ခြင်းကို ခံစားဖူးကြပြီး လေး၊ ငါးနှစ်အကြာတွင် ပြန်ပျောက်သွားတတ်ကြသည်။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

သင့်တွင် အထက်ပါ လက္ခဏာများ ရှိခဲ့လျှင် သို့မဟုတ် မေးခွန်းများရှိလျှင် သင့်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီပေ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Hot Flashes (အပူပြန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

အပူပြန်ခြင်း အဘယ်ကြောင့်ဖြစ်ရသည်ကို သေချာစွာမသိရပေ။ သို့သော် များစွာသော အကြောင်းရင်းများနှင့် ဆက်စပ်နေသည်။ ၎င်းတို့တွင် မျိုးပွားဟော်မုန်းများပြောင်းလဲမှုကြောင့် နှင့် သင့်ခန္ဓါကိုယ်မှ အပူချိန်ကို ထိန်းချုပ်သော ဦးနှောက်ရှိ hypothalamus ဟုခေါ်သော အဂါၤမှ ခန္ဓါကိုယ်၏ အပူချိန်ပြောင်းလဲမှုအနည်းငယ်ကိုပင် အလွန် ခံစားသိရှိနေခြင်းကြောင့် တို့ပါဝင်သည်။

သင်စားသောက်သော အစားအစာများနှင့် ဆေးဝါးများ

အပူပြန်ခြင်းသည်အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သည်။ အရိုးပွခြင်းတွင် ပေးသော ဆေးဖြစ်သည့် Raloxifene (Evista)၊ ရင်သားကင်ဆာကုသမှုတွင် ပေးသော Tamoxifen and Nolvadex တို့သည် အရေပြားနီလာခြင်းနှင့် အပူပြန်ခြင်းကို ဖြစ်စေသည်။ ကင်ဆာကုသရာတွင်သုံးသော ဓါတုဆေးဝါးများ၊ အနာသက်သာစေရန် သုံးသော Tramadol ဆေးများကြောင့်လည်း အပူပြန်ခြင်းဖြစ်နိုင်သည်။ သို့သော် ထိုဆေးများကြောင့်ဖြစ်ခြင်းသည် ရှားပါသည်။

ဆိုင်မှပေးသော ဆေးများကြောင့်လည်း သွေးဆုံးသည့်အခါဖြစ်တတ်သော အပူပြန်ခြင်းနှင့်ဆင်တူသော လက္ခဏာများဖြစ်တတ်သည်။ ထိုဆေးများသောက်လျှင် အညွှန်းကို သေချာဖတ်ပါ။ ဖြစ်ပေါ်လာသော လက္ခဏာများကို ဆရာဝန်နှင့် သေချာဆွေးနွေးပါ။

ပူစပ်သောအစားအသောက်များ

ပူစပ်သော အစားအသောက်များကို စားသည့်အခါလည်း ထိုသို့ဖြစ်တတ်သည်။ ပူစပ်သော အစားအစာများသည် သွေးကြောကိုကျယ်စေပြီး နာ့ဗ်ကြောများကို လှုံ့ဆော်သည်။ ထိုသို့ ဇီဝပြောင်းလဲမှုများကြောင့် အလွန်အမင်းပူသည့်ခံစားချက်မျိုးရနိုင်သည်။ အရက်သောက်လျှင် အချို့လူများတွင်လည်း ထိုသို့ ပူရှိန်သည့် ခံစားချက်မျိုးရတတ်သည်။ ထိုတုံ့ပြန်မှုမျိုးသည် မည်သူမဆို ဖြစ်နိုင်သည်။

စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ

သင့်ခန္ဓါကိုယ်မှ စိတ်လှုပ်ရှားသည့်အခါ၊ ဝမ်းနည်းသည့်အခါ၊ စိတ်ဖိစီးမှုများသည့်အခါ epinephrine ၊ norepinephrine ဟော်မုန်းများ ထွက်သည်။ ထိုဟော်မုန်းများသည် သွေးစီးဆင်းမှုကို ကောင်းစေပြီး ခန္ဓါကိုယ်ကို နွေးထွေးစေသည်။ မျက်နှာနီခြင်းသည်လည်း စိတ်ဖိစီးမှု မှစ၍ အာရုံကြောများထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်းများ ကြောင့်လည်း ဖြစ်နိုင်သည်။ အပူပြန်ခြင်းသည် သင့်ခန္ဓါကိုယ်ကို နီလာပြီး ပူသည့် ခံစားချက်မျိုးကို ရစေသည်။ သို့သော် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် မဟုတ်ပဲ တစ်စုံတစ်ခုကို ဓါတ်မတည့်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းများမှာ ဟော်မုန်းကြောင့်ဖြစ်ပြီး၊ သွေးမဆုံးမီအချိန်နှင့် သွေးဆုံးခြင်း တို့နှင့် မသက်ဆိုင်သည်လည်း ရှိသည်။

ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့်အကြောင်းရင်းများ

Hot Flashes (အပူပြန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

အပူပြန်ခြင်းကို ဖြစ်နိုင်ချေ မြင့်မားစေသော အကြောင်းများတွင် အောက်ပါတို့ပါဝင်သည်။

• ဆေးလိပ်သောက်ခြင်း

• အဝလွန်ခြင်း

• ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

• လူမျိုး ။ အာဖရိကန်-အမေရိကန် အစပ်အမျိုးသမီးများသည် ယူရိုပီယန်လူမျိုးများထက် အပူပြန်ခြင်း ပိုဖြစ်တတ်သည်။ ဂျပန်နှင့် တရုတ်လူမျိုးများတွင် အနောက်နိုင်ငံမှ အမျိုးသမီးများထက် အဖြစ်နည်းတတ်သည်။

သွေးဆုံးသော အမျိုးသမီးတိုင်းလည်း ထိုသို့ အပူပြန်သည့် လက္ခဏာများ မရှိတတ်ပေ။ အဘယ်ကြောင့် အချို့အမျိုးသမီးများတွင် ထိုသို့ ဖြစ်ရသည်ကို အကြောင်းရင်းသေချာမသိရပေ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hot Flashes (အပူပြန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ။

သင့်ဆရာဝန်သည် သင့်၏ ရောဂါလက္ခဏာများပေါ်မူတည်ပြီး အပူပြန်ခြင်း ရှိကြောင်းဆုံးဖြတ်ပါမည်။ ဖြစ်သော အကြောင်းကို သိနိုင်ရန် သွေးစစ်ခြင်းဖြင့် သင့်တွင် သွေးဆုံးခါနီး အချိန်ဟုတ်မဟုတ် စစ်ဆေးနိုင်ပါသည်။

Hot Flashes (အပူပြန်ခြင်း) ကို ဘယ်လိုကုသပါသလဲ။

ထိရောက်သော ကုသမှုသည် Estrogen ဟော်မုန်းဖြစ်သည်။ သို့သော် ထိုဟော်မုန်းကို သောက်ခြင်းဖြင့် အခြားသော ရောဂါများကို ဖြစ်နိုင်ချေများစေသည်။ စိတ်ဓါတ်ကျခြင်းကို ကုသသော ဆေးများ၊ နှင့် အတက်ကျစေသော ဆေးများသည်လည်း အပူပြန်ခြင်း ကို သက်သာစေသည်။ အမျိုးမျိုးသော ကုသမှုများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးကို ချင့်ချိန်နိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ထိုသို့ ဖြစ်ခြင်းသည် သင့်ကို အနှောင့်အယှက်မဖြစ်စေလျှင် ကုသမှုလုပ်ရန် မလိုပါ။ အမျိုးသမီး အများစုသည် နှစ်အနည်းငယ် အတွင်းမှာပင် တဖြည့်ဖြည်းပျောက်သွားကြသည်။

ဟော်မုန်းဖြင့် ကုသခြင်း

Estrogen နှင့် Progesterone ဟော်မုန်းများသည် အပူပြန်ခြင်းကို ကုသရန် သုံးသော ဟော်မုန်းများဖြစ်သည်။ သားအိမ် ထုတ်ထားသော အမျိုးသမီးများသည် Estrogen တစ်မျိုးတည်းသောက်နိုင်သည်။ သားအိမ်ရှိသေးလျှင် သားအိမ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်ရန် Progesterone ဟော်မုန်းကိုလည်း သောက်ပေးသင့်သည်။ သွေးဆုံးသည့် လက္ခဏာများကို ကုသရန် Estrogen နှင့် bazedoxifene တွဲထားသော ဆေးကို သုံးကြသည်။ ထိုဆေးသည် ကင်ဆာကို ဖြစ်နိုင်ချေများခြင်းကို မဖြစ်စေသော်လည်း လေ့လာမှုများ လိုအပ်သေးသည်။ Estrogen နှင့် ကုသမှုသည် သင့်တွင်သွေးခဲခြင်း သို့မဟုတ် ရင်သားကင်ဆာများ ရှိလျှင် ရွေးချယ်ရမည့် ကုသမှုမဟုတ်ပါ။

စိတ်ဓါတ်ကျခြင်းကိုကုသသော ဆေးများ

အချို့သော စိတ်ဓါတ်ကျခြင်းကို ကုသသော ဆေးများကို ပမာဏ အနည်းငယ်သာပေးခြင်းဖြင့် အပူပြန်ခြင်းကို သက်သာစေနိုင်သည်။ ထိုဆေးများတွင် Venlafaxine (Effexor XR, Pristiq)၊ Paroxetine (Brisdelle၊ Paxil၊ Pexeva)၊ Fluoxetine (Prozac ၊ Sarafem) တို့ပါဝင်သည်။ Bridelle သည် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး မှ ခွင့်ပြုထားသော စိတ်ဓါတ်ကျခြင်းတွင် သုံးသော တစ်ခုတည်းသော ဆေးဖြစ်သည်။ အခြားသော ဆေးများနှင့်ယှဉ်လျှင် ၎င်းသည် ဈေးပိုကြီးသောကြောင့်အခြားဆေးများကို တရားမဝင် သုံးစွဲကြသည်။ ပြင်းထန်သော လက္ခဏာပြခြင်းတွင် ထိုဆေးများ အသုံးပြုခြင်းသည် ဟော်မုန်းနှင့် ကုသခြင်းလောက်မကောင်းပါ။ သို့သော် ဟော်မုန်းကုသမှုကို မပြုလုပ်သင့်သော၊ မလုပ်ချင်သော အမျိုးသမီးများတွင် အသုံးပြုနိုင်ပါသည်။ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ လိင်စိတ်ပြောင်းလဲနိုင်ခြင်း၊ မိမိကိုယ်ကို သတ်သေနိုင်ချေများခြင်း၊ နှင့် ရုတ်တရက် ဆေးဖြတ်သည့်အခါ ဖြစ်နိုင်သော လက္ခဏာများ ဖြစ်သည်။ အချို့သော ဘေးထွက်ဆိုးကျိုးများမှာ ဆေးပမာကို ပြောင်းလဲပေးခြင်းနှင့် အချိန်ကြာသည့်အခါ သက်သာသွားကြသည်။ သင့်တွင်သတ်သေ လိုသော ခံစားချက်များ ဖြစ်ပေါ်လာပါက ကုသမှု အမြန်ဆုံးခံယူပါ။

အခြားသော ညွှန်ကြားနိုင်သော ဆေးဝါးများ

  • အတက်ကျစေသော ဆေးများဖြစ်သော Gabapentin (Neurontin၊ Gralise) သည် အပူပြန်ခြင်းကို အနည်းငယ် သက်သာစေသည်။ ဘေးထွက် ဆိုးကျိုးများမှာ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်နိုင်သည်။
  • သွေးတိုးရောဂါတွင်သုံးသော ဆေးများဖြစ်သော Clonidine (Catapres၊ Kapvay နဲ့အခြား) တို့သည်လည်း အပူပြန်ခြင်းကို သက်သာစေသည်။ ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းမူးခြင်း၊ ပါးစပ်ခြောက်ခြင်း နှင့် ဝမ်းချုပ်ခြင်းတို့ဖြစ်သည်။
  • နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

    အပူပြန်ခြင်းကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။

    အပူပြန်ခြင်းကို ကာကွယ်နိုင်ရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။

    • အေးအောင်နေပါ။ သင့်ခန္ဓါကိုယ်တွင် အပူချိန်အနည်းငယ် တိုးလျှင် အပူပြန်ခြင်း ဖြစ်နိုင်သောကြောင့် အေးအောင် နေသင့်သည်။ ပူသည့်အခါ ချွတ်ထားနိုင်ရန် အဝတ်များကို အထပ်များများဝတ်ပါ။ ပြတင်းပေါက်များကို ဖွင့်ထားပါ။ လေအေးပေးစက်များ၊ ပန်ကာများ အသုံးပြုပါ။ အခန်းအပူချိန်ကို လျော့ချပြီး အေးသော အရည်များကို သောက်ပါ။

    • အစားအသောက်ကိုဂရုစိုက်ပါ။ ပူသော ၊ ကဖင်းဓါတ်ပါသောအစားအသောက်များ၊နှင့် အရက် သည် သင့်ကိ ုအပူပြန်ခြင်းကို ဖြစ်စေသည်။ မည်သည်တို့သည် ဖြစ်တတ်ကြောင်းကို မှတ်သားထားပြီး ရှောင်ကြဉ်ပါ။

    • သက်တောင့်သက်သာဖြစ်အောင်နေပါ။ အချို့သော အမျိုးသမီးများသည် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှုသက်သာအောင် လုပ်ခြင်းက အပူပြန်ခြင်းကို သက်သာစေသည်။ ထိုသို့ ပြုလုပ်ခြင်းများသည် အပူပြန်ခြင်းကို မသက်သာစေသည့်တိုင်အောင် သင့်အတွက် အကျိုးကျေးဇူးများ ရှိပါသည်။

    • ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် အပူပြန်ခြင်းကို ပိုဆိုးစေသည့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှင့် ကင်ဆာကဲ့သို့သော အခြားသော ကျန်းမာရေးပြသနာများလည်း ရှိသဖြင့် ဆေးလိပ်သောက်ခြင်းကို ရပ်သင့်သည်။

    • ကိုယ်အလေးချိန်လျော့ပါ။ သင်သည် ကိုယ်အလေးချိန်များနေလျှင် အဝလွန်နေလျှင်၊ ကိုယ်အလေးချိန်လျော့ခြင်းသည် သင့်ကို အပူပြန်ခြင်းကို သက်သာစေနိုင်ပါသည်။

    သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement