backup og meta

သားသမီးပျိုးထောင်နည်းမှန်ကန်စေဖို့ ဒါလေးတွေမမေ့ပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသမီးပျိုးထောင်နည်းမှန်ကန်စေဖို့ ဒါလေးတွေမမေ့ပါနဲ့

    သားသမီးရတနာရလာပြီးတဲ့အခါ အရင်ကလို စိတ်ကူးနဲ့ပျော်နေရုံနဲ့မပြီးတော့ပါဘူး။ မိဘရဲ့တာဝန်ဝတ္တရားတွေထဲမှာကျွေးမွေးစောင့်ရှောက်တာ၊ ချစ်ခင်ကြင်နာပေးတာအပြင် ဘက်ပေါင်းစုံက ဟာကွက်မရှိအောင် ဂရုစိုက်ပျိုးထောင်ပေးဖို့ ပါဝင်ပါတယ်။ ဘာမဆို လိုလေသေးမရှိအောင် လုပ်ပေးတယ်ထား၊ ကိုယ်ပျိုးထောင်တဲ့နည်းလမ်းလွဲနေရင် ကလေးရဲ့တိုးတက်မှု၊ဖွံ့ဖြိုးမှုတွေမှာ ဖြစ်သင့်သလောက်ဖြစ်မလာတော့ပါဘူး။ အလိုလိုက်တိုင်းမကောင်းသလို စည်းကမ်းတင်းကျပ်တိုင်းလည်း မကောင်းတဲ့အတွက် ကလေးတွေကို ကြီးပြင်းလာတဲ့အထိစောင့်ရှောက်ပျိုးထောင်ရာမှာ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ကျန်းမာထက်မြက်တဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်ဖို့ ငယ်စဉ်တည်းက ဂရုစိုက်သင့်တဲ့အချက်လေးတွေ ဖေဖေမေမေတို့ မေ့နေမှာစိုးလို့ သတိပေးလိုက်ပါတယ်နော်။

    ကလေးကိုနေ့တိုင်း ကစားချိန်အလုံအလောက်ပေးပါ

    ကစားချိန်ပေးတယ်ဆိုတာ တီဗီဖွင့်ထားပေးတာ၊ ဂိမ်းပေးကစားထားတာ မဟုတ်ဘူးနော်။ အိမ်ထဲမှာ သို့မဟုတ်ခြံထဲမှာ အန္တရာယ်ကင်းအောင်ကာကွယ်ထားတဲ့ ပတ်ဝန်းကျင်ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ်ပေးကစားတာကို ဆိုလိုပါတယ်။ ထိခိုက်စေမယ့်အရာတွေဖယ်ထားတာအပြင် ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ပေါ့။ ကလေးပီပီပြေးလွှားဆော့ကစားနေတာ၊ ကစားစရာတွေနဲ့ဆော့နေတာက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကိုမွေးမြူသလိုဖြစ်စေပါလိမ့်မယ်။ ကလေးကို တစ်ချိန်လုံး ချီပွေ့ထားတာ၊ အငြိမ်ကစားခိုင်းတာ၊ ထိမိမှာချော်လဲမှာစိုးလို့ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပေးတာတွေက သန်မာမှု၊ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးမှာ အားနည်းစေနိုင်ပါတယ်။

    အပြစ်မတင်နဲ့၊ သူများနဲ့ ယှဉ်မပြောနဲ့

    ကလေးကို ဒီလိုလုပ်ရသလား၊ ဆိုးရသလား၊ စကားနားမထောင်ဘူးလား အပြစ်တွေမတင်ဘဲ ဒီလိုလေးလုပ်ပါလား၊ စကားနားထောင်ရင် လူလိမ္မာလေးဖြစ်သွားရော၊ သားလေးဒီလိုလုပ်ရင် ဘယ်ကောင်းမလဲမေမေရှင်းပြမယ် စသည်ဖြင့် ကိုယ်လိုရာဘက်ကို ဆွဲယူသိမ်းသွင်းပါ။ စူးစမ်းလိုစိတ်အပြည့်နဲ့ ကလေးတွေကို ဆွဲဆောင်ရတာ လူကြီးတွေကိုနားချရတာလောက်တော့ မခက်ပါဘူးနော်။ အမှားလုပ်မိရင်နောက်တစ်ခါ အမှန်ကိုလုပ်ဖြစ်အောင် ဆွဲဆောင်ပါ(အမှားအကြောင်းကိုပဲ ထပ်မပြောဘဲ)။ သူဆက်လုပ်နေရင် ဒီလုပ်ရပ်ကဘာကြောင့်မကောင်းရတာလဲဆိုတာ သူနားလည်အောင်ရှင်းပြပါ၊ ဘယ်လိုလုပ်သင့်လဲ သတိပေးပါ။

    မွေးချင်းမောင်နှမထဲကဖြစ်ဖြစ် ၊ ရွယ်တူသူငယ်ချင်းထဲကဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေရဲ့သားသမီးတွေနဲ့ဖြစ်ဖြစ် ကလေးတွေကိုနှိုင်းယှဉ်မပြောပါနဲ့။ ကလေးတစ်ယောက်နဲ့တစ်ယောက်က အမူအကျင့်တွေ၊ အားသာချက်တွေဘယ်လိုမှမတူနိုင်ကြတာမို့ရောထွေးမပြောပါနဲ့။ မိဘရဲ့စကားတစ်ခွန်းကြောင့် စိတ်ဒဏ်ရာရနိုင်သလို အရွဲ့တိုက်ချင်စိတ်ဖြစ်လာနိုင်တယ်၊ ကိုယ်ပြောတာဆုံးမတာ နားမဝင်တော့တာတွေဖြစ်လာနိုင်တယ်လေ။ သူ့လို လိမ်မာစမ်းပါ လို့ယှဉ်ပြောလိုက်တဲ့စကားက ကလေးရဲ့ကြိုးစားချင်စိတ်ကို ရိုက်သတ်ပစ်လိုက်သလိုပါပဲ။

    ကလေးတွေရဲ့အသံ နားထောင်ခံစားပေးပါ

    မိဘထိန်းကျောင်းတဲ့အတိုင်းနေရမယ်ဆိုတဲ့ ပုံစံခွက်ထဲကို ပုံမသွင်းလိုက်ပါနဲ့။ ကလေးရဲ့ဘဝကို လွှမ်းမိုးထားတာထက် မှန်ကန်တဲ့နည်းလမ်းနဲ့ ပဲ့ထိန်းပြုပြင်ပေးဖို့၊ နည်းပေးလမ်းညွှန်လုပ်ဖို့ပဲ လိုတာပါ။ ကလေးရဲ့စိတ်အတွေးနဲ့ ခံစားချက်၊ ခံယူချက်အမြင်တွေကို ဖွင့်ဟလာအောင် လမ်းဖွင့်ပေးပါ၊နွေးနွေးထွေးထွေးနားထောင်ပေးပါ။ ငယ်စဉ်တည်းက မိဘနဲ့အပြန်အလှန်နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးရှိသူတွေက အရွယ်ရောက်လာတဲ့အခါပေါင်းသင်းဆက်ဆံရေးမှာအောင်မြင်တာများပါတယ်။

    ကလေးရဲ့နေ့စဉ်ဘဝမှာ ထိတွေ့ပါဝင်ပါ

    ပါဝင်ပါဆိုလို့လည်း အမြဲဝင်စွက်ဖက်၊ အရာရာ ကိုယ်ပဲဝင်လုပ်ပေးနေတာမျိုးတော့ မဟုတ်ပါဘူး။ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်အောင်ဘေးကနေ လိုအပ်သလို လမ်းပြကူညီပေးဖို့၊ ကလေးကိုမျက်ခြေမပြတ်အကျွမ်းတဝင်ဖြစ်နေဖို့ ပါဝင်ပါ။ ထိန်းချုပ် အမိန့်ပေးတဲ့ပုံစံ၊ ကလေးကို ကိုယ်တိုင်လုပ်ဆောင်ကြည့်ဖို့ အခွင့်အရေးမပေးတဲ့ပုံစံ(စိတ်ပူတတ်တဲ့မိဘများ)ဖြစ်နေခဲ့ရင် ထက်မြက်သွက်လက်တဲ့ ကလေးတွေဖြစ်လာနိုင်ခြေနည်းပါတယ်။ အစပိုင်းမှာ မိဘ ပါဝင်ကူညီပေးပေမယ့် တဖြည်းဖြည်းကြီးပြင်းလာတဲ့အခါဘေးမှာမိဘမပါဘဲ ကိုယ့်အားကိုယ်ကိုးလာပါလိမ့်မယ်။

    ကျန်းမာတဲ့ စားသောက်ပုံအာဟာရြဖစ်အောင် ဂရုစိုက်ပါ

    ကျန်တာတွေထက် အရေးကြီးတာ ကလေးရဲ့ကျန်းမာရေးပါ။ ဒီအချက်မှာတော့ ကလေးရဲ့ဗိုက်ထဲရောက်မယ့် အစားအသောက်အတွက် မိဘမှာသာတာဝန်ရှိပါတယ်။ ဖွံ့ဖြိုးဆဲကိုယ်ခန္ဓါလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေကို စားဖြစ်အောင် စီစဉ်ပေးဖို့လိုတယ်၊ ကျန်းမာရေးနဲ့မညီတာတွေ မစားမိအောင် ကာကွယ်ဖို့လိုတယ်။ လိုအပ်တဲ့အာဟာရဓါတ်တွေပါဝင်တဲ့စားစရာတွေကို ကလေးကြိုက်အောင်စီမံပြင်ဆင်ပေးသင့်တယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်စေမယ့် အာဟာရနို့မှုန့်တွေ တိုက်ကျွေးလို့ရတယ်။ ဥပမာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA (Omega-3 fatty acid တစ်မျိုး) ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေနဲ့ အစာခြေစနစ်အတွက်အကျိုးပြုတဲ့ LcFosတွေပါဝင်တာမျိုး။

    နေ့တိုင်း စာဖတ်ပြပါ

    ဟိုးအရင်တည်းက ကလေးတွေကိုပုံပြင်ပြောပြတဲ့ဓလေ့ကနေရာတိုင်းမှာရှိပြီးသားပါ။ နိုင်ငံ၊ ယဉ်ကျေးမှုတွေသာမတူကြတာ။ ကလေးပျိုးထောင်တဲ့နေရာမှာတော့ ဒီအချက်က အမြဲပါလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးကို ပုံပြင်ဖတ်ပြတာက စာဖတ်တဲ့အလေ့အကျင့်ကိုမွေးမြူပေးရာရောက်တယ်၊ သင်ယူလေ့လာစရာ မှတ်သားစရာတွေကို ကလေးစိတ်ဝင်စားအောင် နားသွင်းနိုင်တယ်၊ နားလည်နိုင်တဲ့စွမ်းရည်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတယ်၊

    ဖွံ့ဖြိုးမှုစွမ်းရည်တစ်ခုခုအတွက် အမြဲအားပေးပါ

    ဘောလုံးကစားတာ၊ ပုံဆွဲဖို့ဆေးရောင်ခြယ်ဖို့ ဝယ်ပေးထားတာ၊ အက၊ သီချင်း စသည်ဖြင့် လုပ်ဆောင်ချက်တစ်ခုခုကို လုပ်နိုင်လာအောင် အခွင့်အရေးပေးထားတာကောင်းပါတယ်။ ဒီတစ်ခါ ဘာလေးလုပ်တတ်လာတယ်၊ ဘယ်နေရာမှာ တိုးတက်လာတယ် ဆိုပြီးဖြစ်လာအောင် အသေးအဖွဲလေးဖြစ်ဖြစ် ဖန်တီးပေးပါ။ ကလေးရဲ့အားသာချက်နဲ့ ဝါသနာပေါ်ထွက်လာပါလိမ့်မယ်။ စိတ်အားထက်သန်မှုနဲ့ ဖွံ့ဖြိုးမှု၊ မိဘရဲ့အားပေးမှုတို့ ပေါင်းလိုက်တဲ့အခါ ကလေးရဲ့ဖွံ့ဖြိုးကြီးပြင်းမှုကို အတောင်ပံတပ်ပေးလိုက်သလိုဖြစ်လာမှာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement