Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကဘာလဲ။

Generalize Anxiety disorder (GAD) ကို ကိစ္စတစ်ခုအတွက် စိုးရိမ်သောကရောက်ရန် အကြောင်းရင်းမရှိသော်လည်း အလွန်အကျူး စိုးရိမ်တတ်ခြင်း၊ ပူပန်သောကရောက်တတ်ခြင်းနှင့် သတ်မှတ်နိုင်ပါသည်။ GAD ရှိသောလူများမှာ အမြဲလိုလို အပျက်ကိုသာတွေးနေတတ်ပြီး ကျန်းမာရေး၊ ငွေကြေး၊ မိသားစု၊ အလုပ်၊ ကျောင်း စသည်တို့ကို အမြဲသောကရောက်နေတတ်သည်။ GAD ဖြစ်နေသူများ၏ ပူပန်သောကမှာ လက်တွေ့မဆန်သလို ဖြစ်နေသည့်ကိစ္စထက်ကို ပိုလွန်ကျူးနေသည်မျိုးဖြစ်သည်။ နေစဉ်ဘဝတွင် တောက်လျှောက်ပူပန်နေခြင်း၊ ကြောက်ခြင်းနှင့် စိတ်ညစ်ခြင်းတို့ ဖြစ်လာနိုင်သည်။ နောက်ဆုံးတွင် စိုးရိမ်စိတ်မှာ လူတစ်ကိုယ်လုံးကို အနိုင်ရသွားပြီး နေစဉ်လုပ်ငန်းများ အလုပ်၊ ကျောင်း၊ လူမှုရေးနှင့် ဆက်ဆံရေးတို့တွင် အနှောက်အယှက်ဖြစ်လာပါသည်။

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

GAD သည် အသက်ကြီးသောသူများတွင် အဖြစ်များဆုံး စိုးရိမ်မှုရောဂါတစ်ခုဖြစ်ပြီး ထိုအသက်အရွယ်တွင် ဖြစ်ရသောအကြောင်းရင်းမှာ များသောအားဖြင့် ချောလဲခြင်း အပြင်းဖျားနာခြင်း စသည့် ထိခိုက်စရာ အဖြစ်အပျက်မှစတင်ခြင်းဖြစ်သည်။ အမျိုးသမီးများမှာ အမျိုးသားများထက် ၂ ဆ ပိုဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • အလွန်အကျူး တောက်လျှောက် ပူပန်နေခြင်း စိတ်တင်းကြပ်နေခြင်း
  • ပြဿနာများအား မမှန်မကန်မြင်ခြင်း
  • ဂဏာမငြိမ်ခြင်း သို့မဟုတ် အမြဲတမ်းစိတ်တိုနေခြင်း
  • စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း
  • ကြွက်သားများတင်းနေခြင်း
  • ခေါင်းကိုက်ခြင်း
  • ချွေးထွက်ခြင်း
  • အာရုံစိုက်ရခက်ခြင်း
  • ပျို့ခြင်း
  • အိမ်သာခဏခဏသွားချင်ခြင်း
  • မောပန်းလွယ်ခြင်း
  • အိပ်ရခက်ခြင်း အိပ်မပျော်ခြင်း
  • တုန်နေတတ်ခြင်း
  • ထိတ်လန့်တုန်လှုပ်လွယ်ခြင်း

ထို့အပြင် GAD ရှိသောသူများမှာ တခြားသော စိုးရိမ်မှုဆိုင်ရာရောဂါများ (ဥပမာ အကြောက်ရောဂါ သို့မဟုတ် ဖိုးဘီးယားများ)၊ အစွဲလွန်ရောဂါ၊ စိတ်ကျရောဂါ နှင့် မူးယစ်ဆေးပြဿနာ၊ အရက်စွဲခြင်းများပါ ရှိနေတတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • စိတ်အလွန်ပူတတ်ခြင်း – အလုပ်၊ ဆက်ဆံရော သို့မဟုတ် သင့်နေစဉ်ဘဝကို အနှောက်အယှက်ဖြစ်သည်အထိ ပူပန်တတ်ခြင်း
  • စိတ်ဓါတ်ကျခြင်း – အရက် ဆေးစွဲပြဿနာ၊ သို့မဟုတ် စိုးရိမ်စိတ်နှင့်တွဲနေသော တခြားစိတ်ရောဂါများရှိနေလျှင်
  • ကိုယ့်ကိုယ်သတ်သေချင်ခြင်း – အရေးပေါ်ကုသမှု ချက်ချင်းခံယူပါ။

သင်၏ပူပန်သောကများမှာ အလွယ်တကူပျောက်မသွားပဲ အချိန်နှင့်အမျှပိုပိုဆိုးလာနိုင်သည်။ စိုးရိမ်စိတ်မလွန်ကဲခင် အထူးကုနှင့်ပြသဖို့ ကြိုးစားပါ။ စောစောကုလျှင် ပိုလွယ်ကူစေပါလိမ့်မည်။

အကြောင်းရင်းများ

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

တခြားသော စိုးရိမ်စိတ်ဆိုင်ရာရောဂါများကဲ့သို့ပင် GAD မှာလည်း အကြောင်းရင်းကို တိတိကျကျ နားမလည်သေးပါ။ သို့သော်လည်း မျိုးရိုးဗီဇအပြင် ဖြစ်ပွားစေသည့် အန္တရာယ်များ ရှိနေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Generalize Anxiety disorder ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ကိုယ်ရေကိုယ်သွေး – လူတစ်ယောက်၏ စရိုက်တွင် ရှက်ကြောက်တွန့်ဆုတ်ခြင်း သို့မဟုတ် အပျက်သာမြင်ခြင်း သို့မဟုတ် အန္တရာယ်ဖြစ်သမျှ အကုန်ရှောင်နေခြင်း တို့ရှိနေပါက တခြားသူများထက် GAD ဖြစ်နိုင်ချေပိုများပါသည်။
  • မျိုးရိုးဗီဇ – GAD မှာ မျိုးရိုးလိုက်တတ်၏။

အမျိုးသမီးဖြစ်ခြင်း – GAD ရှိနေကြောင်း အတည်ပြုခံရသော အမျိုးသမီးများမှာ အမျိုးသားများထက် အရေအတွက်ပိုများပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

GAD အားအတည်ပြုရန်အတွက် ဆရာဝန်မှ အောက်ပါတို့ကို ပြုလုပ်ပါလိမ့်မည်။

  • သင်၏စိုးရိမ်စိတ်မှာ အောက်ခံရောဂါအကြောင်း တစ်ခုခုနှင့်ဆက်စပ်မှုရှိမရှိသိရန် စမ်းသပ်ပါလိမ့်မည်။
  • ရောဂါတစ်ခုခုအား သံသယရှိပါက သွေးစစ် ဆီးစစ် နှင့် တခြားစစ်ဆေးမှုများကို လုပ်ခိုင်းပါမည်။
  • သင့်လက္ခဏာများနှင့် ရောဂါရာဇဝင်ကို အသေးစိတ်မေးပါလိမ့်မည်။
  • အတည်ပြုရာတွင် အကူအညီဖြစ်ရန် စိတ်ပညာဆိုင်ရာ မေးခွန်များကိုသုံးပါလိမ့်မည်။

များစွာသော ကျွမ်းကျင်သူတို့မှာ အမေရိကန် စိတ်ရောဂါအထူးကုအဖွဲ့အစည်းမှ ထုတ်ပြန်သော Diagnostic and Statistical Manual of Mental Disorders (DSM-5) ပါ အချက်များသုံးပြီး စိတ်အခြေအနေအား ရောဂါအမည်တပ်ကြပါသည်။ ထိုညွှန်တမ်းကို အာမခံကုမ္ပဏီများမှ စားရိတ်ထုတ်ပေးရန်အတွက်လည်း သုံးကြ၏။ DSM-5 အချက်များတွင် အောက်ပါတို့ပါဝင်သည်။

  • ရက်သတ္တပတ်တစ်ခုအတွင်း ရက်တော်တော်များများ၌ ဖြစ်ရပ်များစွာတို့အတွက် စိုးရိမ်စိတ်နှင့် ပူပန်သောက အလွန်အကျူးဖြစ်နေခြင်း အနည်းဆုံး ၆ လလောက်ရှိနေသည်။
  • ပူပန်တတ်သည့်စိတ်အား ထိန်းချုပ်ရာတွင် အခက်အခဲရှိသည်။
  • အောက်ပါ လက္ခဏာများ အရွယ်ရောက်သူတွင် အနည်းဆုံး ၃ ခု၊ ကလေးများတွင် ၁ ခု ရှိနေသည် – ဂဏာမငြိမ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အာရုံစိုက်ရာတွင်ပြဿနာရှိခြင်း၊ စိတ်ဆိုးမာန်ဆိုးလွယ်ခြင်း၊ ကြွက်သားများတောင့်တင်းနေခြင်း သို့မဟုတ် အိပ်ရခက်ခြင်း
  • စိုးရိမ်စိတ် သို့မဟုတ် ပူပန်မှုမှာ သိသိသာသာ အနှောက်အယှက်ဖြစ်နေစေသည်။ သို့မဟုတ် သင့်နေ့စဉ်ဘဝကို နှောက်ယှက်နေသည်။
  • တခြားသော စိုးရိမ်စိတ်ဆိုင်ရာရောဂါများ ဥပမာ အကြောက်လွန်တတ်ခြင်း သို့မဟုတ် ထိခိုက်ပြီးနောက် ဖိစီးမှုကမောက်ကမရောဂါ (PTSD)၊ မူးယစ်ဆေးဝါးသုံးခြင်း သို့မဟုတ် ရောဂါတစ်ခုခုရှိနခြင်း စသည်ကိစ္စများနှင့် မသက်ဆိုင်သော စိုးရိမ်စိတ်ဖြစ်နေတတ်သည်။

GAD မှာ တခြားသော စိတ်ရောဂါများနှင့် တွဲဖြစ်နေတတ်သောကြောင့် ရောဂါကိုအတည်ပြုခြင်းနှင့် ကုသခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်စေပါသည်။ GAD နှင် တွဲနေတတ်သော စိုးရိမ်စိတ်ဆိုင်ရာရောဂါများမှာ –

  • ဖိုးဘီးယားများ
  • အကြောက်လွန်တတ်ခြင်း
  • စိတ်ကျရောဂါ
  • ဆေးဝါးအလွဲသုံးစားတတ်ခြင်း
  • PTSD

e

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

GAD အတွက် အဓိက ကုသမှုနှစ်မျိုးမှာ စိတ်ကုခြင်းနှင့် ဆေးဝါးများဖြစ်သည်။ နှစ်ခုပေါင်းကုသခြင်းက သင့်ကိုပိုအကျိုးများစေပါသည်။ ဘယ်ကုသမှုက အကောင်းဆုံးလဲဆိုတာ သိရန်အတွက် သင့်ကိုစမ်းကုခြင်းများ ပြုလုပ်ခံရပါမည်။

စိတ်ကုသမှု

စကားပြောကုထုံး သို့မဟုတ် စိတ်ပညာဆိုင်ရာ အပြုအမူကုထုံးဟုလည်းခေါ်သည့် စိတ်ကုသမှုတွင် အထူးကုနှင့်အတူတွဲကာ စိုးရိမ်စိတ်လက္ခဏာများကို လျော့မှုပါဝင်ပါသည်။ ၎င်းမှာ GAD အတွက် ကောင်းမွန်သော ကုသမှုဖြစ်သည်။

Cognitive behaviourak ကုထုံးမှာ GAD အတွက် အကောင်းဆုံး စိတ်ကုသမှုပုံစံတစ်မျိုးဖြစ်ပါသည်။ ယေဘုယျအားဖြင့် ရေတိုသာကုသရပြီး သင့်စိုးရိမ်စိတ်ကြောင့် ရှောင်နေခဲ့သောအရာများကို တဖြည်းဖြည်းပြန်လုပ်လာနိုင်အောင် သင်ပေးခြင်းဖြစ်သည်။ ထိုကုထုံးကြောင့် သင့်အတွင်းစိတ်ကို အောင်မြင်အောင် တည်ဆောက်စေပြီး လက္ခဏာများပါ သက်သာလာမည်ဖြစ်သည်။

ဆေးဝါးများ

GAD အတွက် ဆေးအမျိုးအစားများစွာကို သုံးပါသည်။ အောက်ပါတို့၏ အကျိုးအပြစ်များကို ဆရာဝန်နှင့် ဆွေးနွေးပါ။

  • စိတ်ကျကုဆေးများ – selective serotonin reuptake inhibitor (SSRI) နှင့် serotonin norepinephrine reuptake inhibitor (SNRI) အမျိုးအစားများမှာ ပထမတန်းကုသဆေးများ ဖြစ်ကြပါသည်။ GAD အားကုသရာတွင်သုံးသော စိတ်ကျကုဆေးနမူနာများမှာ escitalopram (Lexapro), duloxetine (Cymbalta), venlafaxine (Effexor XR) နှင့် paroxetine (Paxil, Pexeva) တို့ဖြစ်သည်။ ဆရာဝန်မှ တခြား စိတ်ကျကုဆေးများကိုလည်း ပေးနိုင်ပါသည်။
  • Buspirone – စိုးရိမ်စိတ်ကုဆေးဖြစ်သော Buspirone ကို အခြေခံအနေဖြင့် သုံးကြပါသည်။ စိတ်ကျကုဆေးအများစုမှာ အစွမ်းအကုန်ပြဖို့အတွက်ဆို ရက်သတ္တပတ်များစွာ ကြာတတ်သောကြောင့် ဖြစ်ပါသည်။
  • Benzodiazepines – ကန့်သတ်မှုရှိသော အခြေအနေတစ်ချို့တွင် ဆရာဝန်မှ အဆိုပါ စိတ်ငြိမ်ဆေးများကို စိုးရိမ်မှုလျော့ရန်အတွက် ညွှန်ပါလိမ့်မည်။ ဥပမာအားဖြင့် alprazolam (Niravam, Xanax), chlordiazepoxide (Librium), diazepam (Valium) နှင့် lorazepam (Ativan) များ။ Benzodiazepines ကို ရုတ်တရက်ပြင်းထန် စိုးရိမ်စိတ်ရောဂါအတွက် ရေတိုအနေဖြင့်သာသုံးပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ ဆေးစွဲတတ်ပြီး သင့်တွင် အရက် မူးယစ်ဆေးပြဿနာရှိနေပါက ကောင်းမွန်သည့် ရွေးချယ်မှုမဟုတ်သောကြောင့်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Generalize Anxiety disorder ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Generalize Anxiety disorder ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • ရုပ်ပိုင်းဆိုင်ရာ တက်ကြွနေပါစေ – ရက်အတော်များများတွင် လှုပ်ရှားနေနိုင်မည့် နေ့စဉ်ကိစ္စများကို ချမှတ်ထားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ဖိစီးမှုကိုလျော့စေပါသည်။ ၎င်းက သင်၏ စိတ်အခြေအနေကို တိုးတက်စေပြီး ကျန်းမာစေပါလိမ့်မည်။ အစတွင် ပြင်းပြင်းထန်ထန်မလုပ်ပဲ တဖြည်းဖြည်း တိုးသွားပေးပါ။
  • အရက်နှင့် တခြားစိတ်ငြိမ်ဆေးများကို ရှောင်ပါ။ ၎င်းတို့က စိုးရိမ်စိတ်ကို ပိုဆိုးဝါးစေပါသည်။
  • ဆေးလိပ်ဖြတ်ပါ။ ကော်ဖီလျော့ပြီး ဖြည်းဖြည်းချင်းဖြတ်ပါ။ နီကိုတင်းရော ကဖိန်းရောက စိုးရိမ်စိတ်ကို ပိုတိုးစေတတ်ပါသည်။
  • ပြေလျော့စေမည့် နည်းများကိုသုံးပါ – စိတ်ကူးပုံဖော်သည့်နည်း၊ တရားထိုင်ခြင်းနှင့် ယောဂတို့မှာ စိုးရိမ်စိတ်ကို ပြေလျော့စေသော နည်းစနစ်များဖြစ်ပါသည်။
  • အိပ်စက်မှုကို ဦးစားပေးပါ။ အနားကောင်းကောင်း ယူပြီးပြီဟု ခံစားနိုင်ရန်အတွက် လုံလုံလောက်လောက်အိပ်စက်ပေးပါ။ အိပ်ပျော်ရခက်လျှင် ဆရာဝန်နှင့်တွေ့ပါ။
  • ကျန်းမာစွာစားသောက်ပါ။ ဥပမာ အသီးအရွက်၊ ဂျုံကြမ်း၊ ငါး စသည်တို့ကို အဓိကထားစားခြင်းက စိုးရိမ်စိတ်ကို လျော့ကျစေကြောင်း တွေ့ထားသော်လည်း သုတေသနထပ်လုပ်ရန်တော့ လိုနေပါသေးသည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတ် 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။