Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ကဘာလဲ။

Giant Cell Arteritis မှာ သွေးလွှတ်ကြောနံရံများရောင်ခြင်း ဖြစ်ပါသည်။ မကြာခဏဆိုသလို ခေါင်း အထူးသဖြင့် နားထင်နေရာများမှ သွေးလွှတ်ကြောများတွင် ဖြစ်တတ်၏။ ထို့ကြောင့် Giant Cell Arteritis ကို တစ်ခါတစ်ရံ နားထင်ကြောရောင်ခြင်းဟုလည်း ခေါ်ကြသည်။

Giant Cell Arteritis မှာ ခေါင်းကိုက်ခြင်း၊ ဦးရေပြားကို ထိလျှင်နာခြင်း၊ မေးရိုးနာခြင်းနှင့် အမြင်ပြဿနာများကို ဖြစ်စေတတ်သည်။ မကုသပဲထားပါက လေဖြတ်ခြင်း မျက်စေ့ကွယ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

Giant Cell Arteritis မှာ အသက်အရွယ်မရွေးဖြစ်နိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Giant Cell Arteritis  ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်းနှင့် ထိလျှင်နာခြင်း (ဆိုးဆိုးဝါးဝါးနာခြင်း) တို့ဖြစ်ပြီး များသောအားဖြင့် နားထင်နှစ်ဖက်လုံးတွင် ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာစတင်ပုံမှာ တုပ်ကွေးနှင့်ဆင်တတ်၏။ Giant Cell Arteritis ၏ အဖြစ်များသော လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • အမြဲတမ်း ပြင်းပြင်းထန်ထန်ခေါင်းကိုက်နေခြင်း အထူးသဖြင့် နားထင်နေရာ
  • ဦးရေပြားအား ထိမိလျှင်နာခြင်း
  • ၀ါးလျှင် သို့မဟုတ် ပါးစပ်ကျယ်ကျယ်ဟမိလျှင် မေးရိုးနာခြင်း
  • ဖျားခြင်း
  • မောပန်းလွယ်ခြင်း
  • ဘာမှမလုပ်ရပဲ ကိုယ်အလေးချိန်ထိုးကျသွားခြင်း
  • အမြင်ကွယ်ခြင်း သို့မဟုတ် နှစ်ရိပ်နှစ်ထပ်မြင်ခြင်း အထူးသဖြင့် မေရိုးနာနေသူများ
  • မျက်လုံးတစ်ဖက် ရုတ်ရတ် အမြင်ကွယ်သွားခြင်း

လည်ပင်း၊ ပုခုံး သို့မဟုတ် တင်ပဆုံးဆစ်များ တောင့်တင်း နာကျင်နေခြင်းမှာ ဆက်စပ်ရောဂါ Polymyalgia rheumatic ၏ လက္ခဏာများဖြစ်သည်။ Giant Cell Arteritis ဖြစ်သော လူ ၅၀% တွင် ၎င်းရောဂါတွဲနေတတ်၏။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ခေါင်းတောက်လျှောက်ကိုက်လာခြင်း သို့မဟုတ် အထက်ပါလက္ခဏာ တစ်ခုခုရှိလာပါက ဆရာဝန်နှင့်ပြသရန် မနှောင့်နှေးပါနှင့်။ သင့်အား Giant Cell Arteritis ရှိကြောင်း အတည်ပြုပြီးပါက စောနိုင်သလောက်မြန်မြန်စောပြီး ကုသမှုခံယူကာ အမြင်မကွယ်ရန် ကာကွယ်လိုက်ပါ။

အကြောင်းရင်းများ

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

Giant Cell Arteritis ကြောင့် သွေးလွှတ်ကြောနံရံများ ရောင်လာပါမည်။ ထို့ကြောင့် ဖောင်းကြွလာမည်။ ထိုဖောင်းကြွများမှာ သွေးကြောများကိုကျဉ်းသွားစေကာ သွေးပို့နှုန်းကို လျော့စေနိုင်သည်။ ထို့ကြောင့် အောက်စီဂျင်နှင့် မရှိမဖြစ်အာဟာရများ တစ်ရှူးများဆီသို့ မရောက်ကြတော့ပေ။

သွေးလွှတ်ကြောကြီးများ သို့မဟုတ် အလတ်စားများတွင် အမြဲလိုလိုဖြစ်တတ်သော်လည်း ဖောင်းကြွခြင်းများက နားထင်ရှိ သွေးလွှတ်ကြောများတွင်သာ ဖြစ်တတ်ပါသည်။ ၎င်းတို့မှာ နားရှေ့ဖက်တွင်တည်ရှိပြီး ဦးရေပြားထိရောက်သော သွေးကြောများဖြစ်သည်။ တစ်ခါတစ်ရံ သွေးကြောတစ်နေရာတွင်သာ ဖောင်းကြွမှုဖြစ်စေပြီး ကျန်သည့်နေရတွင် အကောင်းအတိုင်းလည်း ရှိနေနိုင်၏။

ဘာကြောင့်ထိုသို့ရောင်လာရကြောင်းကိုတော့ မသိရသေးပါ။ တစ်ချို့သော ဗီဇများနှင့် ဗီဇမျိုးကွဲများမှာ ဒီအခြေအနေကို ပိုဖြစ်စေကြောင်း တွေ့ရ၏။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

Giant Cell Arteritis  ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက်အရွယ် – Giant Cell Arteritis မှာ အရွယ်ရောက်ပြီးသူများတွင် ဖြစ်တတ်သည်။ အသက် ၇၀ နှင့် ၈၀ တို့တွင် အန္တရာယ်ပေးလက္ခဏာများ ပြတတ်သော်လည်း အသက် ၅၀ ဖြစ်သည်မှာ ရှား၏။
  • လိင် – အမျိုးသမီးများမှာ ၂ ဆ ပိုဖြစ်နိုင်ချေများသည်။
  • လူမျိုးနှင့် နေထိုင်ရာဒေသ – Giant Cell Arteritis မှာ မြောက်ဥရောပ သို့မဟုတ် စကန်ဒီနေးဗီးယန်အနွယ် လူဖြူများတွင် အဖြစ်များဆုံးသည်။
  • Polymyalgia rheumatic – ၎င်းရောဂါဖြစ်ခြင်းက Giant Cell Arteritis ဖြစ်နိုင်ချေပိုမြင့်နိုင်ပါသည်။
  • မိသားစုရာဇ၀င် – တစ်ခါတစ်ရံတွင် ထိုရောဂါမှာ မျိုးရိုးလိုက်တတ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

Giant Cell Arteritis အတည်ပြုရန်ခက်ခဲ၏ အဘယ့်ကြောင့်ဆိုသော် အစောပိုင်းမှာလက္ခဏာများမှာ တခြားသော အခြေအနေများနှင့် ဆင်တူသောကြောင့်ဖြစ်သည်။ ထိုကြောင့် ဆရာဝန်မှာ တခြားဖြစ်နိုင်သော ပြဿနာများကို မဟုတ်ကြောင်းအတည်ပြုရန် လိုအပ်မည်ဖြစ်သည်။

Giant Cell Arteritis ကိုအတည်ပြုရန် အောက်ပါစစ်ဆေးမှုနှင့် လုပ်ထုံးများကို တစ်ချို့ သို့မဟုတ် အကုန်လုပ်ရန် လိုနိုင်ပါသည်။

  • စမ်းသပ်ခြင်း – သင့်လက္ခဏာများနှင့် ရောဂါရာဇ၀င်ကို မေးရုံသာမက စမ်းသပ်မှုများကိုလည်း လုပ်ပါလိမ့်မည်။ နားထင်မှသွေးလွှတ်ကြောများကို အထူးပေးပြီး စမ်းသပ်ပါလိမ့်မည်။ မကြာခဏဆိုသလို တစ်ဖက် သို့ နှစ်ဖက်လုံးမှသွေးလွှတ်ကြောများတွင် သွေးခုန်နှုန်ူနည်းပြီး မာဆတ်ဆတ်ခံစားမှုမျိုးနှင့်အတူ ထိလျှင်နာခြင်းတို့ တွေ့ရှိရနိုင်ပါသည်။
  • သွေးစစ်ခြင်းများ – သင့်၌ Giant Cell Arteritis ရှိကြောင်း ဆရာဝန်မှ သံသယရှိလျှင် ESR ဆိုသော သွေးစစ်မှုတစ်ခုလုပ်ရပါလိမ့်မည်။ ထိုစစ်ဆေးမှုတွင် သွေးနီဥများ စမ်းသပ်ပြွန်အောက်သို့ ဘယ်လောက်မြန်မြန် အနည်ကျကြောင်း တိုင်တာပါသည်။ ESR မြန်လျှင် သင့်ခန္ဓာကိုယ်၌ ရောင်ရမ်းမှုရှိနေကြောင်း သိရနိုင်၏။ CRP ဆိုသော သွေးစစ်မှုလည်း လုပ်ရနိုင်သည်။ ၎င်းမှာ အသည်းမှထုတ်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး ရောင်သည့်အခါ ထွက်လာတတ်၏။ ကုသနေစဉ်တစ်လျှောက် ရောဂါအခြေအနေကို ကြည့်ရန်အတွက် ထိုစစ်ဆေးမှုများကို လုပ်ရနိုင်ပါသည်။
  • အသားစစစ်ခြင်း – Giant Cell Arteritis အား အတည်ပြုရန် အကောင်းဆုံးနည်းမှာ နားထင်သွေးလွှတ်ကြောမှ အသားယူခြင်းဖြစ်ပါသည်။ ထိုလုပ်ထုံးမှာ ထုံဆေးပေးပြီး လုပ်နိုင်သော်လည်း အမာရွတ်ကျန်ခြင်း မအီမသာဖြစ်ခြင်းတို့ ဖြစ်တတ်ပါသည်။ ရလာသောအသားစကို ဓာတ်ခွဲခန်း၌ အဏုကြည့်မှန်ပြောင်းနှင့်ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။

Giant Cell Arteritis တွင် ပုံရိပ်ဖော်နည်းပညာများကိုလည်း သုံးနိုင်ပါသည်။

  • သံလိုက်သွေးကြောဓာတ်မှန် (MRA) – ၎င်းမှာ သံလိုက်ဓာတ်မှနနှင့် သွေးကြောပုံရိပ်မျာပိုကောင်းစေရန် သုံးသောဆိုးဆေးများ ပေါင်းစပ်အသုံးပြုသောနည်း ဖြစ်ပါသည်။ စစ်ဆေးမှုမှာ ပြွန်ရှည်ပုံစံစက်ထဲဝင်ရမည် ဖြစ်သောကြောင့် နေရာကျဉ်းများကို ကြောက်တတ်ပါက ဆရာဝန်အား ကြိုပြောပေးပါ။
  • ဒေါ့ပလာအာထရာဆောင်း – ၎င်းမှာ အသံလှိုင်းများကိုသုံးပြီး သွေးကြောတစ်လျှောက် သွေးစီးသည့်ပုံရိပ်ဖော်ထုတ်ခြင်းဖြစ်သည်။
  • ပိုစီထရွန်ထုတ်လွှတ်သောဓာတ်မှန် (PET) – ရေဒီယိုသတ္တိကြွပစ္စည်းအနည်းငယ်ပါသော ခြေရာခံထိုးဆေးတစ်မျိုးသုံးကာ သွေးကြောပုံရိပ် အသေးစိတ်ပုံဖော်ခြင်း ရောင်သည့်နေရာအား အထူးပြစေခြင်းတို့ ပြုလုပ်နိုင်ပါသည်။

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

Giant Cell Arteritis အားကုသရာတွင် ပရက်နီဇိုလုံးခေါ်သော ကော်တီကိုစတီးရွိုက် ပမာဏများများ သုံးရခြင်းတို့ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော အမြင်ဆုံးရှုံးမှုအား ကာကွယ်ရန်အတွက် ချက်ချင်းကုသမှုလိုအပ်သည်ဖြစ်ရာ အသားစစစ်အား ဆေးအတည်မပြုရသေးခင် ဆေးစပေးရန်လိုသောကြောင့် ဖြစ်ပါသည်။

ကုသမှုစတင်ခါစ ရက်အနည်းအတွင်း ပိုသက်သာလာသလို စခံစားရပါမည်။ အမြင်မကွယ်သေးပါက သုံးလအတွင် အမြင်ပြဿနာများ ပျောက်ကင်းသွားမည်ဖြစ်သည်။

နှစ်နှစ် သို့ ထိုထက်ပိုပြီး ဆေးဆက်သောက်ရန် လိုအပ်နိုင်သည်။ ပထမလပြီးနောက် ဆရာဝန်သည် ဆေးကို တဖြည်းဖြည်းလျော့ပေးကာ ကော်တီကိုစတီးရွိုက်များ အနည်းဆုံးသုံးရမည့် ပမာဏထိအောင် လျော့ပေးပါလိမ့်မည်။

တစ်ချို့လက္ခဏာများ အထူးသဖြင့် ခေါင်းကိုက်ခြင်းမှာ ဆေးလျော့နေစဉ် ပြန်ဖြစ်လာတတ်သည်။ ထိုအခြေအနေမှာ Polymyalgia rheumatic လက္ခဏာများ စဖြစ်တတ်သော အခြေအနေဖြစ်ပါသည်။ ထိုသို့ရောဂါပြန်ကြွခြင်းမှာ ကော်တီကိုစတီးရွိုက်များ အနည်းငယ်တိုးပေးလိုက်လျှင် သက်သာသွားမည်ဖြစ်သည်။ မက်သိုထရီးစိတ်ဟုခေါ်သော ဆေးကို ကော်တီကိုစတီးရွိုက်၏ ဘေးထွက်ဆိုးကျိုးများ သက်သာစေရန် ဆရာဝန်မှ ပေးနိုင်ပါသည်။

ကော်တီကိုစတီးရွိုက်များမှာ အရိုးပွခြင်း၊ သွေးတိုးခြင်းနှင့် ကြွက်သားအားနည်းခြင်းများလို ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပါသည်။ ထိုဘေးထွက်ဆိုးကျိုးများကို ပြန်တိုက်နိုင်ရန်အတွက် ဆရာဝန်သည် သင်၏ အရိုးသိပ်သည်းဆကို စောင့်ကြည်ညပီး ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ ပေးခြင်း သို့မဟုတ် အရိုးမပျက်စေမည့် တခြားဆေးများပေးခြင်းတို့ ပြုလုပ်ပါလိမ့်မည်။ ထို့အပြင် လေ့ကျင့်ခန်း၊ အစားအသောက်ပြောင်ခြင်းနှင့် သွေးညှိဆေးများကို ပေးနိုင်ပါသည်။ ကော်တီကိုစတီးရွိုက်များကို တဖြည်းဖြည်းလျော့ပြီး ရပ်လိုက်သည်နှင့် ဘေးထွက်ဆိုးကျိုးများမှာလည်း ပျောက်သွားမည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။