Xeroderma pigmentosum (ဇီရိုဒါးမားပစ်မမ်တိုစမ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 5 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဇီရိုဒါးမားပစ်မမ်တိုစမ် ဆိုတာဘာလဲ။

ဇီရိုဒါးမားပစ်မမ်တိုစမ် (XP) ဆိုတာ နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ကို မခံနိုင်သောမွေးရာပါ အရေပြားရောဂါတစ်မျိုးပါ။ များသောအားဖြင့် နေရောင်ခြည်ဖြင့်ထိတွေ့သော နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အရေပြား၊ မျက်ခွံနဲ့ မျက်လုံးမျက်နှာပြင်တို့က အထိခိုက်ဆုံးနေရာများဖြစ်သော်လည်း လျာထိပ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ တချို့တွေမှာ အာရုံကြောတွေမှာ ထိခိုက်ခံရနိုင်ပါတယ်။

ဇီရိုဒါးမားပစ်မမ်တိုစမ်ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

XP ဟာ ယောက်ျားလေးကော မိန်းကလေးပါ ဖြစ်ပွားနိုင်ခြေတူပါတယ်။ ထိုရောဂါနဲ့ သက်ဆိုင်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကို နေရာဒေသအချို့မျာ တွေ့ရှိရပါတယ်။ ထိုနေရာဒေသတွေမှာ XP ဖြစ်ပွားနှုန်းမြင့်မားကြပါတယ်။ အမေရိကန်နဲ့ ဥရောပတိုက်တို့မှာဆိုရင် ရောဂါဖြစ်ပွားနှုန်း လူ၁၀သိန်းမှာ ၁ယောက်ပါ။ ဂျပန်မှာဆိုရင် ပိုဖြစ်ကြပြီး ဖြစ်ပွားနှုန်းက အယောက် ၂သောင်း၂ထောင်မှာ ၁ယောက်ပါ။ မြောက်အာဖရိကဒေသများ (ဥပမာ တူနီးရှား၊ အယ်ဂျီးရီးယား၊ မော်ရိုကို၊ လစ်ရာ၊ အီဂျစ်)နဲ့ အရှေ့အလယ်ပိုင်းဒေသများ (ဥပမာ တာကီ၊ အစ္စရေး၊ စီးရီးယား) တို့မှာလည်း XP ဖြစ်ပွားနှုန်းမြင့်မားလာတာကို တွေ့ရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဇီရိုဒါးမားပစ်မမ်တိုစမ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဇီရိုဒါးမားပစ်မမ်တိုစမ်လူနာတွေဟာ ခရမ်းလွန်ရောင်ခြည်ရဲ့ DNA ဖျက်စီးမှုဒဏ်ကို မခံနိုင်ကြပါဘူး။ ခရမ်းလွန်ရောင်ခြည်က နေရောင်ခြည်၊ အကာအကွယ်မရှိသောဖလော်ရက်စန့်မီးလုံး၊ မာကျူရီအငွေ့ဖြင့်လင်းသော မီးများနဲ့ ဟေလိုဂျင်ဖြင့်ပြုလုပ်သောမီးလုံးများမှ လာပါတယ်။ ရောဂါလက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက် ကွြဲုပါးကြသော်လည်း အရေပြား၊မျက်လုံးနဲ့ အာရုံကြောစနစ်တွေကတော့ သေချာပေါက်ထိခိုက်ခံရမှာပါ။

အရေပြားထိခိုက်မှုများ

XP လူနာတစ်ဝက်လောက်က နေရောင်ခြည် ထိတာ ၁၀မိနစ်လောက်တောင်မကြာဘဲ အရေကြည့်ဘုတွေ ထလာတတ်ကြပါတယ်။ ထိုအပူလောင်နာတွေဟာ ရက်ပေါင်းများစွာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ပျောက်ကင်းဖို့ ၁ပတ်နဲ့အထက် ကြာမြင့်ပါတယ်။

XP လူနာ အခြားတစ်ဝက်လောက်ကတော့ နေပူမလောင်သော်လည်း နေနဲ့အနည်းငယ်ထိတွေ့ပြီးနောက်မှာ အသားညိုသွားတတ်ကြပါတယ်။ ထိုအမျိုးအစား၂ခုလုံးမှာတော့ တင်းတိပ်၊ မှဲ့ခြောက်တွေထွက်လာတာမျိုး ရှိတတ်ပါတယ်။ Lentigo လို့ခေါ်ပြီး အသက်၂နှစ်မတိုင်ခင်မှာ ဖြစ်ပေါ်တတ်ကြပါတယ်။ Lentigo ကို နေရောင်ထိတွေ့တဲ့ အရေပြားတိုင်းမှာ တွေ့ရသော်လည်း မျက်နှာမှာတော့ အဖြစ်များပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ပြန်လည်းမကောင်းမွန်နိုင်တော့သော အရေပြားထိခိုက်မှုတွေ ဖြစ်ပါတယ်။ နေရောင်နဲ့ခဏခဏထိတွေ့ခြင်းက ဇီရိုးစစ် (ခြောက်သွေ့သော အထိခိုက်မခံသောအရေပြား)၊ ပွိုင်ကီလိုဒါးမား (အရေပြားရောင်ခြယ်ဆဲလ်များခြင်း၊နည်းခြင်းတို့ရောနေခြင်း)၊ အရေပြားပါးခြင်းနှင့် တီလန်ဂျီတေးစီးယား (သွေးကြေားလေးတွေကျယ်လာပြီး အရေပြားမှာ အနီကြောင်းများနဲ့ အခြားပုံစံများဖြစ်ပေါ်ခြင်း)တို့ကို ရရှိစေနိုင်ပါတယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်မရှိသော်လည်း ပွိုင်ကိလိုဒါးမားကို အသက်ကြီးသူတွေ၊ လယ်သမားတွေ၊ သင်္ဘောသားတွေလိုမျိုး နေရောင်ခြည်နဲ့ နှစ်ပေါင်းများစွာထိတွေ့ပြီးသူတွေမှာ တွေ့ရတတ်ပါတယ်။

ဇီရိုဒါးမားပစ်မမ်တိုစမ်လူနာတွေ နေရောင်ခြည်နဲ့ ဆက်တိုက်ခဏခဏထိတွေ့မယ်ဆိုရင် အကြိုကင်ဆာအရေပြားအစက်များနဲ့ အရေပြားကင်ဆာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

မျက်လုံးထိခိုက်မှုများ

မျက်ခွံနဲ့ မျက်လုံးမျက်နှာပြင်တို့ဟာ နေရောင်ခြည်နဲ့ ထိတွေ့ကြရပြီး အသက်၁၀နှစ်အတွင်းမှာ ထိခိုက်မှုဒဏ်တွေ ခံစားကြရမှာပါ။

အလင်းမကြည့်နိုင်ခြင်း (အလင်းကြောင့်နာကျင်ခြင်း)က အဖြစ်များပြီး ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ မျက်လုံးချွဲမြှေးပါး (မျက်ဖြူသား) လည်း ရောင်နိုင်ပါတယ်။ မျက်လုံးလည်း ခြောက်နိုင်ပါတယ်။ ထိုထိခိုက်မှုတွေက အမြင်အာရုံအပေါ်သက်ရောက်ပြီး မျက်လုံးကန်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ခဏခဏထိတွေ့ပါက မျက်ခွံပါးသွားခြင်း၊ မျက်တောင်ကျွတ်ခြင်း၊ မျက်လုံးအကာအကွယ်မရှိတော့ခြင်းနဲ့ အမြင်အာရုံမကောင်းတော့ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

မျက်ခွံ၊ မျက်လုံးဘေးနားတစ်ရှုး၊ မျက်ကြည်လွှာနဲ့ မျက်ဖြူသားတို့မှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်ပွားနိုင်ပါတယ်။

အာရုံကြောထိခိုက်မှုများ

၂၅ရာခိုင်နှုန်သော လူနာတွေမှာ အာရုံကြောပျက်စီးမှုတွေ တွေ့ကြရပါတယ်။ ဖြစ်ပွားချိန်တွေ၊ ဆိုးရွားမှုတွေတော့ ကွဲပြားကြပါတယ်။

အာရုံကြောပျက်စီးတဲ့လူနာတွေရဲ့ ဦးနှောက်တွေဟာ သေငယ်ကျုံ့ရှုံ့သွားကြပြီး ဦးနှောက်အရည်အခန်းငယ်တွေ ကျယ်လာကြပါတယ်။

ကင်ဆာရောဂါ

ဇီရိုဒါးမားပစ်မမ်တိုစမ်လူနာတွေဟာ ကင်ဆာဖြစ်ပွားနိုင်ခြေများကြပါတယ်။ မီလန်နိုးမား မဟုတ်သော အရေပြားကင်ဆာများ (ဥပမာ အရေပြားအောက်ခြေဆဲလ်ကင်ဆာ၊ အရေပြားအပေါ်ယံဆဲလ်ကင်ဆာ)တို့ရဲ့ ဖြစ်နိုင်ခြေက သာမန်အသက်၂၀အောက်လူတစ်ယောက်ထက် အဆ၁သောင်း ပိုများပါတယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်လူနာတွေမှာ အသက်၉နှစ်တွင် မီလန်နိုးမားမဟုတ်သော ကင်ဆာရောဂါကို စတင်ခံစားကြရပါတယ်။ သာမန်လူတစ်ယောက်ထက် အနှစ်၅၀စောပါတယ်။ မီလန်နိုးမာကင်ဆာကတော့ သာမန်လူထက် ဖြစ်နိုင်ခြေ အဆ၂၀၀၀များပါတယ်။ အသက်၂၂နှစ်မှာ စတင်လေ့ရှိပြီး သာမန်လူတစ်ယောက်ထက် နှစ်၃၀စောပါတယ်။ ခံတွင်းတွင်ဖြစ်သောကင်ဆာများ အထူးသဖြင့် လျာထိပ်တွင်ဖြစ်သော အပေါ်ယံဆဲလ်ကင်ဆာကို အသားမဲတဲ့လူတွေမှာ အဓိကခံစားရလေ့ရှိပါတယ်။ အတွင်းပိုင်းကင်ဆာတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဦးနှောက်တွင် ဂလီအိုဘလက်စတိုးမား၊ ကျောရိုးမကြီးတွင်း အက်စထရိုစိုက်တိုးမား၊ ဆေးလိပ်သမားများမှာ အဆုတ်ကင်ဆာနဲ့ ရှားရှားပါးပါး သွေးကင်ဆာ တို့ပဲဖြစ်ပါတယ်။ သိုင်းရွိုက်၊ သားအိမ်၊ ရင်သား၊ ပန်ကရိယ၊ အစာအိမ်၊ ကျောက်ကပ်နဲ့ ဝှေးစေ့တို့မှာလည်း ကင်ဆာဖြစ်ပွားနိုင်ဖွယ်ရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဇီရိုဒါးမားပစ်မမ်တိုစမ်ဖြစ်ပွားစေသလဲ။

ဇီရိုဒါးမားပစ်မမ်တိုစမ်ဆိုတာ မွေးရာပါရောဂါတစ်မျိုးပါ။ အမျိုးအစားတစ်မျိုးချင်းစီက ကွဲပြားတဲ့မျိုးရိုးဗီဇပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ အမျိုးအစားတိုင်းကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ DNA ပြန်မပြင်နိုင်ခြင်း၊ မပွားများနိုင်ခြင်းတို့ကြောင့်ဖြစ်ရတာပါ။

အမျိုးအစားတစ်ခုချင်းစီက ပြောင်းလဲသွားတဲ့မျိုးရိုးဗီဇတွေ ကွဲပြားကြသော်လည်း နေရောင်မခံနိုင်တာကတော့ ရှင်းပါတယ်။ နာကျင်သော နေလောင်ခြင်းများနဲ့ ကြာလာရင်၊ မကာကွယ်ထားရင် အရေပြားကင်ဆာဖြစ်ပွားခြင်းတို့က အမြဲတမ်းပါပဲ။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဇီရိုဒါးမားပစ်မမ်တိုစမ် ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ယခုတွေ့ရှိပြီးသားဖြစ်တဲ့ ဇီရိုဒါးမားပစ်မမ်တိုစမ်အမျိုးအစား၈ခုထဲမှ ၇ခုက ငုတ်လျှိုးမျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။ ဆိုလိုတာက မိဘ၂ပါးလုံးမှာ မျိုးရိုးဗီဇ၁ခုဆီရှိကြသော်လည်း သူတို့ကိုယ်တိုင်တော့ ရောဂါမခံစားကြရပါဘူး။ နောက်အမျိုးအစား၁ခုကတော့ လွှမ်းမိုးမျိုးရိုးမျိုးရိုးဗီဇဖြစ်ပါတယ်။ ထိုအမျိုးအစားမှာတော့ မိဘတစ်ပါးကပဲ ချို့ယွင်းမျိုးရိုးဗီဇရှိဖို့လိုအပ်ပါတယ်။ မျိုးရိုးဗီဇရှိတဲ့မိဘက သယ်ဆောင်သူတစ်ယောက်မဟုတ်တော့ဘဲ ရောဂါခံစားရသူတစ်ယောက်ဖြစ်သွားမှာပါ။

အလင်းရောင်မခံနိုင်ခြင်းနဲ့ ပျက်စီးသွားသော DNA ကိုမပြင်ဆင်နိုင်တော့စေသော မျိုးရီုးဗီဇချို့ယွင်းမှုတို့ဖြင့် ခွဲခြားထားသော ဇီရိုဒါးမားပစ်မမ်တိုစမ် အခြားအမျိုးအစားများစွာရှိပါတယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်ရှိမယ်ဆိုရင် အောက်ပါအခြေအနေများထဲမှ တစ်ခုဖြင့် စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

  • ထရိုင်ခိုသီယိုဒစ်ထရိုဖီ
  • ဘလွန်း စင်ဒရုန်း
  • နီးဒင်ဝေါ စင်ဒရုန်း သို့မဟုတ် ကော့ကင်း စင်ဒရုန်း

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဇီရိုဒါးမားပစ်မမ်တိုစမ် ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဇီရိုဒါးမားပစ်မမ်တိုစမ်ဟာ ရှားပါးတဲ့အပြင် အလင်မခံနိုင်ခြင်းကို အခြားသောရောဂါများကလည်း ဖြစ်စေတဲ့အတွက်ကြောင့် များသောအားဖြင့် ဆရာဝန်တွေ မစမ်းသပ်ကြပါဘူး။

ကလေးမှာ ထိုရောဂါလက္ခဏာတွေ တွေ့လာရပြီဆိုရင် ဆရာဝန်က အခြားရောဂါများကို ဖယ်ထုတ်စဉ်းစားနည်းဖြင့် အဖြေထုတ်ပါလိမ့်မယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်လို့ သံသယရှိမယ်ဆိုရင် ရောဂါလက္ခဏာတွေကို မှတ်စုနဲ့မှတ်ထားခြင်းက ရောဂါရှာဖွေအတည်ပြုတာကို အထောက်အကူပြုနိုင်ပြီ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။

မိသားစုထဲမှာ ဇီရိုဒါးမားပစ်မမ်တိုစမ်ဖြစ်ဖူးတဲ့သူရှိမယ်ဆိုရင် သွေးနဲ့တံတွေးတို့ကိုစစ်ဆေးပါလိမ့်မယ်။ ကိုယ်ဝန်ရှိနေစဉ် ရင်သွေးငယ်လေးမှာ ရှိမရှိသိချင်တယ်ဆိုရင် အမ်နီယိုစန်တီးစစ်ဖြင့် စစ်ဆေးနိုင်ပါတယ်။ ထိုစစ်ဆေးမှုက ရေမွှာရည်ကိုပြုလုပ်တာဖြစ်ပြီး ဇီရိုဒါးမားပစ်မမ်တိုစမ်နဲ့ အခြားသေားမျိုးရိုးဗီဇရောဂါတွေကို စစ်ဆေးတွေ့ရှိစေနိုင်ပါတယ်။

ဇီရိုဒါးမားပစ်မမ်တိုစမ်လို့ သံသယရှိပါက စစ်ဆေးမှုမျိုးစုံဖြင့် ထိုရောဂါရှိမရှိနဲ့ ရောဂါအမျိုးအစားကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

ထိုစစ်ဆေးမှုတွေက အောက်ပါတို့ဖြစ်ပါတယ်။

  • မိသားစုရာဇဝင် လိုက်ခြင်း
  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ
  • ရောဂါလက္ခဏာ အကဲဖြတ်မှုများ
  • မျိုးရိုးဗီဇစစ်ဆေးမှုများ

ဇီရိုဒါးမားပစ်မမ်တိုစမ်ကို ဘယ်လိုကုသလဲ။

ဇီရိုဒါးမားပစ်မမ်တိုစမ်အတွက် ကုသမှုမရှိသေးပါဘူး။ ဒါပေမယ့်လည်း ထိုရောဂါကြောင့်ဖြစ်လာမယ့် ပြဿနာအချို့ကို ဖြေရှင်ဖို့၊ ကာကွယ်ဖို့နည်းလမ်းတွေတော့ရှိပါတယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်ထိန်းချုပ်မှုမှာပါတဲ့ နည်းဗျူဟာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ခရမ်းလွန်ရောင်ခြည်မှကာကွယ်ခြင်း
  • မျက်လုံးနှင့်အရေပြားစမ်းသပ်မှုများ ခဏခဏပြုလုပ်ပေးခြင်း
  • ကင်ဆာတစ်ရှုးများထုတ်လိုက်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ၊ လှုမှုရေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း

အက်တင်နစ်ကာရာတိုးစစ်လိုမျိုး အကြိုကင်ဆာအရေပြားပြဿနာများကို နိုက်ထရိုဂျင်အရည်ဖြင့် ခဲလိုက်နိုင်ပါတယ်။ နေလောင်ဒဏ်ရာကြီးကြီးတွေကို 5-Fluorouracil သို့မဟုတ် Imiquimod လိမ်းဆေးဖြင့် ကုသပေးနိုင်ပါတယ်။

ရှားရှားပါးပါး ဒါမက်တုမ်းလွှာခြင်း သို့မဟုတ် Dermabrasion တို့ဖြင့် အပေါ်ပိုင်းထိခိုက်ခံရတဲ့ အလွှာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကင်ဆာကို အီလက်ထရိုဒက်စီကေးရှင်းနဲ့ ကျူးရီတေ့ (ရောဂါဖြစ်နေတဲ့အလွှာကိုဖယ်ရှားပြီး လျှပ်စစ်ဓါတ်သုံးကာ ကျန်ရှိနေသောဆဲလ်များကို သတ်ခြင်း) ၊ ခွဲစိတ်ဖယ်ရှာခြင်းနှင့် ဓါတုကုထုံးတို့လိုမျိုး စံလုပ်ငန်းစဉ်တွေဖြင့် ရင်ဆိုင်နိုင်ပါတယ်။ Isotretinion သို့မဟုတ် Acitretin တို့ကို အချိုးအစားများမျာပေးခြင်းဖြင့် နောင်ထပ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မျက်ခံ၊ မျက်ဖြူသားနဲ့ မျက်ကြည်လွှာကင်ဆာတွေကိုတော့ ခွဲစိတ်ကုသပါတယ်။

မျက်လုံးအလွှာရောင်ခြင်းနှင့် မျက်ကြည်လွှာအလင်းပိတ်ခြင်းတို့ အရမ်းဆိုးမယ်ဆိုရင် မျက်ကြည်လွှာအစားထိုးဖို့လိုအပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဇီရိုဒါးမားပစ်မမ်တိုစမ်ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဇီရိုဒါးမားပစ်မမ်တိုစမ်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • နေရောင်ခြည်နဲ့ အခြားခရမ်းလွန်ရောင်ခြည်ထွက်တဲ့အရာတွေကို ရှောင်ကျဉ်ပါ။ ဆိုလိုတာက အပြင်ထွက်ရည် နေရောင်ခံလိမ်းဆေးတွေလိမ်းပြီး အကာအကွယ်အပြည့်ဝတ်ဆင်ကာ အပြင်ထွက်ဖို့ဖြစ်ပါတယ်။
  • အိမ်တွင်းမှာဆိုရင်လည်း ပြတင်းပေါက်တွေနဲ့ ခရမ်းလွန်ရောင်ခြည်ရင်းမြစ်တွေကို ရှောင်ကျဉ်ပါ။ အိမ်၊ကျောင်းနဲ့ အလုပ်တို့မှာရှိတဲ့ အလင်းထုတ်ပစ္စည်းတွေက ခရမ်းလွန်ရောင်ခြည်ထုတ်မထုတ်ကို ခရမ်းလွန်ရောင်ခြည်တိုင်းတာစက်ဖြင့် သိနိုင်ပါတယ်။ အလင်းထုတ်ပစ္စည်းတွေ ပြောင်းလဲဖို့ သို့မဟုတ် အိမ်ထဲမှာရှိတာတောင် အလင်းကာကွယ်ခြင်းတွေအတွက် လုပ်ဆောင်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    Repaglinide (ရီပါဂလီနိုဒ်)

    Repaglinide (ရီပါဂလီနိုဒ်)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Hlaing Min Ko Ko
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2018 . 7 mins read